လုံခြုံမှုပေးတဲ့ နေရာ

လုံခြုံမှုပေးတဲ့ နေရာ

ထားဝယ်၊ တနင်္သာရီ

ကွန်ကရစ် အုတ်နံရံတွေ ၀န်းရံထားတဲ့၊ အကြမ်းဖက်ခံ အမျိုးသမီးတွေကို လုံခြုံမှုပေးတဲ့ “ဆေ့ဖ်ဟောက်စ်” အိမ်လေး အတွင်းမှာ ထိုင်ရင်းနဲ့ မလွင်လွင်အေးဟာ အဲဒီအိမ်ကို ရောက်လာတဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေ အကြောင်း၊ မြန်မာနိုင်ငံမှာ အမျိုးသား၊ အမျိုးသမီး ခွဲခြားဆက်ဆံခံနေရတဲ့ အစဉ်အလာအကြောင်း၊ ပြီးတော့ သူ့မိသားစုရဲ့ တင်းကျပ်တဲ့ တောင်းဆို စေခိုင်းမှုကို ဆန့်ကျင်လုပ်ဆောင်ခဲ့တဲ့ အကြောင်းတွေကို တိုးတိတ်ညင်သာပေမယ့် စိတ်အား ထက်သန်မှု အပြည့်ရှိတဲ့ လေသံနဲ့ ပြောပြပါတယ်။ 

မြန်မာနိုင်ငံဟာ ပထမဦးဆုံး အမျိုးသမီး နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိနေပေမယ့် မိသားစု၊ လူမျိုးစုတွေ ဦးဆောင်တဲ့အခါမှာ ယောက်ျားတွေကိုပဲ အမြဲတမ်း ထိပ်မှာတင်တဲ့ လူမှုအသိုင်းအဝန်း ဖြစ်ပါတယ်။ 

သမီးမိန်းကလေး မွေးတာထက် သားယောက်ျားလေး မွေးတာကို ပိုပြီး လိုချင်ကြ သလို သားယောက်ျားတွေရဲ့ ဘုန်းကံ ဟာ သမီးမိန်းကလေးတွေရဲ့ အဝတ်အစားနဲ့ သားယောက်ျားတွေရဲ့ အဝတ်အစားနဲ့ အတူတူ လျှော်ဖွတ်တာတောင် မလုပ်ရ ဆိုတဲ့ အယူသည်းမှု အောက်မှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမို နိမ့်ပါးစေတာတွေ နေရာတကာမှာ တွေ့နေရပါတယ်။ 

အမျိုးသမီးတွေ ဘယ်လို ယောကျာ်းယူရမယ်၊ ကလေးဘယ်တော့ ယူရမယ် ဆိုတဲ့ တရားဥပဒေတွေ ရှိနေပမယ့် အကြမ်းဖက် မခံရအောင် ကာကွယ်ပေးတဲ့ ဥပဒေတော့ မရှိသေးပါဘူး။ 

ဒါတွေကို တရားမျှတမှု မရှိဘူးလို့ ထင်တဲ့ မလွင်လွင်အေးဟာ အသက် ၂၁ အရွယ်မှာပဲ ထားဝယ်မြို့နယ် တဝိုက်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပံ့ပိုးပြီး ထောက်ခံအားပေးသူ တစ်ယောက်ဖြစ်လာပါတယ်။ သတို့သား ဘက်က သတို့သမီးကို အသွင်းပစ္စည်းဥစ္စာ တင်တောင်ပြီးပေးရတဲ့ အလေ့အကျင့်ဟာ ထားဝယ်မှာ အခုအချိန်ထိ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံထဲက ဒီလိုအလေ့အထရှိတဲ့ ဒေသတွေ ရှားပါးပါတယ်။ 

ထားဝယ်အမျိုးသမီးသမဂ္ဂက ဖွင့်ထားတဲ့ ဒီ အိမ်ဟာ ပထမ ၁ နှစ် အတွင်းမှာပဲ အကြမ်းဖက်မှုက ထွက်ပြေးလာတဲ့၊ မုဒိမ်းအကျင့်ခံရတဲ့၊ လူကုန်ကူးခံရတဲ့ စတဲ့ အမျိုးသမီးနဲ့ ငယ်ရွယ်သူ မိန်းကလေး ၁၀ ဦးကို ခိုကိုးရာ ပေးနိုင်ခဲ့ပါတယ်။ 

ဧည့်ခန်းမှာ ပစ္စည်းပစ္စယ သိပ်မရှိလို့ ခြိုးခြံချွေတာတဲ့ နေရာလို့ အမြင်ရစေ ပါတယ်။ ဒါပေမယ့် အဝတ်လှန်းကြိုးပေါ်က အရောင်မျိုးစုံနဲ့ အင်္ကျီတွေ၊ အလှပြင် ပစ္စည်းတွေထည့် ထားတဲ့ ပလတ်စတစ်ဘူးတစ်ဘူး၊ ထောင့်တစ်နေရာမှာ ထောင်ထားတဲ့ ဂစ်တာတစ်လက်ကို တွေ့ရပါတယ်။ 

နေရောင်ခြည်က အိမ်တံခါးရှေ့က သံတိုင်တွေကြားကို ဖြတ်ပြီး ဖြာကျနေပါတယ်။ 

အိမ်တွင်း အကြမ်းဖက်မှုတွေ အပြင် ထားဝယ် အမျိုးသမီးသမဂ္ဂဟာ မုဒိမ်းအကျင့်ခံရတဲ့၊ လူကုန်ကူး ခံရတဲ့၊ အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရလာတဲ့ အမျိုးသမီးငယ်တွေ၊  ပြီးတော့ အိမ်က ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ဥပဒေအရရော အခြားနည်းနဲ့ပါ အကူအညီ အထောက်အပံ့ ပေးပါတယ်။

မထင်မှတ်တဲ့ တွေ့ဆုံမှု တစ်ခုကြောင့် မလွင်လွင်အေး အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဖြစ်လာတာပါ။ ဒီလုပ်ငန်းတွေဟာ အမျိုးသမီးငယ်တွေ အတွက် မသင့်တော်ဘူးလို့ လူတွေက အခုချိန်အထိ ထင်မှတ်နေကြဆဲပါ။ 

ငယ်ငယ်ကတည်းက မလွင်လွင်အေးဟာ ဥပဒေကိုလေ့လာပြီး ရှေ့နေဖြစ်ချင်သူပါ။ 

“(အမေ) က မလွှတ်ဘူး။ ရှေ့နေ ဆိုတာတဲ့ ကျောင်းဆရာမတောင် လုပ်လို့ မရဘူးတဲ့။ အဲသလိုမျိုး ပြောတယ်ပေါ့နော်။ ကျောင်းဆရာမ လုပ်လို့ရတဲ့ဟာပဲ လုပ်ရမယ် တဲ့” 

ဒါနဲ့ သမိုင်းဘာသာနဲ့ ၂၀၁၄ မှာ ဘွဲ့ ရတော့ မိသားစုက ဆရာမ အလုပ်ကိုပဲ လက်ခံဖို့၊ လုပ်ဖို့ ထပ်ပြီးတိုက်တွန်းပါတယ်။ ဒါပေမယ့် မလွင်လွင်အေးဆီမှာ တခြား လုပ်ချင်တာတွေ ရှိပါတယ်။ ရွာမှာ ရေနံချက်စက်ရုံ ဆောက်မယ် ဆိုလို့ ကန့်ကွက် ဆန္ဒပြပွဲမှာ သူ ပါဝင်ခဲ့ပြီး ထားဝယ်အမျိုးသမီးသမဂ္ဂက လုပ်တဲ့ ဆွေးနွေးပွဲကိုလည်း သွားတက်ခဲ့ပါတယ်။ 

“သူတို့ အရမ်းတော်တယ်။ အရမ်းလည်းထက်တယ်။ ကျွန်မ အားကျမိတာပေါ့။ ဘာဖြစ်လို့ သူတို့ အဲသလောက်တောင် တော်တာလဲ။ ကိုယ်တွေလည်း ဒီအသက် ဒီအရွယ် ရောက်နေတယ်..၊ ဒီလိုပွဲမျိုး တစ်ခါမှ မတက်ဖူးဘူး ပေါ့” 

ထားဝယ် အမျိုးသမီးသမဂ္ဂဟာ ၁၉၉၀ နှစ်လွန် ခေတ်တွေကတည်းက အမျိုးသမီး တန်းတူညီမျှရေး အတွက် လုပ်ဆောင် လာခဲ့တာပါ။ ဘယ်လိုလှုပ်ရှားမှုပဲ ဖြစ်ဖြစ် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်တယ် လို့ ထင်တဲ့ စစ်အစိုးရ ခေတ်မှာ မြန်မာ−ထိုင်း နယ်စပ်မှာ တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ စတင်ပြီး ပွင့်လင်းတဲ့ အချိန် ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ရုံးဖွင့်ခဲ့ပါတယ်။ 

မလွင်လွင်အေးရဲ့ မိသားစုကတော့ ကြောက်ရွံ့ခဲ့ပါတယ်။ စစ်အစိုးရခေတ်မှာ ရော၊ အခု ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှု အောက်မှာရော၊ ဒီလို လှုပ်ရှားတက်ကြွသူတွေဟာ ထောင်တွေ နှစ်ရှည်လများ အချခံရတာတို့၊ ဒီထက် ဆိုးတဲ့ အဖြစ်တွေ အမြဲလိုလို တွေ့ကြုံရပြီး ဥပဒေအရ အကာအကွယ်ပေးမှု အရမ်းနည်းပါတယ်။ 

“အမေက နင်ဟာလေ  ရှုပ်ရှုပ်ယှက်ယှက် တဲ့။ ဒါနိုင်ငံရေး တဲ့။ နင် လုပ်လို့ မရဘူး တဲ့။ နင် မိန်းကလေးပဲ ဖြစ်တယ် ပေါ့” 

မလွင်လွင်အေး ကတော့ နောက်မဆုတ်ပါဘူး။ မကြာခင်မှာပဲ ထားဝယ် အမျိုးသမီးသမဂ္ဂမှာ အလုပ်သင် အဖြစ်နဲ့ ဝင်ပြီး ထိုင်းနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မှာ ၆ လ သွားခဲ့ပါတယ်။ အခုဆိုရင် သူ ထားဝယ် အမျိုးသမီးသမဂ္ဂမှာ လုပ်နေတာ ၃ နှစ် တောင် ရှိပါပြီ။ 

ထားဝယ်အမျိုးသမီးသမဂ္ဂက ဖွင့်ထားတဲ့ ဒီ အိမ်ဟာ ပထမ ၁ နှစ် အတွင်းမှာပဲ အကြမ်းဖက်မှုက ထွက်ပြေးလာတဲ့၊ မုဒိမ်းအကျင့်ခံရတဲ့၊ လူကုန်ကူးခံရတဲ့ စတဲ့ အမျိုးသမီးနဲ့ ငယ်ရွယ်သူ မိန်းကလေး ၁၀ ဦးကို ခိုကိုးရာ ပေးနိုင်ခဲ့ပါတယ်။

“သူက အမျိုးသမီးဖြစ်လို့၊ ကလေးဖြစ်လို့၊ ဒီနေရာကို မသွားရဘူး။ ဒီအလုပ်ကို မလုပ်ရဘူး။ ဝင်မစွက်ဖက်ရဘူး ပေါ့ နော်။ ကလေးလည်း ကလေးနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုပဲ ရရမယ် ပေါ့နော်။ မိန်းကလေးလည်း သူ့မှာ ရှိပြီးသား အခွင့်အရေးတွေ ရပိုင်ခွင့်တွေ သူ့ ဆန္ဒ ထုတ်ဖော်ဖို့အတွက်လည်း အခွင့်အလမ်းပေးရမယ် ပေါ့။ မိဘ ဖြစ်စေပေါ့နော်၊ ကိုယ့်ရဲ့ အစ်ကိုဖြစ်စေ၊ ပတ်ဝန်းကျင်ဖြစ်စေ” လို့ မလွင်လွင်အေးက ဆိုပါတယ်။ 

“ကျွန်မတို့ (မြန်မာပြည်) မှာ စကားပုံတောင် ရှိတယ်။ လင်ကိုဘုရား သားကိုသခင် ပေါ့။ အဲသလိုမျိုး ပုံစံမျိုး မလိုချင်ဘူး ပေါ့။ အလုပ် ဆိုရင်လည်း ခွဲခြား ဆက်ဆံမှု မရှိဘဲနဲ့ အတူတူ လုပ်ရမယ်။ ထမင်းချက်တာက အစပေါ့နော်”

သတို့သမီးကို တင်တောင်းရတဲ့ ဓလေ့ကလည်း မတူညီမှုတွေကို ပိုပြီးအမြစ်တည်စေတယ်လို့ ဆိုပါတယ်။ 

“ကျွန်မတို့ဘက်မှာ ဖြစ်တာက တောင်းရမ်းရတယ်။ ဥပမာပေါ့နော် ကျွန်မက ဆရာမ တစ်ယောက်ဖြစ်တယ်။ ဘွဲ့ရ ပညာတတ် ဖြစ်တယ် ဆိုရင် သိန်း ၁၅၀ လား၊ ၁၀၀ လား။ ပြီးတော့ ခြံတွေက ဘယ်လောက်ရှိလဲ ပေါ့။ အဲဒီလိုမျိုး တိုင်းတာပြီးတော့ မိန်းကလေးတစ်ယောက်ကို အဲသလိုမျိုး တင်တောင်း။ ရည်းစား မရှိရင် ပိုပြီးတော့ စျေးကြီးတယ်။ ရည်းစားတောင် ထားလို့ မရဘူး” 

အလုပ်အရ အမျိုးသမီးတွေနဲ့ စကားပြောဖို့ ထားဝယ် မြို့နယ်ထဲက မြို့တွေ၊ ရွာတွေ၊ တစ်လျှောက် သွားခဲ့ပါတယ်။  

“စကားဝိုင်း သွားရင် အမျိုးသမီးတွေက သူတို့ ပြောတယ်။ သူတို့အိမ်တွင်း အကြမ်းဖက်မှု အဓိက ဖြစ်နေတယ်။ ဖြစ်တာက စီးပွားရေး အဆင်မပြေလို့၊ ပြီးတော့ ယောကျ်ားက အရက်သောက်လို့၊ အရက် မူးယစ်ဆေးဝါး သုံးစွဲလို့၊ ငွေကြေး အဆင် မပြေလို့၊ ကလေးတွေများ လို့။ ဖြစ်တဲ့အချိန်မှာ ဆိုရင် မိန်းကလေးတွေက ပြေးနေရတယ်။ ရှောင်တဲ့ ပုံစံပေါ့နော်။ သူတို့ မကြိုက်တာ မပြောရဲဘူး။ ပြန်လည်း မပြောရဲဘူး။ ကိုယ် ပြန်ပြောလိုက်ရင် သူတို့ ပြန်ရိုက်တယ်။ ရုပ်ပိုင်း စိတ်ပိုင်း ခံရတယ် ပေါ့” 

“လင်မယား ရန်ဖြစ်ရင် ကြားသုံးကြား မဝင်ရ။ အမြဲတမ်း ယဉ်ကျေးမှုမှာ အဲသလိုမျိုး ဖြစ်နေတယ်” လို့ ဆိုပါတယ်။ 

တချို့ အဖြစ်အပျက်တွေအပေါ် သူအတော်ကြီး ခံစားရပါတယ်။  

“ကျွန်မတို့ စကားဝိုင်း လုပ်ပြီးတဲ့ ချိန်မှာ ‘နေခဲပါဦး သမီးရယ်’ တဲ့။ ‘ကြီးကြီးလည်း ဒီလိုမျိုး အကြောင်းအရာ ရှိတယ်’ ပေါ့”။ ‘မှတ်မှတ်ရရ ဖြစ်တယ်’ ပေါ့နော်” 

“သူတို့လင်မယားက ချစ်ပြီးပဲ ယူထားတယ်။ ဒါပေမယ့် အဲဒီယောက်ျားက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပေါ့။ အမြဲတမ်း သူ့မိန်းမကို ပြုကျင့်ဖို့ လုပ်တယ်။ သူက မဖြစ်ချင်ဘူး။ သားက ၃ ယောက် ရှိတယ်။ သူ့သားနဲ့ အဲသလိုမျိုး ပေးစားတယ်ပေါ့ နော်။ တစ်နေ့ သူ့မယားကို ယောက်ျားက ဆွဲချပြီးတော့ လမ်းပေါ်မှာ ပစ်လိုက်တယ်။ ပြီးတော့ ထမိန်ကို အဲသလို လှန်ပြီးတော့ ဆီးခက် သိလား၊ ဆူးတွေနဲ့၊  ဆီးခက်နဲ့ ရိုက်တယ်။ မိန်းကလေးချင်း ကိုယ်ချင်းစာမိတယ်။ ဘယ်လောက် နာလိမ့်မလဲ ပေါ့” 

အမျိုးသမီးတွေကို လုံခြုံမှုပေးတဲ့ “ဆေ့ဖ်ဟောက်စ်” အိမ်လေး အတွင်းက ပစ္စည်း တစ်ချို့

အိမ်တွင်း အကြမ်းဖက်မှုတွေ အပြင် ထားဝယ် အမျိုးသမီးသမဂ္ဂဟာ မုဒိမ်းအကျင့်ခံရတဲ့၊ လူကုန်ကူး ခံရတဲ့၊ ပြီးတော့ အိမ်က ထွက်ပြေးလာတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေကို ဥပဒေအရရော အခြားနည်းနဲ့ပါ အကူအညီ အထောက်အပံ့ ပေးပါတယ်။ အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရလာတဲ့ အမျိုးသမီးငယ်တွေကို ကူညီဖို့ အကူအညီ တောင်းတာတွေလည်း ရှိပါတယ်။ 

“အခု ၂၀၁၆ ခုနှစ် ဆိုရင် လူတွေကလည်း ပိုသိလာတယ်။ ပြီးတော့ case ကလည်း များလာတယ်။ ပြီးတော့ သူတို့လည်း ယုံကြည်လာတယ် ထင်တယ်။ သူတို့ တစ်ခုခု ဖြစ်ရင် သွားပြောရမယ်၊ အဲသလိုမျိုး သိလာတယ် လေ” 

ဒီ လုံခြုံအိမ်ကို ၂၀၁၆ နှစ်ဆန်းမှာ စတင်ခဲ့တာပါ။ ဒါ မရှိခင်က အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ မြို့ထဲက ရုံးကို လာပြီး ခိုလှုံကြ ပါတယ်။ ဒါပေမယ့် လူဝင်လူထွက် များတော့ အခက်အခဲတွေ ရှိပြီး ပြဿနာလာရှာတဲ့ သူတွေလည်း ရှိပါတယ်။ 

“သက်ငယ်မုဒိမ်း ဆိုရင် ကျွန်မတို့ အကြာကြီး ခေါ်ထားတယ်။ ပြီးတော့ သူတို့ကို ကျွန်မတို့ အနေနဲ့ အရင်က စိတ်အတိုင်း ပြန်ဖြစ်အောင် ကျွန်မတို့ နှစ်သိမ့် ဆွေးနွေးမှု ပေးတယ်။ အမှုရင်ဆိုင်ပြီးတဲ့ အထိ”

တချို့အမှုတွေဆို လနဲ့ချီ ကြာတယ် လို့ မလွင်လွင်အေးက ဆိုပါတယ်။   

“ရှေ့နေ မရှိတာနဲ့၊ ရှေ့နေ နေမကောင်းတာနဲ့၊ သက်သေ မလာတာနဲ့၊ နောက်တစ်ခါ ပြန်ချိန်း၊ တစ်ခါပြန်သွားနဲ့ အများကြီး ကြာတယ်” 

“သူတို့အတွက် အရမ်းကို အခက်ခဲ ဖြစ်တယ်။ အဓိက ဖြစ်တဲ့သူတွေက ဆင်းရဲတဲ့သူတွေ ပေါ့။ စာမတတ်တဲ့ သူတွေ၊ ဉာဏ်ရည်မမီတဲ့ သူတွေ”

ထားဝယ်မြို့နယ် တဝိုက်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီပံ့ပိုးပြီး ထောက်ခံအားပေးသူ တစ်ယောက်ဖြစ်လာဖို့ မလွင်လွင်အေးဟာ မိသားစုရဲ့ တင်းကျပ်တဲ့ တောင်းဆို စေခိုင်းမှုကို ဆန့်ကျင်ခဲ့ရပါတယ်။

သူ့ရဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာတွေက သူ့မိသားစု အကြောင်းကို မကြာခဏ တွေးမိစေပါတယ်။ 

“မေမေနဲ့ ဖေဖေက ယိုးဒယားမှာ (အလုပ်) သွားလုပ်တယ်။ အဖွားတွေဆီမှာ ထားခဲ့တယ်။ ကျွန်မက ၉ လသမီး ပေါ့။ ဘယ်လိုမျိုးလဲ၊ မေတ္တာကိုပေါ့၊ အပြည့်အဝ ရတယ်လို့ မခံစားခဲ့ရဘူး ပေါ့။ ဒါပေမယ့် ၂ နှစ် တစ်ခါ လာလည်တယ်။ ကျွန်မက ၅ တန်းဆိုတော့ အစင် ၁၂ နှစ်၊ ၁၃ နှစ်မှာ သူတို့ ပြန်လာတယ်”

“မောင်နှမ ရ ယောက်ရှိတယ်။ အမေက ပြောတယ် ယောက်ျားလေး မွေးတဲ့သူမှ မွန်မြတ်တယ် ပေါ့။ အဲဒါမှ ရဟန်းအမေ ရဟန်းအဖေ ဖြစ်တာပေါ့ နော်။ အဲသလိုမျိုး ပြောတယ်”  

“မိသားစု ရန်ဖြစ်ပြီးတော့ တက်လာတဲ့ ကလေးနဲ့ ပျော်ရွှင်မှု သေချာ ရလာပြီးတော့ တက်လာတဲ့ ကလေးနဲ့  အများကြီး ကွာတာပေါ့ နော်။ (အိမ်မှာ) အမေက အမြဲတမ်း အဖေ့ပေါ်မှာ အနိုင်လိုတယ်။ အဲသလိုမျိုး မလိုချင်ဘူး။ အမျိုးသမီး ဖြစ်နေလို့ အမြဲတမ်း အနိုင်ရမယ် ဆိုတာလည်း ကျွန်မ မလိုချင်ဘူး။ အမျိုးသား ဖြစ်လို့ အမြဲတမ်း အနိုင်ရမယ်လည်း မလိုချင်ဘူးပေါ့ နော်။ နှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲ ဖြစ်ချင်တယ်” 

သူ့မေမေက အခုတော့ သူ့အလုပ်ကို နည်းနည်းစပြီး သိမြင် ကျေနပ်လာပြီ လို့ မလွင်လွင်အေးက ဆိုပါတယ်။ 

“အိမ်ကလည်း နည်းနည်းပါးပါးတော့ လက်ခံနိုင်ပြီပေါ့ နော်။ အဲသလိုမျိုး ယူဆတယ်။ သူတို့ နည်းနည်းပါးပါးတော့ ယုံကြည်လာပြီ။ အခြား case ဆိုလည်း အမေကလည်း ညွှန်ပေးတယ်။ ‘သူ့ကို သွားပြော၊ သူ့ကို အကူအညီ တောင်းလို့ ရတယ်’ အဲသလိုမျိုးတော့ ပြောလာတယ်” 

မလွင်လွင်အေး ဟာ သူ့အတွက် တန်ဖိုးအထားရဆုံး ပစ္စည်းဥစ္စာကတော့ သူ့အတွက် သူ့မေမေ ထိုင်းနိုင်ငံက ဝယ်လာတဲ့ အင်္ကျီလေး ပါတဲ့။ 

“ကျွန်မ အမေထိုင်းက ပြန်လာတော့လေ ညီမလေးက ၈ နှစ်။ အမေက အငယ်မ အတွက်ပဲ အင်္ကျီတွေ အများကြီး ဝယ်လာတယ်။ ကျွန်မ အတွက် အကျႌတစ်စုံ ဝယ်လာပေးတယ်။ ပထမတော့လေ ဝမ်းလည်း ဝမ်းသာတယ်။ ကိုယ့်အမေ လာတော့လေ။ ဖက်ပြီးတော့ ငိုတယ်” 

“အရောင်လေးကတော့ နို့နစ်ရောင်လေး။ အင်္ကျီနဲ့ စကတ်ကားကားလေးနဲ့။ တစ်ခုချင်းစီလည်း ဝတ်လို့ ရတယ်။ ဆယ်တန်း တက္ကသိုလ် အထိ ဝတ်တယ်”

“အဲဒီအအင်္ကျီကို ကျွန်မ အခုထိ သိမ်းထားတယ်ပေါ့ နော်။ ကျွန်မ တစ်ခါတလေ အမေနဲ့ အဆင်မပြေဘူးပေါ့ နော်…၊ အဲသလို ဆိုတော့ ကျွန်မ သတိရမိတယ်။ သြော် အမေက ငါတို့ကိုလည်း ချစ်တာပဲ လို့ ပေါ့နော်” 

 

(နိုဝင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)