မျောက်၊ သမင်၊ နဲ့ ဝက်ဝံ တွေဟာ ဦးဟာမာန်ကွေပူရဲ့ဘေးမှာ အမြဲရှိနေတဲ့ အဖော်တွေပါ။ မနက်လင်းအားကြီးအချိန်မှာ သေနတ်တစ်လက်ကို ပုခုံးပေါ်မှာထမ်းလို့ တိမ်တွေကိုထိနေသလား အောက်မေ့ရတဲ့ နာဂတောင်တန်းပေါ်က သစ်တောတွေဆီ ဦးတည်ပြီးသွားတဲ့အခါ သူ့ရဲ့အတွေးထဲမှာ ဒီအကောင်တွေကပဲ လွှမ်းမိုးနေပါတယ်။ မုဆိုးအနေနဲ့ ရပ်တည်လာတာ ဆယ်စုနှစ် ၃စု ကျော်လာပြီဖြစ်တဲ့ ဦးဟာမာန်ကွေပူဟာ တောရိုင်းတိရစ္ဆာန်တွေရဲ့ အလေ့အထတွေ၊ စိတ်သဘောတွေကို နားလည်ကျွမ်းကျင်သူ တစ်ဦးပါ။ ဘယ်အကောင်တွေက ဘယ်လမ်းကြောင်းတွေ သွားနေကျလဲ၊ ဘယ်သောက်ရေကန်ကို အနှစ်ခြိုက်ဆုံ:လဲ၊ စတာတွေပေါ့။ မြူခိုးတွေဆိုင်းနေတဲ့ တောထဲမှာ သစ်ပင်တွေကြားက အရိပ်တွေကိုကြည့်ရင်း၊ အသံမျိုးစုံကိုနားထောင်ရင်း ရက်တွေကြာသွားတာမျိုးလည်းဖြစ်တတ်ပါတယ်။
ဒီလိုတောထဲသွားတဲ့အခါမှာ တစ်ခါတစ်ရံအဖော်ပါပေမဲ့ များသောအားဖြင့် သူတစ်ဦးတည်းသွားလေ့ရှိပါတယ်။
ဦးဟာမာန်ကွေပူ နဲ့ သူ့မိန်းမဟာ ကလေး ၅ယောက် စားဝတ်နေရေးလုံလောက်ဖို့ အတွက် မကြာခင်ကာလကမှ စတင်ပြီး လယ်လုပ်ပါတယ်။ အဓိကက အသီးအရွက်တွေနဲ့ ဆန်စပါးစိုက်တာပေါ့။ ဒါပေမယ့် တောကောင်တွေ လိုက်၊ ရရင်ထမ်းပြီးအိမ်ကိုယူလာတဲ့ မုဆိုးဘဝဟာ သူတို့မိသားစုအတွက် အဓိကကျတဲ့ အရာတစ်ခုပါ။ သူ့ရဲ့ ရိုးသားတဲ့ သစ်သားအိမ်လေး အတွင်းမှာ ဒီတောကောင်တွေရဲ့ ဦးခေါင်းခွံတွေ၊ ဦးချိုတွေ၊ အောက်မေးရိုးခွံတွေ ဟာ နံရံတစ်လျှောက် အပြည့်ပါပဲ။
အသက်ရှင်နေတုန်းက လမ်းကြောင်းလွဲပြီး မုဆိုးရဲ့မြင်ကွင်းထဲကိုရောက်လာလို့ ဘဝတစ်ပါးပြောင်းသွားရတဲ့ တောကောင်တွေဟာ အိမ်နံရံပေါ်ရောက်တဲ့အခါမှာတော့ ပြန်ပြီးစောင့်ကြည့်သူတွေ ဖြစ်သွားတာပေါ့။
“အကောင်က အကုန်ပါတယ်။ တောင်ဆိတ်လဲပါတယ်။ ဆတ်လဲပါတယ်။ ဂျီ။ နောက်ပြီးတော့မှ တောဝက်ရှိတယ်။ ဝက်ဝံ။ မျောက်။ မရဘူးတာတော့မရှိဘူး။ ဒီခေါင်းတွေထဲမှာ အကုန်လုံးပါပြီးသား။ ဒီနယ်မြေမှာရှိတာကတော့ ကျွန်တော်မရဘူးတာမရှိဘူး။ အကုန်ရဘူးတယ်။” လို့ တန်းစီချိတ်ထားတဲ့ အရိုးတွေကို လက်ချောင်းတွေနဲ့ မထိတထိ ကိုင်ရင်းပြောပါတယ်။ အရိုးတွေတိုင်းမှာတွေ့ရတာကတော့ ကြိုးလေးနဲ့ချီထားတဲ့ ကြက်ဥ အခွံတွေပါပဲ။
“အဲဒီလို တစ်ကောင်ရပြီဆိုရင် ကြက်ဥနဲ့ပဲဖြစ်ဖြစ်၊ ကြက်ဖြစ်ဖြစ်၊ ဝက်ပဲဖြစ်ဖြစ် လုပ်ရတယ်။ နောက်မှာ (ဆက်)ရဖို့။ နောက်နောင် ဘာအကောင်ပဲဖြစ်ဖြစ် ရအောင်ဆိုပြီးတော့ ဆုတောင်းရတာပေါ့။ ချက်စားပြီး ပြုတ်စားပြီး ဒီလိုချိတ်ထားတယ်။ (ရတဲ့ တောကောင်) အကုန်နတ်တင်ရတယ်။ နတ်တင်တာက အိမ်ကိုပြန်ရောက်ရောက်ချင်း လုပ်ရတယ်။”
မီးလင်းဖို အရှေ့မှာ မိသားစုနဲ့ထိုင်ပြီး မေးခွန်းတွေကို လိုလိုလားလားနဲ့ ဖြေပေးတဲ့ ဦးဟာမာန်ကွေပူဟာ ဟာသစကားတွေပြောလွယ်၊ ရီလွယ်သူတစ်ဦးပါ။ အပြင်မှာတော့ မိုးကြီးလေကြီးကျနေပြီး ကောင်းကင်ကလည်း မှုန်မှိုင်းလို့နေတယ်။ အလင်းရဖို့နဲ့ အအေးသက်သာဖို့ မွှေးထားတဲ့မီးကနေ မီးခိုးတွေက တစ်လူလူထွက်ပြီး အိမ်နံရံတွေမှာ မည်းစေပါတယ်။ အိမ်လေးကတော့ နွေးထွေးပြီး သက်တောင့်သက်သာရှိနေတယ်။
“အသက် ၄၀ကျော်ပြီထင်တယ်။ သေသေချာချာမမှတ်မိဘူး။ မွေးစာရင်းမှ မယူတာကြီးကို။ အဲဒါမမှတ်မိဘူး။ စာမှမတတ်တာကို။ ကျောင်းမနေတဲ့အခါကြတော့။ (ဒီမှာပဲမွေ:) ဒီမှာပဲကြီးတယ်။ ငါတို့မပြောနဲ့ အဖိုးအဖွား တစ်သက်နှစ်သက်လောက်ရှိပြီနဲ့တူတယ်။ ဒီမှာ နေကြတာ။
“မုဆိုးဖြစ်လာတာကတော့ အသက်ကြီးတဲ့လူနောက်ကိုလိုက်ရင်းလိုက်ရင်းနဲ့ပဲ ဝါသနာပါသွားတာလေ။ အသက် ၁၅နှစ်လောက်ကစပြီး မုဆိုးလုပ်လာတာ။ အဲဒီအချိန်မှာ သူများနောက်လဲလိုက်တယ်။ ကိုယ်တစ်ယောက်တည်း လဲသွားတယ်လေ။ အရင်တုန်းက မုဆိုးလုပ်တဲ့သူတွေအများကြီးကိုး။
“ဒီနေ့လိုမျိုး တောထဲသွားမယ်ဆိုရင် ထမင်းဟင်းတွေ အစောကြီးချက်ထားရမယ်။ စားပြီးပြီဆိုရင် ယမ်း ဖြစ်ဖြစ်၊ သေနတ်ဖြစ်ဖြစ် ထမ်းမဲ့ဟာတွေပြင်မယ်။ နောက်ပြီးတော့မှ အိတ်တွေဘာတွေပြင်မယ်။ တစ်ခါတစ်လေ တစ်ညလုံးကိုမအိပ်ပဲနဲ့ ပစ္စည်းပြင်မယ်။ စားဖို့သောက်ဖို့ အဆင်သင့်လုပ်မယ်။
"နေ့တိုင်း တောထဲသွားခြင်တယ်။ ဒါပေမဲ့တစ်ခြားအလုပ်ရှိရင်သွားလို့မရဘူးလေ။ တစ်ရက်ခြားနေလောက်မှပဲသွားရတာကိုး။ အလုပ်ဆိုတာ ငါတို့ကတောင်ယာလည်း လုပ်တာကိုး။ ကလေးတွေများလာတဲ့အခါကြတော့ တောင်ယာမလုပ်ရင်မရဘူး။။ အခု ၁နှစ် ၂နှစ် လေးပဲရှိသေးတယ် တောင်ယာလုပ်တာ။
"မုဆိုးဆိုတာလည်း အကုန်လုံးမရမချင်း လိုက်မယ်ဆိုရင်ပေါ့။ ထမင်းမပါလည်း ငါတို့ကတောထဲအိပ်တာပဲ။
"ဆောင်းတွင်း နဲ့ နွေရာသီဆိုရင်တော့ သစ်ရွက်တွေလုပ်ပြီးတော့ပဲအိပ်တာပဲ။ ရေနဲ့မီးပါရင် ရတာပဲ။ မိုးတွင်းဆိုရင်တော့ တဲထိုးပြီးမှ၊ နေရာကောင်းကောင်းရှာပြီးမှပဲ နေရတယ်။ တဲက ရိုးရိုးပဲ။ ၁ ညအိပ်ဖို့၊ ၂ ညအိပ်ဖို့ပေါ့။
"အစတုန်းက ဂျီတွေဘာတွေပဲရတာကိုး။ နောက်မှ ကိုယ်လဲမုဆိုးနဲနဲကျွမ်းမှ အကောင်ကြီးလိုမျိုးနောက်လည်း နဲနဲရလာတာ။
ကိုယ်ကတတ်နိုင်တဲ့အချိန်ထိဆက်သွားမှာ။ ဆက်လုပ်နေတုန်းပဲ။
“ကလေးတွေကိုသင်တော့သင်ခဲ့ပေးမှာပေါ့။ လုပ်လားမလုပ်လားကတော့ သူ့အပေါ်မှာပေါ့။ သားက အသက် ၁၂ လောက်ရှိပြီ။ သူ့ထက်ကြီးတာ သမီး ၂ယောက်ရှိတယ်။သားကတစ်ခါတစ်လေတော့ လိုက်ချင်ရင် ကျွန်တော်နဲ့လိုက်တယ်။
"အကောင်ကတော့ရှားသွားပြီ။ လူလည်းတစ်အားများလာတာကိုး။ (အရင်တုန်းက) လူတိုင်း အကောင်မရတာမရှိဘူး။ အခုတော့ လူအရမ်းများတယ်။ အရင်လို မဟုတ်ဘူး
အနှစ်ခြိုက်ဆုံး၊ တန်ဖိုးအထားရဆုံး ပစ္စည်းတစ်ခုကိုပြပါလို့မေးတော့ ဦးဟာမာန်ကွေပူက နံရံပေါ်မှာချိတ်ထားတဲ့ ကြီးမားခံ့ညားတဲ့ ဆတ်ဂျိုကိုပြပါတယ်။
“(ရတာ) နှစ်နှစ်လောက်ရှိပြီ။
“ခြေရာခံပြီးတော့ပဲလိုက်တာ။ ရတဲ့အထိလိုက်တာ။ ညမှာ။ ရေငန်(တွင်း)ဆိုတာရှိတယ်။ ညတိုင်းလာတဲ့နေရာ။ ရက်ရွေးပြီးသွားစောင့်တာပေါ့။
"ဓါတ်မီးနဲ့ထိုးပြီးမှပစ်တာပေါ့။ ဓါတ်မီးထိုးတော့ ခဏတော့ ထွက်မပြေးပါဘူး။ ဒီကောင်ကြတော့ တစ်ချက်တည်းနဲ့ရတယ်။ အဲဒါက ကျွဲလောက်ရှိတယ်။ ဆောင်းတွင်းကြီးမှာရတာ။ ချမ်းတော့ချမ်းတယ်။
“ဆတ်ကတော့ တစ်နှစ်မှတစ်ခါရတာလည်းရှိတယ်။ သိပ်မပေါဘူး။ အသားကိုစားလည်းစားတယ်။ ရောင်းလည်းရောင်းတယ်။
"ဒီလိုဂျိုမျိုးရဖို့ခက်ပါတယ်။ အထီးမှပဲပါတာကိုး။ အမဆိုရင် ဂျိုမရှိဘူး။ အထီးမှာလည်း ကောင်းတဲ့ချိုသိပ်မရှိဘူး။
“အလှအတွက်ပဲထားထားတာ။ နောက်ထပ်ပြီးရပါစေလို့ထားတာလဲပါတာပေါ့။
"တောထဲသွားရင်တော့ ဘာအကောင်ပဲဖြစ်ဖြစ်ရဖို့ပဲစဉ်းစားနေတာ။ တွေတဲ့အကောင်ကိုပစ်မယ်။ ကိုယ်ရသင့်ရှိတဲ့ အကောင်ကိုပဲကြုံတာကိုး။ ။"
(၂၀၁၆ ဧပြီလတွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)