မျှော်လင့်ချက်မီးတောက်

မျှော်လင့်ချက်မီးတောက်

Yangon

စာရေးသူ Song Bird သည် The Kite Tales မှ ပံ့ပိုးကူညီမှုကို ရရှိနေသည့် ပန်းချီသရုပ်ဖော်ပညာရှင်တစ်ဉီးဖြစ်ပါတယ်။

အာဏာမသိမ်းခင်တုန်းက ညတိုင်း ညတိုင်း တိတ်ဆိတ်ငြိမ်သက်တဲ့ ရပ်ကွက်ကလမ်းတွေပေါ်မှာ ကျွန်မ အချိန်အကြာကြီး လမ်းလျှောက်လေ့ရှိတယ်။ အခုတော့ ဒီလိုလျှောက်ဖို့ မလုံခြုံတော့ပါဘူး။

ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြန်မာလူမျိုးတွေရဲ့ စိတ်ပျက်အားငယ်မှုနှင့် အားနည်းချက်တွေဟာ ပိုပိုပြီး ကြီးထွားလာခဲ့ပါတယ်။ ရာဇ၀တ်ကောင်တွေ လွတ်လွတ်လပ်လပ် ကျင်လည်ကျက်စားနိုင်တဲ့အချိန်ဆိုတော့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို အခွင့်ကောင်းယူတဲ့ လက်နက်ကိုင် လုယက်မှုဟာလည်း ကြောက်စရာကောင်းလောက်အောင် မကြာခဏဆိုသလို ဖြစ်လာတယ်။

စစ်အစိုးရက စစ်မှုထမ်းတဲ့ဥပဒေကို အကောင်အထည်ဖော်ဖို့ ဖေဖော်ဝါရီလထဲမှာ ကြေညာခဲ့ပြီးနောက် လူသစ်စုဆောင်းမှုအတွက် စစ်တပ်ဟာ လူငယ်တွေကို လမ်းမကြီးတွေပေါ်မှာတောင် ပြန်ပေးဆွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ ပိုပြီးစိတ်ပျက်စရာ၊ အားမဲ့စရာတွေပေါ့။

နိုင်ငံတစ်ဝှမ်း နေ့တိုင်းလိုလို့ ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်တဲ့အထဲမှာ မီးရှို့ဖျက်ဆီးမှုတွေ၊ ကျွန်မရဲ့မွေးရပ်မြေဖြစ်တဲ့ လွိုင်ကော်အပါအဝင် မြို့ရွာအများအပြားကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သူတို့ရဲ့ဘဝတွေ ထာဝရပြောင်းလဲသွားခဲ့တာပေါ့။

ဒီလို ထာဝစဉ်ရှည်လျားနေမယ်လို့ထင်ရတဲ့ အိပ်မက်ဆိုးတွေကြားထဲက၊ ကျွန်မတို့ရဲ့  ခံနိုင်ရည်ရှိမှုကို ဖော်ဆောင်တဲ့ လုပ်ရပ်တွေဟာ နေ့စဉ်နဲ့အမျှ ဆက်လက်တောက်ပနေပါတယ်။ အသိုင်းအဝိုင်းအမျိုးစုံက လူတွေဟာ တော်လှန်ရေးကို တတ်နိုင်သမျှ ပံ့ပိုးကူညီနေကြပြီး အမှောင်ဆုံးအချိန်များတွင်ပင် ခံနိုင်ရည်ရှိသရွေ့ မျှော်လင့်ချက်ရှိတယ် ဆိုတဲ့ ခံယူချက်ကို လက်မှာကိုင်ဆွဲထားကြပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ စစ်သားတွေရဲ့ ရဲရင့်တဲ့ လုပ်ရပ်တွေ၊ စေတနာ့ဝန်ထမ်း ဆေးဆရာမတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ မမောမပန်း တစိုက်မတ်မတ်ပါဝင်ခဲ့တာတွေ၊ အလှူငွေတွေနဲ့ ခိုင်မာစွာ ပံ့ပိုးကူညီတဲ့ သာမန်ပြည်သူလူထုတွေ အကုန်ပါဝင်ပါတယ်။ ညှဉ်းပန်းနှိပ်စက်တဲ့၊ အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်တွေကြားက   မတရားမှုကို ဆန့်ကျင်တဲ့အသံတွေ ဘယ်တော့မှတိတ်ဆိတ်မသွာဖို့ သူတို့တွေလုပ်နေတာပါ။

ဒီတော်လှန်ရေးတွင် ကျွန်မတို့ဟာ ဘာပိုင်ဆိုင်မှုမှမရှိဘဲ သုညကစတင်ခဲ့တာပါ။ အခုတော့ ကျွန်မတို့ အားလုံးရဲ့ စုပေါင်းဇွဲလုံ့လတွေရဲ့ အသီးအပွင့်တွေကို တဖြည်းဖြည်း မြင်တွေ့လာရပါပြီ။ အောင်ပွဲတစ်ခုခြင်းစီနဲ့ ကျွန်မတို့ဟာ  အရုဏ်အလင်းဆီကို နီးကပ်လာပါပြီ။

ဒီအတောအတွင်းမှာ ဒီအမှောင်ကို ဖြတ်ကျော်ဖို့  မျှော်လင့်ချက်မီးတောက်ကို ဆုပ်ကိုင်ထားပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။