Nowhere to hide

Nowhere to hide

Magway Region

စာရေးသူသည် မကွေးတိုင်းအခြေစိုက် သတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီ ရေးသားရန် လေတံခွန်ပုံပြင်များက ပံ့ပိုးကူညီပါသည်။

မကွေးတိုင်း ယောဒေသထဲက ဒီရွာကို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကျွန်မရောက်လာခဲ့တယ်။ သတင်းအလုပ်တွေလုပ်ရင်း နေထိုင်ရင်းနဲ့ပဲ လေးလဆိုတဲ့ကာလတစ်ခုအကြာမှာ စိတ်က နည်းနည်းနေသားကျလာတယ်။ ရွာမှာ ဖေဖော်ဝါရီလထဲ စုပေါင်းရှင်ပြုပွဲတစ်ခုရှိတာမို့ ရွာသူရွာသားတွေဟာ စီစဉ်စရာတွေ ကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတယ်။ 

ယောဒေသမှာ အလှူပွဲတွေက အလှူရှင်တစ်ဦးတည်းမဟုတ်ဘဲ စုပေါင်းအလှူဆိုပြီး လှူကြတာ များတယ်။ ကျွန်မလည်း ၂၀၂၄ တုန်းက ယောဒေသထဲ ပထမဆုံးရောက်တဲ့အခါကျမှ ကြုံဖူး၊ မြင်ဖူးတာ။ ကျွန်မတို့ အညာဘက်က အလှူတွေနဲ့ မတူဘူး။ အညာမှာက အလှူဝင်မှာ ရှင်လောင်းလှည့်၊ ညနေ အလှည့်ပြန်တွေကို ထမင်းကျွေးတယ်။ အလှူကြီးနေ့မှာတော့ ဆိုင်းနဲ့ဧည့်ခံ၊ ထမင်းကျွေး။ နေ့လယ်မှာ ရှင်လောင်းတွေကို ဆံချ၊ သင်္ကန်းစည်းပြီးရင် အလှူအထမြောက်ပြီ။ ယောမှာကတော့ အလှူမတိုင်မီ ၅ ရက် ဒါမှမဟုတ် ၃ ရက်အလိုမှာ မောင်ရင်လောင်းတွေကို ဘိသိတ်ဆရာနဲ့ အရင်ဆံချတယ်။ အလှူဝင်နေ့မှာလည်း ညနေထမင်းကျွေးတယ်။ အလှူကြီးနေ့ မနက်အစောဆို အလှူလှည့်တယ်။ ရွာတစ်ပတ်နဲ့ ဘုန်းကြီးကျောင်းကို သုံးပတ်။ ပြီးမှ တရားနာ၊ သင်္ကန်းစည်းပြီး အလှူသိမ်းကြတယ်။

အခုချိန်မှာ ဒီရှင်ပြုပွဲအကြောင်း အမှတ်တရ ပြန်ပြောပြရမယ့်အစား ကျွန်မတို့တွေ ရင်နာနာနဲ့ မှတ်မိနေတဲ့နေ့စွဲက ဖေဖော်ဝါရီ ၅။ အလှူအတွက် ပေါက်ပေါက်ဆုပ်နယ်ကြသူတွေ၊ မုန့်လေပွေ ကြော်ကြသူတွေ၊ ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စလုပ်ကြသူတွေ၊ မဏ္ဍပ်ထိုးကြသူတွေ၊ တောင်ယာသွားကြသူတွေနဲ့ အရမ်းမထူးခြားတဲ့ ဆောင်းတွင်းနေ့ရက်တစ်ရက်။ ရွာထဲနဲ့ လှမ်းတဲ့ တောထဲမှာနေတဲ့ ကျွန်မကတော့ ကျန်းမာရေးအခြေအနေတစ်ခုကြောင့် ဆေးတွေချိတ်ထားရ၊ အနာရှိန်၊ အဖျားရှိန်နဲ့ အဲဒီနေ့က အိပ်ရာထဲ လဲနေခဲ့တယ်။

ညနေ ၄ နာရီခွဲဝန်းကျင်မှာ တချို့က တောသိမ်းပြီး ရွာထဲပြန်လာကြပြီ။ ၅ နာရီမထိုးခင်လောက်မှာ  မကွေးလေတပ်က ဂျက်ဖိုက်တာတစ်စင်း တက်လာနေတယ်ဆိုတဲ့ သတိပေးသံကို ကျွန်မအပါအဝင် ရွာသူရွာသားတွေ ကြားကြတယ်။ ရွာကိုဦးတည်တာမှန်း ကျွန်မတို့ သိလည်းမသိခဲ့ ထင်လည်း မထင်ခဲ့ဘူး။ ခဏလေးကြာတော့ ဗုံးကြဲသံ နှစ်ခါလောက် အရင်ကြားတယ်။ ကြားကြားချင်း ရွာကိုမဟုတ်ဘဲ ရွာအနီးဝန်းကျင်လို့ ထင်နေသေးတယ်။ တစ်ချိန်တည်းမှာပဲ ရွာကိုများကြဲသွားရင်ဆိုပြီး စိတ်ထင့်သွားတယ်။ ရွာထဲကလူတွေကို စိတ်ပူတဲ့အပြင် ရွာမှာ အိမ်ခြေစိပ်တော့ ဗုံးကြဲခံရရင် အကုန်ပါသွားမလားဆိုပြီး စိုးရိမ်နေမိတယ်။ သုံးကြိမ်မြောက်မှာတော့ ရွာထဲတည့်တည့် ကြဲချခံလိုက်ရတယ်။

ဓာတ်ပုံသတင်းထောက်မို့ မှတ်တမ်းပုံ သွားရိုက်ချင်ပေမယ့် ကိုယ်တိုင်က လူမမာဖြစ်နေတဲ့အပြင် ပစ်ပြီးတဲ့အထိ လေယာဉ်က ဝဲနေသေးလို့ ကျွန်မ ရွာထဲ မဝင်ရဲသေးဘူး။ ရွာထဲက မီးခိုးလုံးတွေ အူတက်လာတာ မြင်ရတယ်။ မီးစတွေလည်း ရဲတောက်လို့။ ဖြစ်ပြီး နာရီပိုင်းလောက်ကြာတဲ့အခါ ဗုံးကြဲသွားတဲ့ ဓာတ်ပုံတွေ၊ ရုပ်သံတွေကို ဒေသခံတစ်ယောက် ပို့ပေးလို့ ကြည့်ရတယ်။ ပုံတွေထဲမှာ ရွာလယ်လမ်းရဲ့ မြောက်ဘက်တစ်ခြမ်းလုံး ဖွာလန်ကြဲနေတာ မြင်ရတယ်။ ဝဖိုင့်ဖိုင့်အမျိုးသမီးအလောင်း တစ်လောင်းရယ်၊ ကလေးငယ်လေးနှစ်ယောက်ရဲ့ အလောင်းရယ်။ သေချာကြည့်တော့ အမျိုးသမီးက ခေါင်းနဲ့ ဘယ်လက်တစ်ဖက် မပါတော့ဘူး၊ ကလေးငယ်လေးနှစ်ယောက်မှာလည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မပြည့်စုံတော့ဘူး။ ဗုံးတည့်တည့်ကျတဲ့ အိမ်ဟာ သွပ်စတွေ၊ ပျဉ်ပုံစတွေ ပွကျဲလို့။ အဲဒီအိမ်မှာက လေဖြတ်နေတဲ့ မိခင်နဲ့ သမီးတစ်ယောက်ပဲ ရှိတယ်။ ဖြစ်ချင်တော့ ရွာအရှေ့ပိုင်းကနေ အနောက်ပိုင်းကို ဖိနပ်လာရောင်းတဲ့ ၁၀ နှစ်အရွယ် ကလေးမလေးနှစ်ယောက်နဲ့ အမေဖြစ်သူကလည်း လေယာဉ်လာလို့ အဲဒီအိမ်ထဲ ပြေးအဝင် ဗုံးကျတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ခန္ဓာကိုယ်အပိုင်းအစတွေ ဆိုးဆိုးဝါးဝါး ပြန့်ကျဲကုန်တယ်။ ကျွန်မစိတ်ထဲခံစားရတဲ့ နာကျင်မှုကို ပြန်မပြောပြတတ်အောင်ပဲ။  

ညပိုင်းမှာ ရွာသားတွေဟာ တစ်စစီဖြစ်သွားတဲ့ အလောင်းတွေကို ကျုံးပြီး သင်္ဂြိုလ်စက်ကို ပို့ရတယ်။ အသားစတွေက ဟိုပျဥ်ပုံအောက်ရောက်၊ ဒီသွပ်စအောက်ရောက်။ မီးကလည်း လောင်နေသေးတော့ တခြားအိမ်တွေ မီးမကူးအောင် မီးကို အရင်ငြှိမ်းရသေးတယ်။ အဲဒီလိုနဲ့ ည ၁ နာရီမှ အလောင်းတွေကို မီးသင်္ဂြိုလ်လို့ ပြီးကြတယ်။

ဒီရွာလေးမှာ တိုက်ပွဲလည်းမရှိ၊ တော်လှန်ရေးတပ်တွေလည်း မရှိဘဲ ဘာကြောင့် ရက်ရက်စက်စက် ဗုံးကြဲရတာပါလိမ့်လို့ စိတ်ထဲအကြိမ်ကြိမ် တွေးမိတယ်။ ပစ်မှတ်ထားစရာ ဘာမှမရှိပါဘဲ ဗုံးကြဲခံရတဲ့အခါ ရွာကလူတွေဟာ အထိတ်တလန့်ဖြစ်ကုန်တယ်။ နောက်တစ်ကြိမ်များ ထပ်လာဦးမလားဆိုတဲ့ စိတ်ဒဏ်ရာတွေက ကျွန်မအပါအဝင် တစ်ရွာလုံးမှာ ရှိနေဆဲ။ တချို့လည်း ကိုယ်စီကိုယ်စီ ဟိုတိမ်းရှောင် ဒီတိမ်းရှောင်နဲ့ တစ်ပတ်လောက် ရွာမှာ လူသိပ်မရှိဘဲ ခြောက်ကပ်ကျန်ခဲ့တယ်။ စီစဥ်ထားတဲ့ ရှင်ပြုပွဲကိုလည်း အလှူဖြစ်တယ်ဆိုရုံသာ လုပ်လိုက်ကြတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွာထဲရောက်တုန်း ပတ်ဝန်းကျင်ကို လေ့လာမိသလောက် ဗုံးကြဲခံလိုက်ရတဲ့အိမ်လေးဟာ မြေပေါ်ကနေ ပျောက်သွားပြီ။ ခြံဝန်းလေးပဲ ခတ်ထားပြီး ဘယ်သူမှလည်း မနေကြတော့ဘူး။ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုဝင်တွေလည်း တစ်နယ်တစ်ကျေးပြောင်းပြီး လူမြင်ကွင်းကနေ ရှောင်သွားကြတယ်။ ကျွန်မလည်း ကိုယ်နဲ့အနီးကပ်ဆုံးမှာ ဗုံးကြဲသွားတာ လနည်းနည်းကြာနေပြီဆိုပေမယ့် ဗုံးကြဲသံနဲ့ ဂျက်ဖိုက်တာခေါင်းထိုးဆင်းလာတဲ့ အသံတွေကို မေ့မရဘူး။ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပစ်လို့ ပြေးရတယ်ဆိုတဲ့ အိပ်မက်ဟာလည်း ကျွန်မဆီ ရောက်ရောက်လာဆဲ။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။