စာရေးသူသည် ကရင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
အသက် ၁၈ နှစ်အရွယ် ချင်းလူငယ်လေးတယောက်ဟာ တက္ကသိုလ်ဝင် စာမေးပွဲ အောင်ပြီးတဲ့ နောက် အလုပ်အကိုင်ရှားပါးတဲ့ ချင်းပြည်နယ်မှာ အသက်မွေး ဝမ်းကြောင်း အတွက် ဘာအလုပ်လုပ် ရမလဲ စဉ်းစားမရဖြစ် နေခဲ့ပါတယ်။
တက္ကသိုလ်ဆက်တက်ဖို့ကိုလည်း မိဘတွေမှာ ထောက်ပံ့ပေးနိုင်တဲ့ အင်အားမရှိတဲ့အတွက် ကျောင်းစားရိတ် မကုန်တဲ့ ပဲခူးတိုင်းက ရဲလေ့ကျင့်ရေး သင်တန်းကျောင်းကို သွားတက်ခဲ့ရတယ်။
၂၀၁၈ ခုနှစ် မေလမှာ ချင်းပြည်နယ်နဲ့ကပ်လျက် ရခိုင်ပြည်နယ်မြို့တစ်ခုက ရဲစခန်းမှာ ရဲတပ်သား အဖြစ်တာဝန်ကျခဲ့ပါတယ်။
“ကျွန်တော်တို့ မြို့နယ်မှာက အလုပ်အကိုင် မရှိလို့၊ တခြားဝန်ထမ်း လုပ်မယ်ဆိုရင်လည်း ပိုက်ဆံ လာဘ်ထိုးရတယ်၊ လာဘ်ထိုးစရာ ငွေကြေးလည်း မရှိတော့ အဆင်ပြေတဲ့ ရဲအလုပ်ကိုဘဲ ရွေးခဲ့ရတယ်” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။
ရဲတပ်သား ဆလိုင်းဟာ ရာထူးတိုးဖို့တာဝန်တွေကို ကြိုးစား လုပ်ဆောင် နေတုန်းမှာဘဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ စစ်တပ်က အာဏာသိမ်း လိုက်ပါတယ်။
သူတာဝန်ကျနေတဲ့ ကျောက်ဖြူမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မရှိတဲ့အတွက် “အာဏာသိမ်း”တာကို ဆလိုင်းလည်း မေ့လျော့နေခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ကျန်ရစ်တဲ့ ငယ်သူငယ်ချင်းတွေဟာ အသီးသီးသော ချင်းကာကွယ်ရေး တပ်ဖွဲ့ တွေထဲ ဝင်သွားချိန်မှာတော့ ဆလိုင်းတယောက် အသိတရား ရပြီး ၂၀၂၁ ဒီဇင်ဘာလမှာ CDM လှုပ်ရှားမှုထဲ ပါဝင်လိုက်ပါတယ်။ အဲ့ဒီနောက် ချင်းကာကွယ်ရေး တပ်ဖွဲ့ငယ် တခုထဲ ဝင်ရောက်လိုက်ပါတယ်။
CDM ပြုလုပ်ပြီး စစ်အာဏာရှင်တော်လှန်ရေးဘက်မှာ တစ်ထောင့်တနေရာ ပါဝင် ချင်ခဲ့တာ ကြောင့် မကွေးတိုင်းမှာ အခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ် တစ်ခုမှာ ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
“တပ်ဖွဲ့ထဲမှာ ၁နှစ်ကျော်လောက်တာဝန် ထမ်းဆောင်ခဲ့တယ်၊ ရောက်လာတဲ့သူတွေကလည်း ကဏ္ဍ ပေါင်းစုံကဆိုတော့ အကဲခတ်ပြီး နေကြရတာပေါ့၊ စားဝတ်နေရေးကတော့ အဆင်မပြေဘူးပေါ့”
တောတောင်ထဲမှာ ခက်ခဲကြမ်းတမ်းတဲ့ ရာသီဥတု ဒဏ်ကြောင့် ကျန်းမာရေး ချို့ယွင်းလာတဲ့ ဆလိုင်း တယောက်ဟာ နယ်မြေ အပြောင်းအလဲဖြစ်အောင်၂၀၂၃ ဖေဖော်ဝါရီလမှာ သတင်းပညာ သင်တန်းတတ်ဖို့ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်လာပါတယ်။
“သတင်းမီဒီယာနဲ့ ပတ်သတ်တဲ့ ဆရာတယောက်နဲ့ အဆက်အသွယ်ရပြီး လွတ်မြောက် နယ်မြေ တနေရာမှာ ၂ လလောက် သတင်းသင်တန်းတတ်ခဲ့ရတယ်။ သင်တန်း ပြီးတော့ မိခင်တပ်ရင်း CDF-အရှိုဆီပြန်ဆီ ပြန်မယ်ဆိုတော့တိုက်ပွဲတွေဖြစ်ပြီး ပြန်လို့မရခဲ့ဘူး”
တိုက်ပွဲကြောင့် မိခင်တပ်ရင်းဆီ ပြန်ဖို့ အဆင်မပြေတဲ့ ဆလိုင်းဟာ ထိုင်းနိုင်ငံ မဲဆောက်မြိုက CDM ဝန်ထမ်းတွေနေတဲ့ Safe House မှာ ယာယီနေထိုင်ခဲ့ရပါတယ်။
၂၀၂၃ ခုနှစ်ဇွန်လမှာ မဲဆောက်မြို့က တဆင့် တရားမဝင် လမ်းကြောင်းကနေ ဆွေမျိုးတွေရှိတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ပြောင်းရွေ့ခဲ့ရတယ်။
လက်ရှိမှာတော့ CDM ရဲဝန်ထမ်းဖြစ်တဲ့ ဆလိုင်းတယောက် မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်လျှက်ရှိပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေထုတ်ဖော်ရေးသားရင်း သတင်းထောက် တဦးအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။
“တရားမဝင်နေရတယ်၊ CDM ဝန်ထမ်းလည်းဖြစ်တယ်၊ သတင်းထောက် အလုပ်လည်း လုပ်ရတာဆိုတော့ အဖမ်းခံရပြီးမြန်မာပြည်ပြန်ပို့ခံရမှာကြောက်တယ်” လို့ သူကပြောပါတယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။





