စာရေးသူသည် ရန်ကုန်အခြေစိုက်ခဲ့သော အလွတ်သတင်းထောက် တစ်ဦး ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကို သတင်းရေးသားတင်ပြမှုကြောင့် ထောင်ကျခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါသည်။ ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။
ဘယ်အကျဉ်းထောင်ကနိုင်ငံရေး အကျဉ်းသားတွေကို မိသားစုဝင်တွေထံ ပြန်ပို့နေတယ်၊ ဒီမိုကရေစီ အဖွဲ့သားတွေက ဘယ်ကထောင်ကို ဖွင့်ကာ နိုင်ငံရေး အကျဉ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကိုတွေ့တိုင်း နိုင်ငံရေး အကျဉ်းသူ ဖြစ်ခဲ့ဖူးတဲ့ ကျမရဲ့ စိတ်ထဲမှာ တကယ်ကို အားရကျေနပ်စရာ ဝမ်းသာပီတိ ဂွမ်းဆီထိ မိတာတော့ အမှန်ပါ။
ကျမ အဖမ်းခံရချိန်မှ စပြီး စစ်ကြောရေး ဖြတ်သန်းခဲ့တဲ့ အချိန်နဲ့ ထောင်တွင်း ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံးမှာ ကျမရဲ့ စိတ်ထဲ အကြီးမားဆုံး စိတ်ကူးယဉ်မှုက အဖမ်းခံနေရတဲ့ ငါတို့ကို ဘယ်ပြည်သူ့ တော်လှန်ရေးအဖွဲ့ဝင်တွေက ဘယ်လိုပုံစံမျိုးတွေနဲ့ လာကယ်ထုတ်မလဲဆိုတာပဲ ဖြစ်ပါတယ်။ တဆက်ထဲ ဘယ်လို အခြေအနေမှာ ငါတို့အနေနဲ့ ဘယ်လို လွတ်မြောက်အောင် ထွက်ပြေးကြမလဲ ဆိုတာကိုပဲ အချိန်ရတိုင်း စဉ်းစားပုံဖော်နေခဲ့မိတာပါ။
အဲ့ဒီလို စိတ်ကူးယဉ်မှုက ကျမတယောက်ထဲရဲ့မဟုတ်ဘဲ ကျမတို့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေမှာလည်း အဲ့ဒီမျှော်လင့်ချက်မျိုး ဦးတည်တဲ့ မတူညီတဲ့ စိတ်ကူး ပုံဖော်မှုတွေ ရှိနေခဲ့ကြတာပါ။
ကျမတို့အတွက် စိတ်ကူးယဉ်မှုလို့ပဲ ဆိုဆို၊ မျှော်လင့်ချက်လို့ပဲ ပြောပြော အကျဉ်းထောင်ထဲ ရောက်လာကြတဲ့ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေရဲ့ စိတ်ကူးထဲမှာတော့ ငါတို့ အကျဉ်းထောင်ကို တော်လှန်ရေး အင်အားစုတွေ တကယ်သာ လာကယ်ခဲ့မယ် ဆိုရင် ဆိုတဲ့ အတွေးတွေကို ကျမတို့ ရင်းနှီးသူ အစုအဖွဲ့တွေကြားမှာ ပြောဆိုကြပြီး ကြိုတင် ပြင်ဆင်မှုတွေနဲ့ အချိန်းအချက်တွေတော့ လုပ်ဖြစ်ခဲ့ကြပါတယ်။
အခုအချိန် ပြန်တွေး ပြောပြတဲ့အခါ ဟာသတခုလို ဖြစ်နေနိုင်ပေမယ့် ထောင်ထဲမှာ ဖြတ်သန်းနေတဲ့ အခြေအနေတွေ တုန်းကတော့ အဲ့ဒါတွေက ကျမတို့ရဲ့ ရှင်သန်ခြင်း မျှော်လင့်ချက်တွေပါ။ ကျမတို့တွေ ထောင်ထဲမှာ ရှိနေစဉ် တလျှောက်လုံးမှာ မကြာခဏဆိုသလို စိတ်ကူးယဉ် ပြောကြားခဲ့ကြတာ၊ ပြင်ဆင်ခဲ့ကြတာတွေ လုပ်ခဲ့ရတာကို ကျမ အနေနဲ့တော့ ကျေနပ်နေခဲ့မိပါတယ်။
အင်းစိန်ထောင်ဝန်း ကျယ်ကြီးထဲက ခန်းမကြီးတခုမှာ ပြင်ဆင်ထားတဲ့ ယာယီ ထောင်တွင်း တရားရုံးမှာ ရုံးထွက်ရတိုင်း တရားရုံးထွက်တူတဲ့သူတွေ တီးတိုးတိုင်ပင်ဖြစ်တာက ဒီလို ချုပ်နှောင်ခံနေရတဲ့အခြေအနေကို ဘယ်လို လွတ်မြောက်အောင် ထွက်ပြေးမလဲဆိုတာမျိုးက စကြတာပါ။
“အခုနေများ ငါ့တို့ ရုံးထွက်နေတဲ့အချိန် အင်းစိန်ထောင်ကို ဒရုန်းနဲ့ ဗုံးကျဲချလို့ အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်က ငါတို့ ထွက်ပြေးလို့ ရနိုင်တဲ့ အချိန်ကောင်းပဲ။ အဲ့ဒီလို ပြေးလို့လွတ်ရင်တော့ နောက်လှည့်မကြည့်ကြနဲ့နော်၊ လွတ်မြောက်နယ်မြေတွေအထိ လွတ်အောင် ပြေးကြမယ်။ ဟိုရောက်မှ ဆုံကြမယ်” လို့ ကျမတို့ စိတ်ကူးယဉ်မှုနဲ့ ပြောတိုင်း ထည့်ပြောကြတဲ့စကားပါ။
နောက်ပြီး အဆောင်ထဲမှာ ဆိုရင် ကျမတို့ စိတ်တူတဲ့ နီးစပ်ရာ လူငယ်အဖွဲ့တွေက အခန်းအသီးသီးမှာ အချိတ်အဆက် လုပ်ထားကြပါတယ်။ ကိုယ်တူ လူငယ်၊ လူလတ်ပိုင်းတွေက အချင်းချင်း တိုင်ပင် ထားကြတာက တကယ်လို့သာ အပြင်ကနေ တော်လှန်ရေး အင်အားစုတွေ ထောင်ကို ဝင်စီးနင်းခဲ့မယ်ဆိုရင် ငါတို့အနေနဲ့ တတ်နိုင်တဲ့ ဘယ်လိုအပိုင်းတွေကနေ ပူးပေါင်း ပါဝင်ကြမလဲ ဆိုတာမျိုးပါ။
နောက်ပြီး အခြေအနေအရ ပြေးလွှားနိုင်ဖို့ သက်လုံကောင်းနေဖို့နဲ့ ကျန်းကျန်းမာမာ၊ သန်သန်မာမာ ရှိနေဖို့ နေ့စဉ် ပုံမှန် ကိုယ်လက် လေ့ကျင့်ခန်း လုပ်နေတာမျိုး ရှိနေဖို့ ပြင်ဆင်ကြပါတယ်။
အဲ့ဒီ ပြင်ဆင်မှုနဲ့ မပြီးသေးပါဘူး။ တခြား ပြင်ဆင်မှုတွေအဖြစ် တဦးချင်းစီမှာ တကိုယ်စာ ပေါ့ပေါ့ ပါးပါး အရောင်မှိန်မှိန် အဝတ်တစုံနဲ့ အရေးပေါ် ဆေးဝါးတချို့၊ တယောက်စာ အရံသင့် အစား အသောက် ထုပ်တချို့နဲ့ ရေသန့်တဘူးကို အထုပ်လေး ထုပ်ထားပြီး ပြင်ဆင်ထားကြပါတယ်။
အင်းစိန်ထောင်ရဲ့ ဖွဲ့စည်း၊ တည်ဆောက်မှုကိုလည်း သိနေဖို့ အခြေအနေ သင့်တိုင်း အပြင်ထွက် လေ့လာတာမျိုး လုပ်ကြပါတယ်။ အပြင်ထွက် လေ့လာတဲ့ အခြေအနေ ဆိုတာက တရားရုံး ပုံမှန်ထွက်တိုင်း အင်းစိန်ထောင်တွင်းက အဆောက်အအုံ ဖွဲ့စည်း တည်ဆောက်ပုံကို မှတ်သားထားတာမျိုး၊ တခါတရံမှ ထောင်တွင်း ဓမ္မာရုံမှာ ကျင်းပတဲ့ တရားပွဲကို သွားနိုင်အောင် ကြိုးစားကြတာမျိုး၊ ဆေးရုံပြ သွားကြတာမျိုးနဲ့ လေ့လာမှတ်သားကြရတာပါ။
နောက်ပြီး ထောင်ထဲမှာရှိတဲ့ ဝန်ထမ်းအင်အား စတာတွေကိုလည်း မှတ်သားထားကြပါတယ်။ ဒီလောက်နဲ့ ရပ်တန့်သလားဆိုတော့ မရပ်တန့်ကြသေးပါဘူး။ ထောင်ထဲကနေ ငါတို့တွေ အင်အားနဲ့ ဘယ်လို ဖောက်ထွက်ပြီး ထွက်ပြေးကြမလဲဆိုတာကိုလည်း စဉ်းစားကြပါသေးတယ်။
အင်းစိန်လို အကျဉ်းထောင်မျိုးက အကျဉ်းသားတွေအနေနဲ့ အတွင်းထဲကနေ ထောင်ဖောက် ထွက်ပြေးဖို့ မလွယ်ကူနိုင်ပေမယ့် အပြင်က တော်လှန်ရေး အင်အားစုတွေ အင်အားနဲ့သာ လာရောက် ခေါ်ထုတ်မယ်ဆိုရင် ပိုဖြစ်နိုင်လောက်တယ်ဆိုပြီး ထောင်အနီးမှာ ဗုံးပေါက်တဲ့ အသံကြားတိုင်း ကျမတို့ အကျဉ်းသူတွေမှာ အားတက်ကြတာ အမှန်ပါ။
မှတ်မိနေသေးတယ်။ အင်းစိန် အကျဉ်းထောင်ရဲ့ အချုပ်ဆောင် (၃) မှာ ရှိနေစဉ်က မကြာခဏ ဆိုသလို ညအချိန်တွေဆိုရင် အကျဉ်းထောင်အနီး ဗုံးပေါက်ကွဲသံ ကြားကြရပါတယ်။ ဗုံးပေါက်သံ ကြားပြီဆိုရင် “ ဟေး… ” လို့ ထအော်ကြလို့ အဆောင်မှူးတွေ လာအော်ငေါက်ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့ကြပါတယ်။
ကျယ်လောင်တဲ့ ဗုံးပေါက်ကွဲသံမျိုး နှစ်ကြိမ်၊ သုံးကြိမ် ဆက်တိုက် ကြားပြီဆိုရင် ငါတို့ကို လာကယ် တော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသူတွေ အများစု အိပ်ဆောင်ချတဲ့အ ချိန်ကြီးမှာ (အိပ်ချိန်ရောက်လို့ မလှဲ မနေရ လှဲနေရတဲ့အခြေအနေ) ခေါင်းတွေထောင်ပြီး တညလုံး မအိပ်ဘဲ ရင်တထိပ်ထိပ်နဲ့ နားစွင့်နေခဲ့ကြတဲ့ ရက်တွေတောင် ရှိခဲ့ကြပါတယ်။
နောက်ပိုင်းတော့ ဘယ်လို ပေါက်ကွဲသံ ကြားကြား အသံနဲ့ အသားကျသွားပြီး အိပ်ရေးပျက်ခံ ထမကြည့်ကြတော့တဲ့အထိ နေသားကျလာခဲ့ကြပါတော့တယ်။
ကျမ အခုလွတ်မြောက်ပြီဆိုပေမယ့် မြို့စုံနယ်စုံက နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသားတွေ အများကြီးရှိပါသေးတယ်။ သူတို့တွေကိုလည်း ကျမတို့ စိတ်ကူးယဉ် ပုံဖော်ခဲ့သလို တော်လှန်ရေး အင်အားစုတွေက လာခေါ်ထုတ်တာမျိုး ဖြစ်လာခဲ့မယ်ဆိုရင် ဆိုတဲ့ အတွေးတွေထဲမှာ ပြန်ပြီး မျောပါမိနေပါတော့တယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။





