လဟယ်မြို့ရဲ့ ကုန်းတက်ကုန်းဆင်း လမ်းကလေးတွေနဲ့ အိမ်ခေါင်မိုးတွေကို ဦးရာပြည့်ရဲ့ ခိုင်ခန့်တဲ့ သစ်သားအိမ်လေးရဲ့ အဝင်ပေါက်ကနေ အပေါ်စီးက မြင်ရပါတယ်။ မြို့ကို စီရင်အုပ်ချုပ်ခဲ့သူတွေရဲ့ လက်အောက်မှာ နှစ်ရှည်လများ အလုပ် လုပ်လာခဲ့တဲ့ အသက် ၆၀ နီးပါးရှိပြီဖြစ်တဲ့ ဦးရာပြည့် အတွက် အံကိုက်လိုမျိုးတောင် ဖြစ်လို့နေပါတယ်။ နန်းယွန်းမြို့နယ်မှာ မွေးဖွားခဲ့တဲ့ ဦးရာပြည့်ဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းယူခဲ့တဲ့ စစ်အာဏာရှင် ဦးနေဝင်း လက်ထက်မှာ လဟယ်ကို မဆလ စာရေး အနေနဲ့ ပြောင်းလာတာပါ။
ဦးနေဝင်းရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံဟာ အထီးကျန်လာပြီး၊ စီးပွားရေးလည်း ချွတ်ခြုံကျ၊ ပြည်တွင်း ပဋိပက္ခတွေ ကလည်း ပိုမိုဆိုးဝါးလာပါတယ်။ ၁၉၈၈ အရေးအခင်းနောက် ဦးနေဝင်းက စစ်တပ်ကို အာဏာလွှဲပေးလိုက်ပြီး နောက်ပိုင်းမှာတော့ ဦးရာပြည့်ဟာ သြဇာကြီးမားတဲ့ အစိုးရ ဌာနတစ်ခု ဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှာ စာရေးအနေနဲ့ ဆက်လက် လုပ်ကိုင်ခဲ့ပါတယ်။
ဦးရာပြည့်ဟာ ဗမာစစ်တပ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားတဲ့ နာဂအပါအဝင် တိုင်းရင်းသား လက်ကိုင်အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေ အောက်မှာ ကြီးပြင်းလာတာပါ။ လူငယ်ဘဝက ဆုံးဖြတ်ချက်တွေကြောင့် ငယ်သူငယ်ချင်းတွေနဲ့ ဝေးကွာသွားတာ တစ်သက်တာနီးပါး ပါပဲ လို့သူက ဆိုပါတယ်။
“မိသားစုမှာ တစ်ယောက်မှ ကျောင်းမတက်ရဘူး။ ဦးလေးက ပထမဆုံး။ မောင်နှမ ၉ ယောက်။ ဦးလေးက နံပတ် ၇။ နန်းယွန်းမြို့နယ်ထဲမှာ ရှိတဲ့ ဦးလေးတို့ရွာမှာ ကျောင်းကို မရှိတာ။ ဦးလေးကို အစ်ကိုက တစ်ခြား တစ်နေရာမှာ သွားပို့ထားတာ”
“ဖြစ်ချင်တော့ အစ်ကို အကြီးဆုံးက စီးပွားရှာပေမယ့် ကျောင်းနေချင်တဲ့ စိတ်လေးရှိတာ။ သူကျောင်းနေလို့ မရဘူး ဆိုပြီး သူ့အစား ဆိုပြီးတော့မှ နေခိုင်းလိုက်တာ။ ခန္တီးမှာ ၆၆ တုန်းက ပြောတယ်။ “မင်းကို ငါက ကျောင်းမနေတော့ ငါ့အစားနေ တဲ့”။ ဒီနေ့အထိစွဲတယ်။ အဲဒီလိုပြောတာ။
“ကျွန်တော်က ကျောင်းဆိုတာကို ကြားကို မကြားခဲ့ဖူးတာ။ ကံကောင်းတယ် ပြောရမှာပေါ့။ မိဘတွေက နွမ်းပါးတယ် ဆိုတာထက် ကျောင်းပညာရေး ဆိုတာကိုလည်း ဘာမှ မသိဘူး။ အဲဒီ အစ်ကို အကြီးဆုံးက သွားရင်းလာရင်းနဲ့ နည်းနည်းပါးပါး ဗဟုသုတရှိလို့ ဖြစ်မှာပေါ့။ နောက် အောက်က ၂ ယောက်ကို ဘယ်ထားပေးနိုင်တော့မလဲ။ သူ့ဟာ သူတောင်မှ မနည်း ရုန်းကန်နေရတာ။
“ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ခွ ရှိပြီ။ သူငယ်ချင်းတွေက တိုင်းရင်းသားလက်နက်ကိုင်ဘက်ကို ရောက်သွားတယ်။ ၆၀၊ ရ၀ လောက် ရှိတယ်။ စိတ်ရည်ရွယ်ချက်၊ ပန်းတိုင် မရှိတာပေါ့။ အဲဒီအထဲမှာ ဝင်ပြီး တစ်ယောက်မှ ပေါ်မလာဘူး။ ဦးလေး တစ်ယောက်တည်း ဒီဘက်မှာ ကျန်ခဲ့တာ”
“ဦးလေးညီ အထွေးဆုံးကလည်း ဟိုဘက်ကို လိုက်သွားတယ်။ ဒါပေမယ့် အဖေသေတော့ ခွင့်မပေးလို့ ဆိုပြီး ထွက်ပြေး လာတယ်”
“ဦးလေးက ၉ တန်း မအောင်တာနဲ့ ကျောင်းထွက်လိုက်တယ်။ ၇၆ ခုနှစ်မှာ။ ၂ နှစ်ခွဲလောက် ကိုယ့်ဟာကိုယ် ကျပန်းပေါ့၊ ကျောက်လေး တူးလိုက်၊ ဟိုဟာလေး လုပ်လိုက်နဲ့ စိတ်ဓာတ်ကျပြီးမှ ဝန်ထမ်းပဲ လုပ်မယ် ဆိုပြီး ဆုံးဖြတ်လိုက်တာ”
“ပထမကတော့ ဦးလေးလည်း ပါတီတွေဘာတွေ ဘာမှ နားမလည်ဘူး။ စီးပွားရေးလုပ်တဲ့အခါ ကျတော့ သူက အကွပ်မရှိတဲ့ တောင်းလိုပေါ့။ ပြေတယ်။ ၂ နှစ်လောက် အခါကျတော့ ဝန်ထမ်းလုပ်မှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တာ”
“လဟယ်ကို ရောက်လာတာက ၇၉ ခုနှစ် မေလတုန်းက။ အသက်က ၃၇ နှစ် ရှိပြီ ပေါ့။ မဆလ စာရေးအနေနဲ့။ (အဲဒီတုန်းက) မြို့က သေးသေးလေး။ ဘုရားကုန်းရဲ့ ဟိုဘက်က တောကြီး။ ဒီဘက်လည်း တောတွေပဲ။ အိမ်ခြေလည်း အဲဒီတုန်းက ၁၀ဝ ကျော်လောက်ပဲ ရှိမယ် ထင်တယ်။ အရပ်သားပေါ့။ ဝန်ထမ်းကတော့ ၂၀ဝ ကျော်လောက်တော့ ရှိမယ်နဲ့ တူတယ်။ မှန်းခြေပေါ့”
“လဟယ်မှာ မဆလ ပါတီက စာရေးလိုတယ် ဆိုပြီး လူကြီးတွေက ဆက်ပေးတာပေါ့။ လိုလိုချင်ချင် ပြောင်းလာတာ။ အရင် စာရေးက လုပ်ငန်း မနိုင်မနင်းဖြစ်လာတဲ့ အခါကျတော့ လုပ်ငန်းများတယ် ဆိုပြီး မမြဲတာ။ ဘယ်သူမှ မကြာဘူး။ ဦးလေးပဲ ၁၀ နှစ်ကျော် လုပ်ခဲ့တာ”
“ဦးလေး လေ့လာသလောက် ဦးနေဝင်းလည်း လူကြီးတစ်ယောက်ဆိုတာကတော့ အကောင်းလုပ်တာပဲ။ အကောင်းလုပ်တဲ့ အခါကျတော့ ဘယ်သူမဆို ခြောက်ပစ်ကင်း သဲလဲစင် ကတော့ မရှိဘူး။ သူက စေတနာရှိမှာပဲ”
“ဒီမှာပဲ အိမ်ထောင်ကျဖြစ်တာ။ မိန်းကလေး ၃ ယောက်၊ ယောက်ျားလေး ၄ ယောက်။ အကြီးဆုံးက ၉ တန်းမှာ ထွက်ပြီး လက်သမား လုပ်နေတယ်။ သူ့အောက်က သမီးက ဟုန်းမလင်းမှာ အထွေထွေဦးစီး။ သူ့အောက်က ကလေးက တစ်နိုင်းမှာ ကျပန်းပဲ။ သူ့အောက်ကတော့ ဒုရဲအုပ်၊ ခုခန္တီးမှာ။ သူ့အောက်က ၁၀ တန်းအောင်လို့ စိုက်ပျိုးရေးမှာ သွားတက်တယ်။ စိုက်ပျိုးရေးလို့ ထင်တယ်။ အောက်ဆုံး ၂ ယောက်က ကျောင်းတက်နေတုန်း။ သူတို့ရဲ့ အလုပ်တွေကို စိတ်တိုင်းကျတယ်ပဲ ပြောရမှာပဲ”.
“တစ်ချို့ရှိသေးတဲ့ သူငယ်ချင်း တွေနဲ့က ၂၀၁၀ လောက်မှာ ငြိမ်းချမ်းရေး ကောင်းတော့ သွားတွေ့ကြတယ်။ မတွေ့ရတာ နှစ်ပေါင်း ၃၀၊ ၄၀ ရှိပြီ ပေါ့။ တစ်ယောက်ကဆို ဗိုလ်ချုပ် အထိတောင် ဖြစ်တယ်။ သူက ကြီးပြီ။ ၁၇ နှစ် ၁၈ နှစ်မှာ (ကျောင်း) လာတက်တာ။ ဦးလေးက ၁၀ နှစ် ၁၁ နှစ်မှာ ကျောင်းစတာကိုး”
“ဦးလေးက စာအုပ်တွေ ဖတ်တယ်။ အဲဒီမှာ ဒီသေနတ်ကြီးနဲ့ပဲ တော်လှန်လို့ မရဘူး ဆိုပြီး ဦးလေးစိတ်မှာ ရှိတယ်။ ဒီသေနတ်ကြီးနဲ့ပဲ တော်လှန်ပြီး ဦးလေးတို့ တောင်ပေါ်မှာ စားသောက်စရာလည်း မရှိဘူးလေ။ သေနတ် ကျည်ဆန် ရှိပေမယ့် အစာမရှိရင် ဘာလုပ်မှာလဲ”
“မွေးတဲ့ ဇာတိရွာက မရှိတော့ဘူး။ သစ်ပင်အကြီးကြီးတွေပဲ ရှိတော့တယ်။ ရေကြည်ရာ မြက်နုရာ သွားကြတာပေါ့။ တစ်နေရာမှာ တောင်ယာခုတ်သွားလိုက်၊ ရွာတည်လိုက်။ နောက် တစ်နေရာမှာ ခုတ်လိုက်။ အဲဒီလိုဆင်းသွားကြတာ”
“ဦးလေးတို့ တိုင်းရင်းသားတွေရဲ့ တိုးတက်မှုကတော့ ဒီတိုင်းပစ်ထားလို့ မရဘူး။ ဒီမှာတော့ တိုးတက်သလိုလို။ (ဒါပေမယ့်) ရုပ်ပိုင်းလောက်ပဲ တက်တယ်”
“မီးက ၂၄ နာရီရတာ လပိုင်းပဲ ရှိသေးတယ်။ ဖုန်းကတော့ ၃ နှစ်လား မသိဘူး။ CDMA တွေ ဘာတွေ ရလာတာ။ ပြောင်းလာတာ မြန်လာတယ်။ (ဒါပေမယ့်) လူတွေ အတွက် ကတော့ သိပ်မပြောင်းသေးဘူး။ အဓိက ကတော့ စာမတတ်လို့။ ဦးလေးတို့ ဆရာတွေ ဘာတွေက “မင်းတို့ ကလေးတွေ ကျောင်းထား” ဆိုရင် “စာက စားလို့ရတာ မဟုတ်ဘူး။ တောင်ယာက ရတယ်” တဲ့။’
“အရင်တုန်းက အဲဒီလိုပြောရင် ဘာပြန်ဖြေရမှန်း မသိဘူး။ အခုတော့ သိလာပြီ။ စာမတတ်တဲ့ အခါကျတော့ မီးရှိလည်း၊ ဖုန်းရှိလည်း အသုံးမပြုတတ်ဘူး။ ရည်မှန်းချက် ပန်းတိုင် မရှိဘူး။ ပညာ မတတ်တော့ နောင်ခါလာ နောင်ခါဈေး ဆိုပြီး နေကြတာ။ ရိုးရိုးပဲပေါ့”
“ဦးလေးက အခုအဓိက ကတော့ ဘာသာရေးပဲ။ ဝိညာဉ်အတွက်တို့၊ နောင်တမလွန်ဘဝတို့ အတွက်ပေါ့။ ကျန်တဲ့ ဥစ္စာက ပစ္စည်းဆိုတာလည်း ဒီလောက်ကြီး မက်မက်မောမော မရှိတော့ဘူး။ ငွေကြေးရောပဲ။ မက်မက်မောမော မရှိတော့ဘူး။ အဲဒါကို သံယောဇဉ်ပြတ်အောင် ကြိုးစားချင်တာ ပေါ့။ ကိုယ်လည်း အသက်ကလည်း ရောက်နေပြီလေ။ ကျန်းမာရေး ကလည်း မကောင်း ဆိုတော့ အမျိုးသားရေး အတွက်လည်း ဘာမှ မလုပ်နိုင်တော့ဘူး”
“ကလေးတွေ အတွက် အမွေပေးချင်ရင် ပညာအမွေ ပေးရတယ်။ ကျန်တာ သူတို့ကြည့်သုံး”
(၂၀၁၆ ဧပြီတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)