လေတံခွန်ပုံပြင်များ အကြောင်း

ဆယ်စုနှစ်များစွာမှာ အသံတိတ်ခဲ့ရတဲ့ သာမန်ပြည်သူလူထုတွေရဲ့ အမှတ်သညာတွေကို ဒီဝက်ဆက်က မှတ်တမ်း တင်ထားတာပါ။ မြန်မာနိုင်ငံဟာ ပိုမိုပြီး တန်းတူညီမျှတဲ့ အနာဂတ်တစ်ခုဆီ ဦးတည် လျှောက်လှမ်းနေချိန်မှာ ရေးမှတ်ထားတဲ့ လျှပ်တစ်ပြက် သမိုင်းပါပဲ။ 

ကျွန်မတို့ဟာ မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ နှစ်ဦးပါ။ သာမန် ပြည်သူလူထုရဲ့ အမှတ်သညာတွေကို မျှဝေခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ မတူကွဲပြားခြားနားတာတွေကို ဂုဏ်ယူတတ်လာတဲ့ အပြင် တူညီတဲ့ အတွေးအခေါ်တွေ အတွေ့အကြုံတွေလည်း ဖလှယ်နိုင်ပြီး တန်ဖိုး မဖြတ်နိုင်လောက်အောင် အရေးကြီးတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ကြမလဲ ဆိုတဲ့ ဆွေးနွေးမှုလည်း ပေါ်ပေါက်လာစေလိုတဲ့ ဆန္ဒရှိပါတယ်။ 

လေတံခွန်ပုံပြင်များ စတင်ရခြင်းရဲ့ စိတ်ကူးအကြောင်း ပြောရမယ် ဆိုရင်တော့ ကျွန်မတို့ ပထမဦးဆုံး အင်တာဗျူးလုပ်ခဲ့သူ တစ်ဦးရဲ့ စကားကို သွားသတိရမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ရဲ့ ဆန္ဒကို သူ့စကားက ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်လို့ပါပဲ။ 

“သမိုင်းစစ်စစ်တွေ အများစုက ပြည်သူတွေကြားမှာပဲ ရှိတာပါ” − ဦးအောင်စိုးမင်း၊ ပန်းဆိုးတန် ပန်းချီပြခန်း၊ ရန်ကုန်။ 

စစ်အာဏာရှင်ရဲ့ လက်အောက်မှာ နှစ်ရှည်လများနေလာခဲ့ရတဲ့ မြန်မာနိုင်ငံမှာ သာမန်ပြည်သူလူထုရဲ့ အသံတွေ တိတ်ခဲ့ရ ပါတယ်။ အဲဒီ တိတ်ဆိတ်နေတဲ့ နေရာလပ်ကို ကျွန်မတို့ တင်ပြထားတဲ့ ပုဂ္ဂိုလ်ရေး ပုံပြင်တွေက စတင်ပြီး တဖြည်းဖြည်းနဲ့ ပြည့်လာဖို့ ရည်ရွယ်ပါတယ်။ 

“လေတံခွန်ပုံပြင်များ” ရယ်လို့ အကောင်အထည် ဖော်ဖြစ်မယ် လို့ မသိခင် အချိန်ကတည်းက ကျွန်မတို့ ဒီအကြောင်းကို စပြော ဖြစ်ခဲ့ကြပါတယ်။ ခေါက်ဆွဲဆိုင်တွေက အလ္လပသလ္လာပ ကအစ နေရောင်အောက်က စပါးခင်းတွေထဲက လေးနက်တဲ့ အတွေးတွေ အဆုံး၊ သူ မတူတဲ့ ဘဝတွေ၊ ခေတ်တွေ၊  အတွေ့အကြုံတွေ ကို ကြံ့ကြံ့ခံပြီး နေထိုင်လာတဲ့ သာမန်ပြည်သူတွေ အများအပြား မြန်မာနိုင်ငံမှာ ရှိတယ် ဆိုတာကို သိမြင်ခဲ့ပါတယ်။ 

အလွန်အရေးပါတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ အကြောင်းကို အဓိကထားပြီး ဦးစားပေးခဲ့တာဟာ မမှားပါဘူး။ ဒါပေမယ့် သာမန်အသံတွေက တိုးပေါက်ဖို့ မလွယ်ခဲ့ ပါဘူး။ ဒီပုံပြင်တွေဟာ သတင်းအချက်အလက်တွေကို ပိတ်ဆို့တဲ့၊ အိမ်နီးနားချင်းတွေကို သူစိမ်းတွေ ဖြစ်အောင်လုပ်ခဲ့တဲ့၊ အရေးကြီးတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို လျစ်လျူရှုခဲ့တဲ့ စစ်၊ နိုင်ငံ ၂ နိုင်ငံရဲ့ လက်အောက်နဲ့ စစ်အာဏာပိုင် လက်ထက် ကြားကနေ ထွက်ပေါ်လာတဲ့ အချစ်၊ အလွမ်းနဲ့ ခံနိုင်ရည်စွမ်း ဇာတ်လမ်းတွေပါ။ 

အခုတော့ ခေတ်က အမြန်ပဲ ပြောင်းလဲနေပါပြီ။ 

မြန်မာနိုင်ငံဟာ သမိုင်းဝင်တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲ အနေနဲ့ ပိုမိုပြီး တန်းတူညီမျှတဲ့ အနာဂတ် တစ်ခုဆီ ဦးတည် လျှောက်လှမ်းနေချိန်မှာ သမိုင်းကို ရေးသားရာမှာ လူတိုင်းပါဝင်နိုင်ဖို့ အတွက် ရှားရှားပါးပါး အခွင့်အလမ်းကောင်း တစ်ခုလို့ ကျွန်မတို့ ထင်မှတ်မိပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ မတူကွဲပြားခြားနားတာတွေကို ဂုဏ်ယူရန်နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း ဆွေးနွေးတင်ပြချင်ပါတယ်။

အဲဒီအတွေးနဲ့ပဲ ကျွန်မတို့ရဲ့ အချိန်ပြည့် အလုပ်ကနေ ခွင့်ယူ၊ ဒီလုပ်ငန်း စတင်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေး အထောက်အပံ့ကို ချေးငှား တောင်းပန်ပြီး မဖြစ်ဖြစ်အောင် စတင်ခဲ့တာပါ။ 

မန္တလေးတောင်ပေါ်မှ ကယ်လီ နှင့် သင်း ၊ ဧပြီ ၂၀၁၆

မြန်မာပြည်ဟာ သင်းလဲ့ဝင်းရဲ့ မွေးမြေဇာတိ ပါ။ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ သူမဟာ သူ့မရဲ့ နိုင်ငံတကာ သတင်းထောက် သက်တမ်း တစ်လျှောက်မှာ မြန်မာနိုင်ငံနဲ့ မကင်းကွာခဲ့ပါ။  ရိုက်တာ (Reuters) သတင်းဌာနရဲ့ အကျိုးအမြတ် မယူတဲ့ သော်မဆင်ရိုက်တာဖောင်ဒေးရှင်းမှာ လူသားချင်း စာနာထောက်ထားမှု သတင်းတွေကို အဓိက ထားရေးသားပြီး နှစ်ရှည်လများ နိုင်ငံရပ်ခြားမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ မြန်မာပြည်ကို ပြန်လာပြီး မြန်မာနောင်း (Myanmar Now) သတင်းဌာနကို တည်ထောင်ခဲ့ပါတယ်။

ကယ်လီမက်နမာရာ ကတော့ ပြင်သစ်အခြေစိုက် အေအက်ဖ်ပီ သတင်းဌာနရဲ့ မြန်မာနိုင်ငံရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဦးဆုံး နိုင်ငံခြားသား သတင်းအယ်ဒီတာ ဖြစ်ပြီး ရန်ကုန်မြို့မှာ ၂၀၁၄ ကတည်းက ရုံးထိုင်ခဲ့ပါတယ်။ ပြည်တွင်း သတင်းထောက်ကောင်းတွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ အကြောင်း ရေးသားနေတာ ၆ နှစ် ကျော်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ သာမကပဲ လူမှုရေးနဲ့ ယဉ်ကျေးမှု အကြောင်းတွေကိုပါ ရေးသားခဲ့ပြီး ပုံနှိပ်နဲ့ အသံလွှင့် သတင်း အတွေ့အကြံု ၁၀ နှစ်ကျော် ရှိပါတယ်။ 

မြန်မာဘာသာ ပုံပြင်တွေကို တည်းဖြတ်ပေးသူကတော့ ကိုနိုင်စွမ်းဖြစ်ပြီး အဲစာဝါနဲ့ သူငယ်ချင်းများက အသံဖိုင်တွေကိုဖြည်ပေးကြပါတယ်။ 

The Kite Tales (လေတံခွန်ပုံပြင်များ) လို့ခေါ်ရတဲ့ အကြောင်းရင်းကို သိချင်ရင်တော့ မြန်မာနိုင်ငံရဲ့ မြေပုံကိုသာ ကြည့်လိုက်ပါ။ စိန်တုံး တစ်တုံး ပုံစံ ရှည်မျော ချွန်ထွက်နေတဲ့ မြောက်ဖျားပိုင်း ကချင်ပြည်နယ်ကနေ ပိန်သွယ်သွယ် တောင်ပိုင်းက တနင်္သာရီအထိ တည်ရှိနေတဲ့ မြန်မာနိုင်ငံ မြေပုံက လေတံခွန် (သို့မဟုတ်) စွန် ပုံသဏ္ဍာန်မျိုး ဖြစ်နေတယ် မဟုတ်ပါလား။ 

ကျွန်မတို့ဟာ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖြားတဲ့ နေရာတွေကို လှေတတန်၊ ဆိုက်ကယ်တတန်၊ ကားတတန်၊ လေယာဉ်ပျံနဲ့ တဖုံ တတ်နိုင်သလောက် သွားခဲ့ရပါတယ်။ ဒါပေမယ့် လူတိုင်းကို မေးမြန်းခဲ့ဖို့ မဖြစ်နိုင်တာကြောင့် မေးမြန်းသင့်တဲ့ မေးမြန်းရမယ့်သူကို ရှာဖွေ ရွေးချယ်ရပါတယ်။ သူတို့ရဲ့ ဖြတ်သန်းခဲ့ရမှု၊ လက်ရှိ အနေအထား၊ နောက်ပြီး မှတ်တမ်း တင်သင့် မတင်သင့် ဆိုတဲ့ အချက်တွေကို ကျွန်မတို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစား ရွေးချယ်ရပါတယ်။

တဖန် တွေ့ဆုံမယ့် သူတိုင်းကို တတ်နိုင်သမျှ သုတေသနပြု လေ့လာကြရတဲ့ အပြင် သူတို့ကို မေးမြန်းတဲ့အခါမှာလည်း အနည်းဆုံး တစ်နာရီကြာပါတယ်။ တစ်ချို့ဆိုရင် ဒီထက်ပိုကြာတတ်ပါတယ်။ ပြီးတော့ တွေ့ဆုံမေးမြန်း ခဲ့တဲ့ ဒီ အင်တာဗျူးတွေကို ပြန်လည်တင်ပြရာမှာလည်း ကျွန်မတို့ မှတ်မိ သတိထားမိတဲ့ အခြေအနေ တချို့နဲ့ အင်တာဗျူးမှာ ပါ၀င်တဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေနဲ့ပါ ဆီလျော်လိုက်ဖက်အောင် တည်းဖြတ် တင်ပြထားပါတယ်။ 

ကျွန်မတို့ အင်တာဗျူးလုပ်ခဲ့သမျှ လူတွေ အားလုံးဟာ သူတို့အနေနဲ့ လူမျိုးစု တစ်စုတခုလုံးကို၊ အခြေအနေ တစ်ရပ်လုံးကို ကိုယ်စားပြုပြောနေတာလို့ မယူဆဘဲ သူတို့ တစ်ဦးချင်းစီရဲ့ သီးခြား အမှတ်သညာတွေ၊ သီးခြား သမိုင်းလက္ခဏာတွေကို ပြောပြ နေတယ် လို့ ရှုမြင်စေချင်ပါတယ်။ 

ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့  မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးစု အသီးသီးရဲ့ ဘဝ ဖြတ်သန်း ဖြစ်တည်မှုတွေကို တင်ပြရာကနေ ကွဲပြားခြားနားမှုကို နားလည် အားပေးဖို့၊ မသိကျိုးကျွန်ပြု ခံနေရတဲ့ သူတို့ရဲ့ ပကတိ ရင်ဖွင့်သံကို သိမြင်ပြီး အချင်းချင်း လေးစား အားထားစိတ် ပေါ်လာဖို့နဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို အားပေး ထောက်ကူ ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။