အမှောင်မိုက်ဆုံးနေ့တစ်နေ့

အမှောင်မိုက်ဆုံးနေ့တစ်နေ့

Yangon

စာရေးသူသည် ရန်ကုန်အခြေစိုက်ခဲ့သော အလွတ်သတင်းထောက် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းရေးသားတင်ပြမှုကြောင့် ထောင်ကျခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

ကျမတို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဇူလိုင်လဟာ အာဇာနည်တွေကို ဆုံးရှုံးရတဲ့ လ ဖြစ်ပါတယ်။ 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ကိုးဦး လုပ်ကြံခံရပြီး ကျဆုံးခဲ့တာက စလို့   ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့ ဆဲဗင်းဇူလိုင် မှာလည်း ဆန်ဒပြ ကျောင်းသား၊ ကျောင်းသူ ရာနဲ့ချီပြီး အသတ်ခံခဲ့ရပါတယ်။

နောက်ဆုံးဖြစ်ရပ်ဆိုရင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဖမ်းဆီးခံ တော်လှန်ရေး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအ၀င် လေးဦးကို စစ်ကောင်စီက  ကြိုးပေး ခဲ့ပါတယ်။ တော်လှန်ရေး အင်အားစုတွေကို သေဒဏ်မပေးဖို့  ဒီမိုကရေစီကို လိုလားတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံအသိုက်အဝန်းက ကန့်ကွက်နေတဲ့ကြားကနေ  ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးပြီး သေဒဏ်စီရင်ခဲ့ပါတယ်။​

ဒီဖြစ်ရပ်ကြောင့် နိုင်ငံတဝန်း ပူဆွေးဝမ်းနည်းခဲ့ရပြီး နိုင်ငံအနှံ့မှာ ကန့်ကွက်လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြသလို ထောင်တွေမှာလည်း အဲ့ဒီ နည်းလမ်းပေါင်းစုံနဲ့ ဝမ်းနည်းကြောင်း လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ 

အဲ့ဒီဖြစ်စဉ် ဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာကျမက  အင်းစိန်အကျဉ်းထောင် ထဲမှာ ရောက်ရှိနေခဲ့ပါတယ်။ 

ဇူလိုင်လ ၂၃ ရက်နေ့  စနေနေ့ မနက်အစောပိုင်းမှာ  ဦးဂျင်မီနဲ့  သုံးဦးကို အင်းစိန်ထောင်ရဲ့ ကြိုးစင်မှာ ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်ကို ဖြစ်စဉ် ဖြစ်ပွားပြီး သုံးရက်မြောက်နေ့ကျမှ ကျမတို့ အချုပ်ဆောင်ဘက်က သိရှိခဲ့ကြပါတယ်။ 

တနလာ်နေ့ အင်းစိန်ထောင်တွင်း တရားရုံးတွေမှာ အမှုရင်ဆိုင်ပြီး ပြန်လာခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီက တဆင့် ပြန်လည် ကြားသိခဲ့ရတာ ဖြစ်ပါတယ်။ 

သူတို့ရဲ့ ပြောပြတာတွေအရ ဇူလိုင်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်‌ဝေတဲ့ စစ်ကောင်စီရဲ့  မြ၀တီ သတင်းစာမှာ စစ်ခုံရုံး တရားရုံးက သေဒဏ် ချမှတ်ခံထားရတဲ့ ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့  လေးဦးကို သေဒဏ် ကြိုးပေး စီရင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက် ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၃ မတိုင်ခင်ကတည်းက စစ်ကောင်စီ ထောင်၀န်ထမ်းတွေဟာ ကြိုးစင်နေရာကို ပြန်လည်ပြင်ဆင်တာတွေ လုပ်နေတဲ့အကြောင်း၊ ကြိုးစင်နဲ့ အနီး၀န်းကျင်ကို  အကာအကွယ်အသစ်တွေ ပြန်လုပ်နေတဲ့အကြောင်း အမျိုးသားဆောင်ဘက်ကနေ တဆင့်စကား တဆင့်နားနဲ့ ကျမတို့ နိုင်ကျဉ်းအမျိုးသမီးတချို့ ကြားခဲ့ရပါတယ်။ 

မှတ်မှတ်ရရ စီရင်မယ့်နေ့ မတိုင်ခင် ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းမှာ အရင်ညတွေနဲ့ မတူတဲ့ ကျမ သတိထားမိတဲ့ အခြေအနေတချို့ကို ပြန်ပြောပြချင်မိတယ်။ ကျမ အင်းစိန်ထောင်ထဲကို စ ရောက်ရှိခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ဆုံးပိုင်းလောက်က စပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ မတိုင်ခင် အတွင်းက အင်းစိန်ထောင်ရဲ့ မီးပေးမှု အခြေအနေကို ကျမ သတိထားမိသလောက် အရင် ပြောပြချင်ပါတယ်။

ထောင်ထဲမှာ နေ့ရော ညပါ မကြာခဏ ဆိုသလိုတော့ မီးပျက်တယ်။ ဒါပေမယ့် ညဘက်တွေဆိုရင် မီးပျက်သွားလည်း အချုပ်ဆောင်၊ အကျဆောင်တွေကို ထောင်ရဲ့  ကိုယ်ပိုင် မီးစက်တွေနဲ့  မီးမမှောင်သွားအောင်တော့ လုပ်ဆောင်ကြတယ်။ 

အစိုးရမီး ပျက်တာကလည်း တကယ်တမ်း တစ်နာရီထပ် ပိုကြာကြာ မပျက်တတ်ဘူးဆိုတာ သတိထားမိခဲ့တယ်။  အကျဉ်းထောင်လို နေရာမှာ မီး အချိန်ကြာကြာ မပျက်ဖို့ကိုလည်း ထောင်အာဏာပိုင်တွေကရော ထောင်၀န်ထမ်းတွေကပါ သတိထား လုပ်ဆောင်ပုံ ရပါတယ်။ 

ထောင်ဆိုတာက ညဘက်တွေမှာ မီးကြာကြာ ပျက်ပြီး မှောင်နေရင်မလိုလားအပ်တဲ့ ထောင်ဖောက်တာတွေ၊ အကျဉ်းသား ထွက်ပြေးတာ တွေ ကြုံရနိုင်တာကြောင့်လဲ ထောင်ထဲမှာ မီးလင်းနေဖို့ အထူးသတိထားပုံ ရတယ်။ 

မီးပျက်တဲ့ အချိန်တွေမှာ အချုပ်ဆောင်၊ အကျဆောင် အားလုံးက အခန်းအသီးသီးမှာ တာ၀န်ပေးခံထားရတဲ့ တန်းစီး၊ ဘာယာ (နှစ်ကြီး အမိန့်ချမှတ်ခံထားရတဲ့ ရာဇ၀တ်မှု အကျဉ်းသူ၊ အကျဉ်းသားများကို အဆောင်တွင်း အထွေထွေအလုပ်လုပ်ရန် တာ၀န်ပေးခံရသူများ)တွေက အချိန်လပ်မရှိ ကင်း အော်ကြရတယ်။ 

ကင်း အော်တယ်ဆိုတာ မီးပျက်တဲ့အချိန် အချိန်မလပ် (လုံး၀ ရပ်နားချင်း မရှိ)ဘဲ မိမိအဆောင်မှာ ရှိတဲ့ အကျဉ်းသူ အရေအတွက်နဲ့ အတူ ကောင်းကောင်းမွန်မွန် ရှိနေကြောင်းကို ထည့်အော်ရတာမျိုးပါ။ 

အဆောင်မှာ အလှည့်ကျ တာဝန်ကျတဲ့ ထောင်၀န်ထမ်းတွေ ကြားအောင် "မ/ချုပ် (..)၊ အခန်း .. အကျဉ်းသူ ဦးရေ ( -- ) ယောက် အားလုံးကောင်းမွန်စွာ ရှိပါတယ်ရှင့်" ဆိုတဲ့ စကားစုတွေကို တန်းစီး၊ ဘာယာတွေက ဆက်တိုက်ဆိုသလို အခန်းတိုင်းက တလှည့်စီ မပျက် အော်ကြရပါတယ်။​

မီးပျက်တဲ့အချိန်တွေဆိုရင် အဆောင်တွေမှာ အလှည့်ကျ ကင်းစောင့်ရတဲ့ ထောင်၀န်ထမ်းတွေ၊ ထောင်အရာရှိတွေကလည်း အနားယူတာမျိုး မလုပ်ဘဲ အဆောင်ပတ်ပတ်လည်ကို လှည့်လည် စောင့်ကြည့် စစ်ဆေးတာတွေ လုပ်နေရပါတယ်။ 

အဆောင်တွေရဲ့ အပြင်ဘက် အင်းစိန် ထောင်၀န်းထဲမှာလည်း ထောင်၀န်းပတ်ပတ်လည် မျှော်စင်တွေကနေတဆင့် ထောင်တွင်းတလျှောက်ကို စလိုက်မီးတွေ မပျက် လှည့်လည် ထိုးနေတာမျိုး လုပ်ကြပါတယ်။ 

အဲ့ဒီလို စနစ်တကျ ရှိနေတဲ့ အင်းစိန်လို အကျဉ်းထောင်မျိုးက ကြိုးပေး စီရင်မယ့်နေ့ မတိုင်ခင် ဇူလိုင်လ ၂၂ ရက်နေ့ သောကြာနေ့ညခန့်မှန်းခြေ ည ၁၂ နာရီလောက်ကတည်းက မီးတောက်လျှောက် ပျက်သွားခဲ့ပြီး နံနက် လေးနာရီခန့်လောက်အထိ မီးပြန်မလာပါဘူး။ မီးပျက်တဲ့တလျှောက် အဆောင်တိုင်းလိုလိုမှာ ကင်းအော်နေသံတွေသာ ဆက်တိုက် ကြားနေခဲ့ရပါတယ်။ 

ကျမတို့ နေရတဲ့ မ/ချုပ် (--) အဆောင်ဟာ နှစ်ထပ်တိုက် ဖြစ်တဲ့အတွက် ကျမတို့ နေတဲ့ အခန်းရဲ့ အိမ်သာအနောက်ဘက် သံတိုင်တွေကြားကနေ လှမ်းကြည့်မယ်ဆိုရင် အနီးအနားအဆောင်တွေရဲ့ အမိုး၊ အင်းစိန် မိန်း တံခါး၀ရှိတဲ့ အပေါ် အဆောက်အဦးနဲ့ အင်းစိန်ထောင် အလယ်က မျှော်စင်ကို အဆင့်ဆင့် လှမ်းမြင်ရပါတယ်။ 

အဲ့ဒီ ကြိုးပေးတဲ့နေ့ နံနက် နှစ်နာရီခွဲကျော်ကျော် ကျမ အပေါ့ ထသွားတဲ့အချိန် အိမ်သာအနောက်ဘက် သံတိုင်ကနေ တဆင့် ကျမ သတိထားမိတဲ့ အသံတွေနဲ့ မြင်ကွင်းတွေကတော့ အခန်းတိုင်းမှာ မီးပျက်နေဆဲပါ။ အားသွင်းမီးသီး သေးသေးလေးတလုံးစီ ထွန်းထားတာကလွဲလို့ မှောင်အတိ ကျနေပါတယ်။ တာ၀န်ကျ ဘာယာတွေရဲ့ ပုံမှန် ကင်းအော်သံနဲ့အတူ အဆောင်တိုင်းကနေ ကင်းအော်သံတွေ ကြားနေရဆဲပါ။ 

နောက်ပြီး အင်းစိန် မိန်းတံခါး၀ရှေက အလယ် ဗဟို မျှော်စင်ရှိတဲ့ မိန်းလမ်းမတလျှောက် ကားမီးရောင်တွေ လင်းလက်နေပြီး ကားတွေ ဆက်တိုက် သွားလာနေတဲ့ အသံတွေ မြင်တွေ့ ကြား ခဲ့ရပါတယ်။ အဆောင်ရဲ့ အပြင်ဘက်မှာ ပုံမှန် ထိုးနေကြ ဆလိုက်မီးရောင်တွေလည်း ထွန်းထားတာ မတွေ့ရပါဘူး။ 

အဲ့ဒီတညလုံးကတော့ ထောင်၀န်ထမ်းတွေအတွက်ရော အဆောင်ရဲ့ တန်းစီး၊ ဘာယာတွေ အတွက်ပါ ညတာရှည်တဲ့ ညတည ဖြစ်သလို ကျမအတွက်လည်း ထူးခြားတဲ့ည တည အဖြစ်တော့ သတိထားမိခဲ့ပါတယ်။ 

ဦးဂျင်မီတို့ရဲ့ သတင်းကို  ကြားလိုက်ရပြီးနောက် ကျမတို့ အချုပ်ဆောင်ဘက်မှာ နိုင်ငံရေး အကျဉ်းသူ အများစု ၀မ်းနည်း ငိုကြွေးခဲ့ကြတယ်။ နောက်ရက်တွေမှာ အချင်းချင်း တိုင်ပင်ခဲ့ကြပြီး တခါသုံး Mask ကြိုးတွေကို ဖြုတ်ပြီး  ဖဲပြားအဖြူကြိုးတွေ လုပ်ကာ တရားရုံးထွက်တဲ့သူတွေက ခေါင်းမှာ ပန်ခဲ့ကြတယ်။ 

တချို့ နိုင်ကျဉ်းသူတွေက ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အင်္ကျီအမဲတွေကို တပတ်လုံး  ၀တ်ကြတယ်။ တချို့နိုင်ကျဉ်းသူတွေက တပတ်ပြည့် ရက်လည်အဖြစ် ရှိတဲ့ ခေါက်ဆွဲထုတ်တွေ၊ မုန့်တွေ၊ ဟင်းတွေ စုပေါင်းပြီး ရက်လည်အလှူလုပ်ကြတယ်။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်တွေနဲ့ နီးစပ်ရာ အစုအဖွဲ့လိုက် ၀မ်းနည်းကြောင်းကို တလခန့် အမျိုးမျိုး ပြသခဲ့ကြပါတယ်။ 

ကျမတို့လိုပဲ အကျဆောင်ဘက်က နိုင်ကျဉ်းသူတွေကလည်း သူတို့ဘက်မှာ တပတ်တာလုံး ဘုရားရှိခိုး၊ မေတာပို့ အမျှဝေခဲ့ကြတယ်လို့ ပြန်လည် ကြားသိရတယ်။ ကျမတို့ အချုပ်ဆောင်ရော အကျဆောင်ဘက်က တသားထဲ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့တာကတော့ အကျဉ်းဦးစီးက ရောင်းချတဲ့ ‌စျေးဘားက ပစည်းတွေ မဝယ်ဖို့ ဘွိုင့်ကော့ လုပ်ဆောင်ခဲ့ကြတယ်။ 

အလားတူ အမျိုးသားအဆောင်ဘက်က အခြေအနေနဲ့ အမျိုးသမီး အကျဆောင်ဘက်က အခြေအနေတွေကိုလည်း ကျမ ဒီဆောင်းပါးထဲမှာ ထည့်ရေးနိုင်ဖို့ ပြန်လည်လွတ်မြောက်လာသူ တချို့ကို မေးမြန်းကြည့်ခဲ့ပြီး ထပ်ဖြည့် ဖော်ပြလိုက်ပါတယ်။ 

အဲ့ဒီတုန်းက အခြေအနေကို အမျိုးသားဆောင် (၃)၊ တိုးချဲ့ဆောင်မှာ နေခဲ့သူ နိုင်ကျဉ်းဟောင်း တစ်ဦးက အခုလို ပြန်လည်ပြောပြခဲ့ပါတယ်။ 

သူတို့ နေတဲ့  တိုးချဲ့ဆောင်နဲ့ ကပ်လျက်မှာ  ကြိုးစင် ရှိပြိး၊ အဆောင်က အပေါ်ထပ် သံတိုင်နေရာကို တက်ပြီး ကြည့်မယ်ဆိုရင် ကြိုးစင်ကို မြင်ရတယ်လို့ ဆိုပါတယ်။​ ကြိုးပေးမယ့် ဇူလိုင်လဆန်းပိုင်းလောက်က ပြည်ထဲရေးဝန်ကြီး စိုးထွဋ် တိုးချဲ့ဆောင်ကို ရောက်လာခဲ့ပြီး တိုးချဲ့ဆောင်ဖက်ကနေ တက်ကြည့်ရင် ကြိုးစင်ကို မြင်နိုင်တဲ့ နေရာတွေအားလုံးကို ဗီနိုင်းတွေနဲ့ ကာလိုက်ကြောင်း သူက ပြန်ပြောပြခဲ့ပါတယ်။ 

“၂၃ ရက်နေ့ မတိုင်ခင်ကတည်းက ဝန်ထမ်းတွေကို စတန်းဘိုင် (တာဝန်ချိန်အပြည့်မှာ ထောင်ဝတ်စုံပြည့် အဆင်သင့် အနေအထား) ဆွဲလိုက်ပြီး ကျနော်တို့ အဆောင်တွေထဲမှာ မျက်စိဒေါက်ထောင့် စောင့်ကြည့်နေခဲ့ကြတယ်။ အဆောင် သူကြီးတွေကို (သူကြီးဆိုတာ တန်းစီကို ခေါ်တာပါ) အစည်းအဝေး ခဏ ခဏ ခေါ်တယ်။ အကျဉ်းသားတွေ သုံးယောက်ထပ် ပိုပြီး စုထိုင်စကားပြောတာနဲ့ အဆောင် ရုံးခန်းမှာ ခေါ်သတိပေးတယ်။ ရိုက်တာတွေ လုပ်လာတယ်“လို့ သူက ပြောပါတယ်။ 

“ ၂၂ ရက်နေ့ (သောကြာနေ့)မှာတော့ ပုံမှန်အတိုင်း တန်းပိတ်၊ လူစစ်ပြီးတော့မှ အရေးပေါ်ဆိုပြီး တန်းပြန်ထိုင်ပြီး လူထပ်စစ်တယ်။ အဲ့ဒီနေ့ ခြောက်နာရီကနေ ကိုးနာရီအထိ ရုံးထွက်တွေမှာ လူလိုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တန်းထိုင်ခိုင်းပြီး လူပြန်စစ်တာ သုံးကြိမ် လုပ်ဆောင်ခဲ့ရတယ်” လို့ နိုင်ကျဉ်းဟောင်းတစ်ဦးကလည်း  အတည်ပြု ပြောကြားခဲ့ပါတယ်။ 

သူတို့ပြောတဲ့ထဲက အတိုင်း အဲ့ဒီနေ့က ကျမတို့ အမျိုးသမီးအချုပ်ဆောင်ဘက်မှာလဲ ရုံးထွက်တဲ့ လူစာရင်း မကိုက်ညီလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တန်းထိုင်ပြီး (ထောင်သတ်မှတ်ထားတဲ့ ပုံစံ ထိုင်ခြင်း) လူစစ်တာ သုံးကြိမ် လုပ်ဆောင်ခံခဲ့ရသလို ထောင်ဝန်ထမ်းအမျိုးသမီးတွေ အဲ့ဒီညက တညနေလုံး ထောင်ဝန်ထမ်း ဝတ်စုံအပြည့်နဲ့ ပြာယာခတ် အလုပ်ရှုပ်နေကြတာကိုလည်း ကျမ ပြန်မှတ်မိလာခဲ့တယ်။ 

ဦးဂျင်မီတို့ လေးဦး ကြိုးပေးစီရင်လိုက်တဲ့အကြောင်းကို အမျိုးသားဆောင်ဘက်မှာ ပြန်လည်ကြားသိရတဲ့အခြေအနေနဲ့ ပတ်သက်ပြီးလည်း သူက အခုလို ပြန်ပြောပြခဲ့ပါတယ်။ 

“တနင်္လာနေ့ တရားရုံးထွက်တွေ ပြန်လာတော့ သူတို့က တဆင့် သိလိုက်ရတာတော့ ကိုဂျင်မီတို့ လုပ်ကြံခံလိုက်ရတယ်ဆိုတာပဲ။ အကုန်လုံး ပေါက်ကွဲ ဝမ်းနည်းကြတယ်။ အဲ့ဒီနေ့ ညမှာပဲ ထောင်ဝန်ထမ်းတွေကို စတန်းဘိုင် ပြန်ဆွဲပြီး အဆောင်တွေမှာ ဆက်တိုက် စောင့်ကြည့်တာတွေ၊ လူစုတာတွေကို ခေါ်သတိပေးတာ၊ ရိုက်တာတွေ လုပ်ပြီး ပြန်ကြပ်တယ်။ ကျနော်တို့က ရတာနဲ့ နီးစပ်သူတွေစုပြီး အကျဉ်းဦးစီးဌာနကို ဘွိုင့်ကော့ လုပ်ကြဖို့နဲ့ တပတ်လုံး ပရိတ်ရွတ်ကြဖို့ စီစဉ်နိုင်ခဲ့တယ်” လို့ ဆိုပါတယ်။ 

ဦးဂျင်မီတို့ လေးဦး ကြိုးပေး အသတ်ခံရခြင်းဟာ ဒီမိုကရေစီကို လိုလားတဲ့ပြည်သူတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ဝမ်းနည်းခြင်း လှုပ်ရှားမှုတွေကို ပြည်သူများ နည်းတူ အင်းစိန်ထောင်တွင်းမှာလည်း အဆောင်တိုင်းလိုလို က ခံ လုပ်ဆောင်ခဲ့ကြပါတယ်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လ နှစ်ပတ်လည်နေ့မှာလည်း မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ ရောက်ရှိနေကြတဲ့  နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေက ဝမ်းနည်းအောက်မေ့ခြင်း လှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့သေးတာကိုလည်း ထောင်ပြင်ပက ကျမ ပြန်လည် ကြားသိခဲ့ရပါတယ်။ 

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအ၀င် လေးဦးကို ကြိုးပေးသတ်ခဲ့တဲ့ စီရင်မှုဟာ အခု လေးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီနှစ်မှာလည်း ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် အပါအ၀င် လေးဦးရဲ့ ဖြစ်စဉ်ကို မမေ့ကြောင်း  လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံအနှံ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေနဲ့အတူ ထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေလည်း ပူးပေါင်းပါ၀င် လုပ်ဆောင်ကြဦးမယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။  

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။