ချည်ကြိုးလေးတွေနဲ့ဘဝ

ချည်ကြိုးလေးတွေနဲ့ဘဝ

လဟယ်၊ နာဂဒေသ၊ စစ်ကိုင်းတိုင်း

ကြိမ်ခုံအနိမ့်လေးပေါ်မှာ ထိုင်နေတဲ့ မအသွေး ဟာ သူ့မျက်စိ ရှေ့မှာရှိတဲ့ ချည်ကြိုး အရောင်မျိုးစုံပေါ်မှာ အာရုံစူးစိုက်လို့ နေပါတယ်။ သူ့ရဲ့ သွယ်လျတဲ့ လက်လေးတွေကတော့ လက်ရက်ကန်းပေါ်မှာ လျင်မြန်စွာ လှုပ်ရှားနေပြီး၊ တချိန်တည်းမှာ ပဲ ဒီချည်ကြိုးတွေကို ပုဝါနှစ်ခု ဖြစ်လာအောင် ရက်လို့ နေတယ်။ စိတ်အာရုံ ခေတ္တခဏလွတ်သွားရင် ဒီအရောင် တောက်တောက် ကြိုးလေးတွေ ငြိသွားမှာကို အလွန် စိုးရိမ်နေပုံပဲ။   

မအသွေးရဲ့ ရက်ကန်းစင်လေးဟာ မြို့အစွန်မှာ ရှိပြီး အလုပ်ရုံ၊ ကုန်လှောင်ရုံ၊ စတိုးဆိုင်နဲ့ ဧည့်ခန်း အကုန်သုံးလို့ ရတဲ့ အခန်းလေးပါ။ နံရံပေါ်မှာတော့ မကိုရီ၊ ကွန်းညက်၊ မုန်းယွတ်နဲ့ လိုင်းနောင် စတဲ့ နာဂမျိုးနွယ်စု မျိုးစုံရဲ့ အရောင်အသွေး အရရော၊ တန်ဖိုးထားရတဲ့ သင်္ကေတများပါ ကွဲပြားတဲ့ ရိုးရာစောင်၊ ပဝါနဲ့ ဝေ့စကုတ် (အပေါ်ထည်) တွေ အပြင် ရိုးရာဆွဲကြိုးနဲ့ ပုတီးတွေ ချိတ်ထားပါတယ်။ မအသွေးရဲ့ ကလေးတွေက တစ်ခါတလေ အခန်းထဲကို ပြေးဝင်လာပြီး သူတို့ ဆော့ကစားနေကြောင်း လာပြောပါတယ်။ ကြမ်းပြင် ကျဉ်းကျဉ်းလေးပေါ်မှာ အခြားအမျိုးသမီးတစ်ဦး ကလည်း စောင်တွေကြားမှာ ထိုင်ပြီး ကတ္တီပါလို တောက်ပနေတဲ့ အနီရောင် ပုဝါတစ်ခုကို ရက်နေပါတယ်။မအသွေးဟာ မြို့ပေါ်က အမျိုးသမီးတွေကို ရက်ကန်းရက်နည်း သင်ပေးပြီး သူတို့ရဲ့ ပစ္စည်းတွေကို သူ့ဆိုင်လေးမှာ ပြန်တင်ပေးရင်းနဲ့ အပိုဝင်ငွေ ရအောင်လည်း ကူညီပေးနေပါတယ်။

ရောင်စုံချည်များ

“ရက်ကန်းရက်တဲ့ လုပ်ငန်း လုပ်နေတာ ကြာပြီ။ ၁၀ နှစ်လောက် ပြည့်ခါနီးပြီ။ ငယ်ငယ်တုန်းကတည်းက ရက်တာ။ အသက်က ဒီနှစ်ဆို ၃၀ ပြည့်ပြီ”

“အမေတို့၊ အဒေါ်တို့လည်း ရက်ကန်းလုပ်တယ်။ အဖိုးအဖွားတွေ ခေတ်မှာလည်း သူတို့လည်း လုပ်တယ်။ အရင်တုန်းက ဆိုရင်တော့ အဲဒီလို ခုတ်ပြီးမှ သူတို့ ဝတ်တာ။ အမေနဲ့ အဒေါ်တွေ ရက်တာကို ကြည့်ပြီးမှ လိုက်လုပ်တာ။ အဲဒီမှာ တတ်သွားတာ”

“ကျွန်မက ကွန်းညက် အုပ်စုကပါ။ ကောနယ်ကနေ လာခဲ့တာ။ ဒီကနေ ဆိုင်ကယ်နဲ့ ဆိုရင် တစ်ရက်နဲ့ ရောက်တယ်။ ခြေကျင်နဲ့ ဆိုရင် ၄၊ ၅ ရက် ကြာတယ်။ ဒီရောက်တာတော့ ၂၀ ကျော်၊ ၂၁ နှစ်လောက် ရှိမှာပေါ့၊ ကျောင်းလာတက်တာ။ ၄ တန်းအထိ ရွာမှာနေပြီးတော့ ၅ တန်းဒီမှာ လာတက်တာ။ အိမ်ထောင်ကျပြီး ဒီမှာပဲ နေတာ။ အမျိုးသားကလည်း ရွာကပဲ။ တစ်ရွာတည်းတော့ မဟုတ်ဘူး။ ဒီမှာတွေ့တာ”

“အခုရက်နေတဲ့ ဒီပုဝါကတော့ မကိုရီနာဂ။ တဘက်ပတ်ဖို့ပေါ့။ နာဂလူမျိုးထဲမှာကို ပုံစံကွဲတယ်” “ကွန်းညက်ထဲမှာတောင်မှ အမျိုးမျိုးပဲ ရှိတယ်။ အမျိုးသားတွေ ခြုံတဲ့ဟာက သတ်သတ်စီ။ အမျိုးသမီးတွေက သတ်သတ်စီ။ အခုခတ်မှာလည်း အမျိုးသားတွေ ခြံုတဲ့ဟာ အမျိုးသမီးတွေ မခြုံရဘူး”

“ပွဲလမ်းသဘင်တွေမှာ ကကြတယ် ဆိုရင် အဲဒီလို ဝတ်ရတာ၊ ကရတာ။ အခုဒီပုံစံဆို အမျိုးသားတွေ ဆွဲတဲ့ ဆွဲကြိုး၊ ပြီးရင် သေနတ်၊ လှံပုံစံရယ်၊ ဦးထုပ်ရယ် ပါတယ်။ ဒါဆိုရင် အမျိုးသားတွေပဲ ခြုံရတယ်”

ကွန်းညက် ရိုးရာပုဝါကို ကိုင်ထားသော အသွေး

“ဒီပုဝါအဖြူပဲ။ အကြိုက်ဆုံးပဲ။ ကွန်းညက်အမျိုးသမီး အတွက်။ ရက်ထားတာမှာ ပါတာက အဖိုးအဖွားခေတ်က ရက်စွဲတွေကို ရေရင် ကြိုးနဲ့ ရေရတယ် တဲ့။ အဲဒါကြောင့်မို့ အဲဒီပုံစံချည်ထားတာ တဲ့။ အခုလိုမျိုး ပြက္ခဒိန် ဘာညာ မရှိဘူး ဆိုတော့ တစ်ရက် နှစ်ရက် ရေဖို့ကို ကြိုးကို သုံးရတာ။ တနင်္ဂနွေ ဆိုရင် ကြိုးတစ်ပုံစံ။ အဲဒီလိုမျိုး သူတို့က ရက်စွဲပုံစံ လုပ်ထားတာလို့ ပြောတယ်။ ဘယ်နှစ်ရက် ကြာမှ လာခဲ့မယ် ဆိုတော့ အဲဒီလိုမျိုး လုပ်ရတာတဲ့” “ဒီဟာကတော့ သူတို့ ပြောတာကတော့ အဖိုးတွေ အဖွားတွေခေတ်က ဝါကွမ်းတွေ စိုက်တဲ့ အကွက်ပုံစံမျိုး လုပ်ထားတာ”

နာဂ ဆွဲကြိုးများ

အသွေး၏ အလုပ်ခန်းထဲမှ ထိုင်ခုံနှင့် ရက်ကန်းစင်

“လာသင်တဲ့ လူတွေလည်း ရှိတယ်။ ၁၀ ယောက်ကျော်လောက် ရှိတယ်။ ဒါပေမယ့် ကိုယ့်အိမ်မှာ ကိုယ် ရက်ကြတာပေါ့။ ကျွန်မက တစ်ခါတည်း သူတို့ကို အပြတ် မပေးနိုင်ဘူး ဆိုရင် ကိုယ့်အိမ်မှာ ရက်တာပေါ့။ တစ်ခါတစ်လေ ယက်ပြီးရင် လာပေးပြီး ဒီမှာ ရောင်းပေးတယ်” 

“ဝယ်တာကတော့ အကုန်လုံး ဝယ်ကြတာပဲ။ မြန်မာရော၊ နာဂရော။ ရိုးရာပွဲဆိုရင်၊ ပွဲလမ်းသဘင် ရှိရင်တော့ ပိုဝယ်တယ်”

“ရိုးရာပစ္စည်း ဆိုတော့ တစ်ခါတစ်လေမှ လာဝယ်ကြတယ်။ မင်္ဂလာဆောင်တယ် ဘာညာ ဆိုရင်လည်း ယူကြတယ်။ ပြီးရင် မိဘကို ကန်တော့တာ ဆိုရင် နာဂစောင်တွေ ကန်တော့တယ်”

“အဲဒီ အချိန်ကျရင် ရောင်းဖို့တောင် မရှိတော့ဘူး။ စက်နဲ့လုပ်တာ မဟုတ်ဘူးလေ။ ရိုးရာဆိုတော့”

 

(၂၀၁၆ ဧပြီတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)