ကြက်ရိုးထိုး အလုပ်သင်

ကြက်ရိုးထိုး အလုပ်သင်

လွိုင်ကော်

သစ်ပင်အိုကြီးရဲ့ အရိပ်အောက်မှာ ထိုင်ပြီး အမျိုးသားတွေဟာ အလုပ်နဲ့လက် မလည်တဲ့ ကြားတဲ့က ရယ်ရင်းမောရင်းနဲ့ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ရှိနေပါတယ်။ တချို့တွေက အပ်ချည် အရောင်အမျိုးစုံကို သုံးပြီး ဂျီသြမေတြီလိုမျိုး ပုံစံလေးတွေ ဖော်၊ တချို့ကတော့ ဝါးအမျှင်လေးတွေ ဖြစ်အောင် ဂရုတစိုက် ဖြတ်တောက် နေကြပါတယ်။ အသားမာ တက်နေတဲ့ လက်တွေဟာ လက်မှုပညာ နုနုလှလှလေးတွေကို လက်ရာမြောက်အောင် လုပ်နေကြလေရဲ့။    

ကိုစောရယ်ကတော့ ပါးပါးရှည်ရှည်လေး ဖြစ်အောင် ပြုလုပ်ထားတဲ့ ဝါးတံပြာလေး တစ်ချပ်ကိုယူပြီး စိတ်ရှည်ရှည်နဲ့ ထီးလက်ကိုင်လို ကွေးသွားအောင် လုပ်ပါတယ်။ လိုအပ်သလိုရပြီ ဆိုရင် ကောက်သွားတဲ့ အပိုင်းနဲ့၊ ထူထူနဲ့ တိုတိုလေးဖြစ်အောင် ခုတ်ထားတဲ့ ဝါးခြမ်းပြားလေးနဲ့ကို အပ်ချည်ကြိုးနဲ့ ချည်ပြီး တွဲလဲ ဆွဲလိုက်ပါတယ်။ ဝါးလေးဟာ မြေပြန့်က လယ်တွေမှာ မြစိမ်းရောင် လွှမ်းစေပြီး အစားအသောက် ပေါကြွယ်ဝတာကို ပြတဲ့ စပါးနှံ ပုံစံလေး ဖြစ်သွားတော့တယ်။ 

အမျိုးသားတွေဟာ သူတို့ရဲ့ ဘေးတဝိုက်မှာ ဒီ ဝါးအဆင်တန်ဆာလေးတွေ စိုက်ထားတာဟာ လေထဲမှာ တလူလူ ဖြစ်နေတဲ့ ရွှေဝါရောင် ဝါးစပါးကွင်းလေး အတိုင်းပါပဲ။ 

အဲဒီနေ့က ကေ့ထျိုးဘိုးပွဲရဲ့ ဒုတိယနေ့ပါ။ ကေ့ထျိုးဘိုး ဆိုတာ ကယားလူမျိုးတွေ အတွက် အရေးအပါဆုံး ဘာသာရေး ပွဲတော်ပါ။ ကျန်းမာရေး၊ ရာသီဥတု၊ စပါးသီးနှံအထွက်နှုန်းနဲ့ ငြိမ်းချမ်းရေး အဆင်ပြေအောင် အနီးအနားရွာတွေ ပေါင်းပြီး တစ်နှစ် တစ်ခါ တံခွန်တိုင်ထူတဲ့ ပွဲပါ။

ဝါးကို စပါးနှံ ပုံစံဖြစ်အောင် ပြုလုပ်နေကြတဲ့ အမျိုးသားများ

ပထမနေ့တုန်းက လင်းကွင်းသံတွေ၊ အော်ဟစ်သံတွေ တညံညံနဲ့ လူငယ် အများအပြားဟာ လွိုင်ကော်မြို့နဲ့ သိပ်မဝေးတဲ့ တောထဲကနေ ရ မီတာ လောက် ရှိတဲ့ သစ်ပင်တစ်ပင်ကို ခုတ်လှဲခဲ့ပါတယ်။ ဒီနေ့ကတော့ လုံ့လဝီရိယ အားကိုးရတဲ့ နေ့ပေါ့။ ခုတ်လာတဲ့ သစ်တုံးဟာ ကိုစောရယ် ယခုထိုင်နေတဲ့ နေရာ အနီးအနားက သစ်သားဒေါက်ကလေးတွေ ပေါ်မှာ ရှိနေပြီး မြင့်မြတ်သော အရာဖြစ်အောင် ပြောင်းလဲမှု စတင်နေပါပြီ။ သစ်ပင်မှာ အခေါက် မရှိတော့ပဲ အရောင်ဖျော့ဖျော့ လင်းလက်လို့ နေပါတယ်။ 

အရင်နေ့ကလို သစ်တုံးကို သပြေရွက်နဲ့ ရေမင်္ဂလာပြုခဲ့ကြတဲ့ ရိုးရာ အဝတ်အစား အလှအပတွေနဲ့ အမျိုးသမီးတွေလည်း မရှိတော့ပါဘူး။ 

“ယောက်ျားလေးတွေပဲ ဒါလုပ်လို့ ရတယ်။ အမျိုးသမီးတွေ လုပ်လို့ မရဘူး” လို့ သူ့ဘေးတဝိုက်မှာ ရှိတဲ့၊ သစ်တုံးကို အချောသတ်ပြီး ကေ့ထျိုးဘိုးပွဲ နောက်ဆုံးနေ့ အတွက် ပြင်ဆင်နေကြတဲ့ အမျိုးသား တစ်ဒါဇင်လောက်ကို ပြရင်းပြောပါတယ်။ 

အသက် ၂၆ နှစ် ရှိပြီ ဖြစ်တဲ့ ကိုစောရယ်ဟာ ကေ့ထျိုးဘိုး ဂေါပကအဖွဲ့ရဲ့ လူငယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ပါ။ 

လှီးဖြတ်ပုံသွင်းတဲ့ အခါမှသုံးတဲ့ တန်ဆာပလာများ

“တံခွန်တိုင် လုပ်မယ့် သစ်တုံးဟာ ကြိုးတွေ သုံးပြီး ခုတ်ရတယ်။ လှဲပြီးကတည်းက မြေပေါ်ကို မထိရဘူး။ တံခွန်တိုင် လုပ်မယ့်နေရာကို ရောက်သွားရင်လည်း ဒေါက်လေးတွေ အပေါ်မှာ တင်ထားရတယ်” 

“ဒါလေးက စပါးနှံ ပုံစံအနေနဲ့ လုပ်ထားတာ။ (တံခွန်တိုင်ပေါ်က) ထီးထဲမှာ ချိတ်မှာ” လို့လည်း သူ့ဘေးတစ်ဝိုက်က ဝါးအဆင်တန်ဆာလေးကို လက်ညှိုးထိုးရင်း ဆိုတယ်။

ရောင်စုံချည်တွေနဲ့ ပြုလုပ်ထားတဲ့ အဆင်တန်ဆာများ

“တချို့တွေက ကေ့ထျိုးဘိုးပွဲကို နတ်ပွဲလို့ ထင်ကြတယ်။ အဲဒါ မဟုတ်ဘူး။ ဒါဟာ ရိုးရာပွဲပါ။ အကောင်တွေ ဘာတွေ သတ်ပြီး ယစ်ပူဇော်တာလည်း မဟုတ်ပါဘူး”

“တံခွန်တိုင်ပွဲဟာ ကယားပြည်နယ် စတင်ကတည်းက ရှိခဲ့တဲ့ ရိုးရာပွဲ ဆိုတာကို ကျွန်တော်တို့ သိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆီမှာ မှတ်တမ်းမှတ်ရာတွေ မရှိတော့ ဘယ်အချိန်မှာ စခဲ့တာလဲ ဆိုတာကို အတိအကျ မပြောနိုင်ဘူး။ ရေးထားတာ မရှိတော့။ အဲဒါ အတော်စိတ်မကောင်း ဖြစ်မိတယ်။ တဆင့် စကားကနေပဲ သိလာရတာ” လို့ ကေ့ထျိုးဘိုး နောက်ဆုံးနေ့ကို တက်ဖို့ အလုပ်က ခွင့်ယူထားတဲ့ ကိုစောရယ်ကပြောပါတယ်။

တံခွန်တိုင်ရဲ့ ထီးတော်ကို ပြုလုပ်နေစဉ်

ဝါးခြမ်းတွေကို ပုံသွင်းနေသူ

“လူငယ်တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင် ကယားနှစ်သစ်ကူးကို အနှစ်သက်ဆုံးပဲ။ ပျော်ဖို့လည်း ကောင်းတယ်။ တစ်ရွာနဲ့ တစ်ရွာ သွားလည်ကြတယ်။ ကယားနှစ်သစ်ကူးက တန်ခူးလဆန်း (၁) ရက် မရောက်ခင် သန်းခေါင်ယံက စတာ။ ပွဲကတော့ အကြိုနေ့မှာ လုပ်တယ်။ ညပိုင်းကျရင် dinner ပုံစံလုပ်တယ်”

“ဒါပေမယ့် ရိုးရာအကုန်လုံး ကတော့ ရာသီနဲ့ အလိုက် အရေးကြီးပါတယ်” 

 “ဒီရိုးရာတွေ ပျောက်ကွယ်သွားမှာ ကျွန်တော်တို့ အတွက်လည်း စိတ်ပူတယ်။ ပျောက်ကွယ်သွားနိုင်တဲ့ အတိုင်းအတာလည်း ရှိတယ်။ အခုတော့ သိပြီဆိုတော့ နောက်နောင်လူငယ်တွေကို တွဲခေါ်ရမယ်။ စကားပြောတာက အစ ခေတ်မီတဲ့ စကားတွေ၊ အသုံးအနှုန်းတွေ၊ ပစ္စည်းတွေပဲ သုံးချင် ကြတယ်။ ရိုးရာကို စိတ်ဝင်စားမှု အားနည်းတယ်” 

“ကျွန်တော်ကျတော့ ဘာလို့ စိတ်ဝင်စားလဲ ဆိုတော့ လူဆိုတာ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု ဆိုတာတော့ ရှိတယ်။ ကိုယ့်လူမျိုး တိုးတက်ရေးတော့ လုပ်ပေးရမယ်”

ကိုစောရယ်

ကြက်ရိုးထိုးတာဟာ ကေ့ထျိုးဘိုး ပွဲအတွက် အရေးပါ အရာရောက်တဲ့ အပိုင်းပါ။ ကြက်ရိုးထိုးတယ် ဆိုတာဟာ ကြက်တွေကို လက်နဲ့သတ်ပြီး သူတို့ ခြေထောက်အရိုးတွေကို ထုတ်၊ ကျွမ်းကျင်တဲ့ လူကြီးတွေဆီ ယူလာပြီး သူတို့က ဒီကြက်ရိုးတွေကို ကြည့်ပြီး ရှေ့နှစ်ဟာ ရွာတစ်ရွာအတွက် ကောင်းမှာလား၊ မကောင်းဘူးလား ဆိုတာကို တွက်တာ ဖြစ်ပါတယ်”

“အချိန်ရရင် ရသလို၊ ကြုံရင်ကြုံသလို ရွာမှာ ကြက်ရိုးထိုးတာ အလွန် ကျွမ်းကျင်တယ် လို့ နံမည်ကြီးတဲ့ အဘဦးမောင်သိန်း နောက်ကို လိုက်ပြီးလေ့လာနေတယ်” လို့ ကိုစောရယ်က ပြောတယ်။ 

“ကြက်ရိုးထိုးတာ မလုပ်တတ်သေးဘူး။ သင်တော့ သင်ချင်တယ်။ လေ့လာနေတန်းပဲ။ မကြည့်တတ်သေးဘူး။ ပြီးတော့ ကြည့်ပြီး သင်တဲ့သူနဲ့ စာဖတ်ပြီးသင်တဲ့သူလည်း ကွာသေးတယ်”။ ။ 

(မေ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)