ဦးစိန်မောင်နဲ့ ကျွန်မတို့ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းလောက်က တွေ့တော့ သူ့ရဲ့ အိမ်ဟာ ရန်ကုန်မြို့လယ် လူစည်ကားတဲ့ လမ်းတစ်လမ်းပေါ်က ၁၁ ထပ်တိုက်ကြီးရဲ့ မြေညီထပ် လှေကားအောက်က မှောင်မှောင်မည်းမည်း အခန်းကျဉ်းလေးမှာ ပါ။ တိုက်ကြီးရဲ့ အစောင့်လည်း ဖြစ်၊ လုံခြုံရေးဝန်ထမ်းလည်း ဖြစ်၊ ပြုပြင်ထိန်းသိမ်းသူလည်း ဖြစ်တဲ့ အတွက် တစ်နေ့တစ်နေ့ သူ့အလုပ်က အတော်များပါတယ်။ ရောက်လာတဲ့ ဧည့်သည့်တွေကို လမ်းညွှန်ရတာ၊ တိုက်ပေါ်မှာ ရှိတဲ့ အိမ်တွေနဲ့ ရုံးတွေ အတွက် ဟိုဟာ၊ ဒီဟာ လိုက် လုပ်ပေးရတာ၊ တစ်ပတ်မှာ တစ်ခါလောက် ပျက်တက်တဲ့ ဓာတ်လှေခါးရဲ့ စက်ကို မတောက်တခေါက် ပြင်ရတာ၊ စသည်ဖြင့် တောက်တိုမယ်ရ အစုံပါပဲ။
အလုပ် မပေါ်သေးတဲ့ အချိန်ဆိုရင်တော့ ပေါက်ပြဲနေပြီ ဖြစ်တဲ့ ဝါးဖြာကလေးပေါ်မှာ ရာသီဥတုဒဏ်၊ လောကဓံကို နှစ်ရှည်လများ ခံယူခံစားခဲ့ရတဲ့ ပိန်လှီလှီသူ့ရဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့ ထိုင်နေရင်း ဖြတ်သန်းသွားလာသူတွေကို ငေးမောကြည့်လို့ အချိန်တွေကို ဖြတ်သန်းနေရတတ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်ရာစုတစ်စု အတွင်း ရန်ကုန်မြို့မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အရမ်းပေါများလာပြီး အိမ်တွေဖြို၊ တိုက်တွေ ပြန်ဆောက်တာ အရမ်း များပြားလာတဲ့ နောက်မှာ ဦးစိန်မောင်တို့လိုမျိုး တိုက်အစောင့်တွေဟာ မြို့တွင်း တစ်လျှောက် ပြွတ်ကျပ်နေတဲ့ တိုက်တွေမှာ တွေ့မြင်နေကျ ဖြစ်လာပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဘဝဟာ တစ်ကယ်တော့ အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်း၊ မြို့တစ်မြို့ကနေ တစ်မြို့ကို ပြောင်းနဲ့ ယာယီဆန်လွန်းလှပါတယ်။
“အဘက တိုက်စောင့် အလုပ်ကိုလုပ်တယ်။ ဒီနေရာမှာပဲ နေ၊ ဒီနေရာမှာပဲ စား၊ ဒီနေရာမှာပဲ အိပ်။ အဘဆီမှာ ခြင်ထောင်တစ်လုံး၊ ခေါင်းအုံးတစ်လုံး၊ စောင်တစ်ထည် နဲ့ အဝတ်အစားတချို့ ပါတဲ့ အိတ် တလုံး ရှိတယ်။ တခြား ဘာပိုင်ဆိုင်မှုမှမရှိဘူး
“ဒီအလုပ်ကိုလုပ်နေတာ အခုဆို ၁ နှစ်နဲ့ ၈ လရှိပြီ။ ပုံမှန် မနက် ၇ နာရီကနေ ညနေ ၇ နာရီ လုပ်ရင် (တစ်လကို) ကျပ် ၆၀၀၀၀ ရတယ်
“အဘကတော့ ၂၄နာရီ စလုံးလုပ်တော့ တစ်လကို ကျပ် ၁၂၀၀၀၀ (အမေရိကန် ဒေါ်လာ ၁၀၀) ရတယ်။ အဘ တပ်ထဲမှာရှိတုန်းက စက်ကလေးတွေ၊ မော်တာလေးတွေ ဘာတွေ ပြင်တတ်တော့ ဒီမှာလည်း အဲဒီလို ပြင်တာလည်းလုပ်တယ်
“တိုက်ရဲ့ ခေါင်မိုးပေါ်က ရေတိုင်ကီကို ဆေးရတဲ့ အချိန်ကြရင် အဘ ရေချိုးတယ်။ အဲဒီတော့ နေ့တိုင်း ရေချိုးလို့မရဘူး။ ကျန်တဲ့အချိန်တွေမှာ ရေချိုးချင်၊ အပေါ့အပါးသွားချင်ရင် ဘူတာရုံကိုသွားတယ်
“ပင်ပန်းတယ်။ ဒီအလုပ်က ထွက်မလားလို့ စဉ်းစားနေတယ်။ တစ်ခုခုဆိုရင် အဘခေါင်းပေါ်ကျတယ်။ ဓာတ်လှေကားပျက်တာ အဘနဲ့မဆိုင်ဘူး၊ အဘ မသိဘူး။ ပညာရှင်ခေါ်ပေးရမှာပေါ့။ ဒါပေမယ့် မရဘူး။ တစ်ခါတစ်လေ အဘကို အမေ၊ အဖေ ကိုင်ဆဲခံရတယ်”
“အဘက အသက်၄၈နှစ် ရှိပြီ။ အရှေ့သွားတွေမရှိတော့လို့ ဒီထက်အသက်ပိုကြီးတယ်လို့ထင်နေရတာ
“အဘရဲ့ဇာတိက စစ်တွေပါ။ ဒါပေမယ့် အသက် ၁၅နှစ် ကတည်းက ထွက်လာခဲ့တာ။ အမေက ကလေးမွေးရင်းနဲ့ ဆုံးပါးသွားခဲ့တယ်။ အဖေကတော့ အဘ ၁၀နှစ် သားမှာပဲ သွေးလွန်တုပ်ကွေးနဲ့ ဆုံးသွားတယ်။ အဘက အိမ်ထောင်လည်း မပြုခဲ့တော့ တခြား မိသားစု ဘယ်သူမှ မရှိဘူး
“အဘ စစ်သားဘဝနဲ့ ၈နှစ် တောင်ကြာခဲ့တာ။ ရှေ့တန်းက တပ်တွေကို ရိက္ခာပို့ပေးတဲ့ အဖွဲ့ထဲမှာလုပ်ခဲ့တာ။ အတော်လေး ရုံးကန်ခဲ့ရတယ်
“တပ်ကထွက်လာပြီး ၁၈နှစ် လောက်က လယ်သမားဘဝ နဲ့နေလာတာ။ ဒါပေမယ့် လယ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ ကိုယ်ကလည်း အသက်ကြီးလာပြီဆိုတော့ ရန်ကုန်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်
“အဘ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးရှိတာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက အဘရဲ့ မှတ်ပုံတင်ကတ်ပြားလေးပဲ။ အားလုံးထဲမှာ တန်ဖိုး အရှိဆုံး အရာဘဲ။ ခရီးသွားချင်တယ်။ အလုပ် လုပ်ချင်တယ် ဆိုရင် သူမရှိရင် မဖြစ်ဘူး
“အဘမှာ မိသားစုသာ ရှိလို့ကတော့ အဘ အခုလို အခြေအနေမျိုးကို ရောက်နေမှာမဟုတ်ဘူး။ ဘုရားသွားတိုင်း အဘကဆုတောင်းတယ်... "နောင်ဘဝတွေမှာ မိသားစုရလိုပါ၏"လို့။ ။”
*ဦးစိန်မောင်နဲ့ နိုဝင်ဘာ ၂၀၁၅ မှာ တွေ့ဆုံ မေးမြန်းခဲ့ပါပြီး လအနည်းငယ် အတွင်းမှာပဲ ဦးစိန်အောင်ဟာ အလုပ်က ထွက်သွားပြီး ဆက်သွယ်ရမယ့် လိပ်စာ မထားခဲ့ပါဘူး။*
မှတ်ပုံတင်နဲ့ ပတ်သက်တဲ့ အချက်အလက်များ − မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့၊ ခရီးသွားလာဖို့ အတွက် အများစုမှာ မှတ်ပုံတင်က မလွဲမသွေ လိုအပ်ပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံက လူဦးရေ ၁၁ သန်း (စာရင်းကောက်ခံရသူ ၂၇ ရာခိုင်နှုန်း) ဟာ မှတ်ပုံတင် မရှိပါဘူး။ တိုင်းရင်းသားဒေသတွေမှာ ဆိုရင် ဒီလို စာရွက်စာတမ်း မရှိသူ ဦးရေက အခြား ဒေသတွေထက် ပိုပြီးများပါတယ်။ ကရင်ပြည်နယ်မှာ ဆိုရင် ၄၀ ရာခိုင်နှုန်းက ဒီလို စာရွက်စာတမ်းတွေ မရှိကြပါဘူး။