မမြသက်မူဟာ ၁၉ နှစ်တိတိ ထိုင်းနိုင်ငံမှာ lesbian (အမျိုးသမီး အချင်းချင်းချစ်သူ) အနေနဲ့ ပွင့်ပွင့်လင်းလင်း နေထိုင်ခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်ချိန်မှာတော့ တနှစ် မပြည့်မီမှာပဲ လူတွေရဲ့ နှုတ်နဲ့ ဆဲဆိုခံရတာကို ကြုံရပါတော့တယ်။
အထီးကျန် နေခဲ့ရတဲ့ တိုင်းပြည်တပြည်ရဲ့ ရှေးရိုးစွဲ အမြင်တွေနဲ့ ခွဲခြားဆက်ဆံခံရတာတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရ ပေမယ့် အသက် ၄၀ ရှိပြီ ဖြစ်တဲ့ ပျော်ပျော်နေတတ်သူ မမြသက်မူဟာ ဒီလို အပြောအဆို ခံရတာဟာ သူ့အလုပ်တွေ ကို ဟန့်တားတာ ဆိုပြီး စိတ်ဓာတ်ကျရမယ့် အစား သူဟာ LGBT အသိုင်းအဝိုင်းတွေနဲ့ ပတ်သက်တဲ့ လူအများရဲ့ အမြင်တွေကို ပြောင်းဖို့၊ LGBT အကြောင်းတွေကို အသိပညာပေးဖို့ သူ့ရဲ့ မွေးဇာတိဖြစ်တဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ မနားမနေ ကြိုးစားနေပါတယ်။
လူအများက မစုလို့ သိထားတဲ့ မမြသက်မူဟာ ကျွန်မတို့ တတွေကို သူ့ရဲ့ မော်တော်ဆိုက်ကယ် ပေါ်တင်ပြီး ထန်းပင်တွေ ဝိုင်းရံနေတဲ့ လမ်းလေးဆီကို ခေါ်သွားပါတယ်။ သူ့ရဲ့ အားမာန်တွေကို ပြန်လည် ဖြည့်တဲ့အနေနဲ့ စိမ်းစိုနေတဲ့ စပါးခင်းတွေ အပေါ်မှာ နေဝင်သွားတာကို မကြာခဏ လာကြည့်ဖြစ်တဲ့ နေရာလေးပေါ့။
“အဖေနဲ့ အမေကလည်း ချစ်တယ်။ သား ယောက်ျားလေး မရှိဘူး ဆိုတော့”လို့ မမြသက်မူက ပြောပါတယ်။ မမြသက်မူရဲ့ ဖခင်က ကျောင်းအုပ်ဆရာ ဖြစ်ပြီး မိခင်ကတော့ အင်္ကျီချုပ်ပါတယ်။
“ယောက်ျားလေးက အကြီးဆုံး အစ်ကိုပဲ ရှိတယ်။ မိန်းကလေး ၆ ယောက် ရှိတယ်။ စုက ငယ်ငယ်ကလေး ကတည်းက မိန်းကလေးအဝတ်အစား လုံးဝ မဝတ်တာ”
“မိသားစုထဲမှာတော့ ပြဿနာ မရှိဘူး … စုရဲ့ ဘဝမှာ။ ဘယ်နားမှာ ပြဿနာ ရှိလဲ ဆိုတော့ အဒေါ်တွေ ကြားထဲမှာ ပြဿနာ ရှိတယ်။ အဒေါ်တွေဆို ဘာလုပ်သလဲဆို “ယောက်ျားလေး ပုံစံနေတဲ့ အတွက် ယောက်ျားလေး အင်္ကျီ ဝတ်ထားရင် ငါတို့အိမ် မလာနဲ့” လို့ အထိ ပြောထားတဲ့ အပိုင်းတွေ ရှိတယ်” လို့ ဆက်ပြောပါတယ်။ ဒါပေမယ့် ဒီလို ပြောတာတွေကို သူ့အနေနဲ့ စိတ်ထဲမှာ မထားပါဘူး လို့လည်း ပြောပါတယ်။
“ကိုယ်က အေးအေးဆေးဆေးပဲ။ သူ့အိမ် မလာနဲ့ ဆိုတော့ ပစ္စည်းတစ်ခုခု သွားပေးလို့ရှိရင် အိမ်ခြံဝမှာ ထားခဲ့တယ်…၊ ဘောင်းဘီဝတ်လို့ ဝင်မလာတော့ဘူး…၊ ဆိုပြီးတော့ပေါ့”
“ထိုင်းမှာ ကတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လွတ်လွတ်လပ်လပ် နေလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိသားစုနဲ့ နေတာ မဟုတ်လို့။ ဗမာပြည်မှာ လူတစ်ယောက်က ပွင့်ချင်တယ် ဆိုတာတောင် သူက မိသားစု၊ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင် အဲဒီ အနေအထားကြောင့် တစ်ချို့လူတွေက ပွင့်လို့ မရဘူး”
“ရှေးရိုး… မိရိုးဖလာ အတွေးအခေါ်တွေကြောင့် ပေါ့။ ပြောရမယ် ဆိုရင် ဘောင်သွင်းတာပေါ့။ ဗမာပြည်မှာ ရှိတဲ့ လူတွေက ဘောင်ကို ဒေသနှစ်ခုပဲ ထားထားတာလေ။ ယောက်ျားလေးဒေသဘောင်၊ မိန်းကလေးဒေသဘောင်။ ဟုတ်တယ် မဟုတ်လား။ ယောက်ျားလေးပုံစံခွက်ထဲက၊ မိန်းကလေးပုံစံခွက်ထဲက ထွက်သွားတယ် ဆိုရင် ဒါက သာမာန် မဟုတ်တော့ဘူးလေ”
“‘သူက ရှေးရှေးတုန်းက သူများသားမယားကို ပြစ်မှားမိလို့ ဒီလိုဖြစ်တာ' ဆိုတဲ့ ဟာက အခုချိန်အထိ ရှိတုန်းလေ။ အသုံးအနှုန်းတွေက။ အခုနောက်ပိုင်းကျတော့ စုတို့က ဘာတွေ လုပ်လဲ ဆိုတော့ မိသားစုမှာ ခုဏက ကလေးတစ်ယောက်ကို သူကတော့ ယောက်ျားလေး ပုံစံနေချင်တယ် ဆိုရင် မိန်းကလေးပုံစံ အတင်းသွတ်သွင်းတာ မဖြစ်အောင် မိန်းကလေးလို နေချင်တဲ့ ယောက်ျားလေး တစ်ယောက်ကိုလည်း အတင်း မသွတ်သွင်းအောင် ဆိုပြီး သင်တန်းပေးတယ်”
မြန်မာနိုင်ငံရဲ့ နှစ်ရှည်လများ အမြစ်တွယ်နေတဲ့ ကျား၊ မ အခန်းကဏ္ဍ အယူအဆတွေဟာ အမျိုးသမီး အချင်းချင်း လိင်တူ ချစ်သူတွေ အပေါ်မှာ အတော်လေး မွန်းကြပ်စေပါတယ်။ အမျိုးသမီး ဖြစ်တဲ့ အတွက်ကြောင့်ရော၊ သူတို့ရဲ့ ရွေးချယ်ထားတဲ့ လိင်သဘောအရ ကြောင့်ရော ခွဲခြားမှုကို နှစ်ခါပြန်ပြီး ခံရပါတယ်။
“ဒီမှာ gay တွေ ဆိုရင် အိမ်ကနေ နှိပ်စက်တယ်။ ယောက်ျားလိုမျိုး အိမ်က နေခိုင်းတယ် ဆိုရင် သူငယ်ချင်းအိမ်တွေ မှာ သွားနေလို့ ရတယ်”
“lesbian တွေမှာက ခက်ခဲတယ်။ ဘယ်လိုပဲ ငြင်းပေမယ့်၊ ဘယ်လိုပဲ အိမ်က ပုံစံသွင်းပေမယ့် ရိုက်ခံ၊ ထုခံ၊ အပုတ်ခံ ပြီးတော့ပဲ အိမ်မှာပဲ နေကြတယ်။ သူတို့ ရပ်တည်ဖို့ အတွက်က နည်းနည်းခက်ခဲတယ်”
“နောက်တစ်ခု သူတို့ အတွက် ပင်ပန်းတာက အလုပ်အကိုင်ကိစ္စ။ gay တို့ transgender တို့ ဆိုရင် ကိုယ်ပိုင် လုပ်ငန်းတွေ ရှိတယ်။ lesbian တွေဆီမှာ ကိုယ်ပိုင်ရပ်တည်ဖို့ လုပ်ငန်း မရှိဘူး။ သူတို့ရဲ့ အဓိက အားနည်းချက်ပဲ”
“စုတို့ထဲက …၊ သူငယ်ချင်းလို့ပဲ ပြောပါရစေ…၊ သူဆို ကုမ္ပဏီတစ်ခုမှာ အလုပ်ရထားတယ်။ marketing မှာ လုပ်တယ်။ ဒါပေမယ့် ၁ နှစ်ကျော်လာလည်း ရာထူး မတိုးပေးဘူး။ သူရဲ့ အောက်က သူတွေပဲ တိုးသွားတယ်။ မတိုးတာကို သွားပြောတော့ သူ့အရာရှိက “နင် မိန်းကလေးအဝတ်အစား ဝတ်နိုင်လား၊ ရန်ကုန် meeting တွေ ဘာတွေ သွားတယ် ဆိုရင်။ ဝတ်နိုင်တယ် ဆိုရင် တိုးပေးမယ် တဲ့”
“ရာထူး မတိုးပေးလို့ အလုပ်ကနေ ထွက်လိုက်တယ်။ အခုချိန်မှာ ဘာလုပ်နေရလဲ ဆိုတော့ ကြက်ဥရောင်းနေတယ်”
“စုတို့ဆို အခုနောက်ပိုင်း lesbian လေးတွေ တွေ့ပြီ ဆိုရင် ဘာပြောလဲ ဆိုရင် အလုပ်အကိုင် အဆင်ပြေဖို့ အတွက်၊ ကိုယ့်ဗိုက် ပြည့်ဖို့ ဘာလုပ်ငန်းလုပ်မလဲ။ လက်မှုပညာ စက်ပညာသင်။ ကိုယ့်ဘဝ ကိုယ်လုပ်နိုင်စွမ်းရှိတဲ့ ဟာလေးတွေ ကို ရွေးချယ်ပြီး သင်တန်းလေးတွေတက်ပြီး လှုပ်ရှားပါလား။ အဲဒီလိုဆိုလို့ရှိရင် ကိုယ့်ရဲ့ဘဝကို ကိုယ်ရပ်တည်နိုင်ပြီ”
“ကိုယ်သွားနေ၊ လာနေတဲ့ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုက ရှိနိုင်တယ်။ အဲဒါကတော့ အရင်ကတည်းကလည်း ရှိ၊ အခုအချိန်လည်း ရှိတာပဲ”
“ပြီးခဲ့တဲ့ တခေါက်ကဆို ဆရာဝန်မလေးတစ်ဦး လာတယ်။ မိတ်ဆွေတွေ ပေါ့။ ဘုရားလိုက်ပို့တော့ အတက်အဆင်း ရှိတယ်။ အဲဒီမှာ ကောင်လေးတွေက ဒီဘက်ကဆင်း။ ဒါတောင် စု လူကြီးပုံစံနေတာနော်။ အရမ်းဆံပင် မတိုဘူး။ ဒါပေမယ့် ယောက်ျားလေးအင်္ကျီ၊ ဘောင်းဘီ ဝတ်ထားတယ်။ ယောက်ျားလေး ပုံစံ။ အဲဒါကို အဲဒီကလေးတွေက ဘာပြောလဲ ဆိုတော့ ‘ငါလေ ဒီလိုပုံတွေ ဆိုရင် ကန်ချပစ်လိုက်ချင်တယ် … ဒီလှေကားပေါ်ကနေ ဆိုပြီး’ ပြောတာ။ လူကြီး ဆိုပေမယ့်လည်း တခါတလေ လူငယ်တွေရဲ့ စိတ်ထဲမှာ အဲဒီလိုလေ”
“ကိုယ့်ကိုဆဲတယ် ဆိုတာကို သိတယ်။ မသိချင်ယောင် ဆောင်လိုက်တယ်။ ကိုယ်က ပြန်ပြောရင် ပြဿနာ ဖြစ်မယ်။ အဲဒီလိုပဲ လုပ်ရတာပေါ့”
“ထိုင်းလူမျိုးတွေရဲ့ ကြားထဲမှာတော့ ခွဲခြားမှုလည်း မရှိဘူး။ အလုပ်ခွင်ထဲမှာပဲ ဖြစ်ဖြစ်၊ အပြင်မှာ သွားလာနေထိုင်တာ ပဲ ဖြစ်ဖြစ် ထိုင်းကလေးတွေက…၊ ထိုင်းယောက်ျားလေးတွေက အဲဒီလို ခွဲခြားတဲ့ဟာကို မတွေ့ရဘူး။ စု ထိုင်းမှာ ၁၉ နှစ် နေခဲ့တာ။ ဗမာပြည်မှာ ပြန်လာတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ပြောခံရတာလေ"
“စုက ၁၉၉၆ မှာ စပြီး ထိုင်းနိုင်ငံကို ရောက်တယ်။ အသက် ၂၀ ။ အဲဒီမှာ အရမ်းဒုက္ခ ဖြစ်တဲ့ ကာလက ၃ နှစ်လောက် ရှိတယ်။ ပြောင်းရွှေ့လုပ်သားတွေရဲ့ ဘဝ ကတော့ ဘယ်လိုဖြောင့်ဖြူးမလဲ နော်”
“စုတို့လုပ်တာက ငါးကုမ္ပဏီ။ ကင်းမွန်လှီးတာ ရှိတယ်။ ငါးလှီးတာ ရှိတယ်။ ကုန်ချောထုတ်တဲ့ နေရာ။ ယောက်ျားလေး ပုံစံဆိုရင် ပိုဆိုးတယ်။ အလုပ်ကြမ်း လုပ်ရတယ်။ တိုက်မယ်၊ ချွတ်မယ်၊ ပုံးတွေ သယ်မယ်။ အဲဒီလိုပေါ့။ ယောက်ျားလေး ပုံစံနေတဲ့ သူတွေက အဲဒီလိုပဲ ဘယ်တော့မှ နူးညံ့ပြီး ပုဇွန်လေးခွာ မနေဘူး”
စက်ရုံတွေမှာ နှစ်အနည်းငယ် လုပ်ပြီးတဲ့ နောက်မှာတော့ LGBT အရေးကို လှုပ်ရှားတဲ့ လူထုအခြေပြု လူ့အခွင့်အရေး အုပ်စုတွေထဲမှာ စတင် လုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက လာတဲ့ ရွှေ့ပြောင်းလုပ်သား အသိုင်းအဝိုင်းတွေကြားက အသိပညာပေးတဲ့ လုပ်ငန်းတွေမှာ ပါဝင်ကူညီခဲ့ပြီး မြန်မာနိုင်ငံ ပွင့်လင်းလာလို့ ဒီအုပ်စုတွေ ပြန်လာပြီးတဲ့နောက် Colors Rainbow ဆိုတဲ့ အဖွဲ့ရဲ့ ထားဝယ်ရုံးမှာ နေရာ တနေရာလပ်နေတော့ အဲဒီအလုပ်ကို လျှောက်ရင်း မြန်မာပြည်ကို ပြန်လာဖြစ်ခဲ့တာပါ”
“မြန်မာပြည်ထဲဝင်ပြီး ကိုယ့်လူမျိုးထုတွေရဲ့ ကြားထဲမှာ လှုပ်ရှားရမှာ၊ လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လူထုကို အသိပညာ ပေးရမှာဆိုတော့ ပိုပြီးတော့ တက်ကြွတာပေါ့နော်။ ဝမ်းသာတယ်။ ပြီးခဲ့တဲ့ နှစ်လုံးကတော့ စုတို့ LGBT သပ်သပ်ပေးတယ်။ နောက်တော့ ဘာထွက်လာသလဲ ဆိုတော့ LGBT သပ်သပ်ဆို အဆင်မပြေဘူးပေါ့ ဆိုပြီး လူငယ်တွေနဲ့ တွဲပြီးပေးတယ်”
“အကြိတ်အနယ်တော့ ဆွေးနွေးရတာပေါ့”
“လူငယ်တွေကြားမှာ ဘာရှိသလဲ ဆိုတော့ သူတို့တွေက ဒီလူတွေ (နဲ့) နီးနီးကပ်ကပ် မနေဖူးဘူး။ အဲဒီတော့ ကြောက်တတ်တယ်။ သင်တန်း ၃ ရက် (ပြီးရင်) အဲဒီမှာ ဘယ်လို feedback တွေ ရလာလဲ ဆိုတော့ “ဟုတ်တယ် ဆရာမ၊ ကျွန်တော်တို့ အရင်တုန်းကဆို ဒီလိုလူမျိုးတွေကို မြင်လို့ရှိရင် အရမ်းမုန်း တာပဲ။ ကြည့်လို့ကို မရဘူး။ အလိုလို နေရင်းကို မုန်းတာ” အဲဒီလိုပြောတယ်။ “အခုသင်တန်း တက်ပြီး ဒီလူတွေနဲ့ ရင်းရင်းနှီးနှီးနေလိုက်တဲ့ အချိန်မှာ ဪသူတို့တွေရဲ့ စိတ်ထားတွေက ဒို့ထင်သလို မဟုတ်ပါလား ဆိုပြီး မြင်လာတာပေါ့။ သူငယ်ချင်းတွေကို လည်း ပြန်မျှဝေပေးမယ်… ဆိုပြီး”
“အဲဒီလို feedback တွေရရင် စုတို့ တွေလည်း ပျော်တယ်”
“ဒီလူတစ်ယောက်ရဲ့ လိင်စိတ်ခံယူမှုက ဘယ်လို အနေအထားလဲ။ သူ နေချင်လို့ နေတာလား၊ မျိုးရိုးဗီဇကြောင့် နေတာလား၊ ဟန်ဆောင်ပြီး နေတာလား ဆိုတဲ့ဟာကို လူတွေ ကွဲကွဲပြားပြားသိအောင် (ဆွေးနွေးတယ်)”
“ယောက်ျားတစ်ယောက်ဆို နင် gay လိုမျိုး နေကြည့်၊ တစ်ရက်လောက်။ နေနိုင်လား။ မိန်ကလေး ဆိုရင်လည်း ယောက်ျားလေး ပုံစံ နေကြည့်။ တစ်ရက်လောက်။ နေနိုင်လား။ မနေနိုင်ကြဘူး။ အေး အဲဒီလိုဆိုရင် ဒီလူတွေက ဘယ်လို ဟန်ဆောင်ပြီး နေနိုင်မှာအထင် သူတို့ရဲ့ မွေးရာပါကြောင့် ဆိုတာလေးကို လူတွေ နားလည်အောင်”
လက်ခံခြင်း ဆိုတာဟာ အပြန်အလှန် လျော့ပေးတာနဲ့ ဇွဲလုံ့လ ပါပဲ လို့ မမြသက်မူက ပြောပါတယ်။
“ကောင်မလေး တစ်ယောက်နဲ့ ချစ်တယ်ပဲ ထားလိုက်။ ကောင်မလေးဘက်မှာ ပြဿနာ ရှိတယ်။ မိဘတွေက ဘာလို့ lesbian နဲ့ တွဲနေသလဲ ပေါ့။ အမြင် မကြည်တာတွေ ရှိတယ်။ စုကတော့ စုကို ဘယ်လောက်ပဲ မုန်းနေပါစေ၊ စုက အမုန်း မထားဘူး။ အားကိုးနိုင်အောင် လုပ်တယ်။ အဲဒီလိုမျိုးနဲ့ပဲ အနိုင်ယူတယ်။ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လောက်ပဲ ပြောနေပါစေ တစ်ဖက်သား လိုအပ်ရင် အကူအညီ ပေးတယ်။ အဲဒီလိုဟာနဲ့ပဲ ပတ်ဝန်းကျင်ကို အနိုင်ယူတာ”
“စုတန်ဖိုးထား မြတ်နိုးတာက နံမယ်ပဲ။ နံမယ်တစ်လုံး ပေါ့။ ပျက်စီးနေတဲ့ နံမယ်တစ်လုံး မဟုတ်ပဲ လောကမှာ lesbian ကလေးတွေ ကြားမှာ ဒီလူဟာ တစ်ချိန်တုန်းက ဒီလိုလူမျိုးတွေ အတွက် ဘယ်လို လုပ်သွားပေးခဲ့တယ် ဆိုတဲ့ နံမယ် ပါပဲ”
(၂၀၁၆ နိုဝင်ဘာလတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)