ဆယ်စုနှစ်များစွာ နိုင်ငံမဲ့နေရသူတွေဆီသို့

ဆယ်စုနှစ်များစွာ နိုင်ငံမဲ့နေရသူတွေဆီသို့

Thai - Myanmar border

စာရေးသူသည် ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီ ရေးသားရန် လေတံခွန်ပုံပြင်များက ပံ့ပိုးကူညီပါသည်။

အရင်က မှတ်တမ်းရုပ်ရှင်တစ်ခုထဲမှာ မြင်ဖူးတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုဆီ ပြီးခဲ့တဲ့လက ပထမဆုံးအကြိမ် ကျွန်တော်ရောက်သွားဖြစ်ခဲ့တယ်။  

၂၀၂၅ နှစ်စပိုင်းမှာ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ ပြည်ပအကူအညီအထောက်အပံ့တွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တာကြောင့် လူသိန်းချီရှိတဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေမှာ  ဆေးရုံတွေပိတ်လိုက်ရပြီး လူနာတွေသေကြရတဲ့ ဖြစ်ရပ်တွေကို မှတ်မိကြဦးမယ်ထင်တယ်။

တစ်နှစ်အကြာ မှာတော့ ဒုက္ခသည်စခန်းတစ်ခုထဲကို ကျွန်တော်ဝင်သွားနိုင်ခဲ့တယ်။  သတင်းဌာနတစ်ခုအတွက် ဆောင်းပါးလုပ်ဖို့တာဝန်နဲ့ လမ်းစရိတ်အနည်းငယ်ယူပြီး  ရောက်သွားတာပါ။

တောင်စောင်းမြင့်မြင့်တွေပေါ်မှာ တဲအိမ်ကလေးတွေ အစုလိုက်ဖြစ်နေတဲ့ အဲဒီနေရာကို ကားလမ်းပေါ်ကနေ လှမ်းတွေ့လိုက်ကတည်းက ရေရှည်နေဖို့ မလွယ်တဲ့နေရာမှန်း သိသာတယ်။ ဒါပေမဲ့ အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကနေ ပြေးလာသူတွေကတော့ ဒီမှာနေကြတာ ဆယ်စုနှစ် ၅ ခုဝန်းကျင် ရှိနေကြပြီ။

ဆောင်းအကုန် နွေဦးပိုင်းရောက်ပြီမလို့ မြို့ပေါ်မှာ အနွေးထည်မရှိဘဲ နေလို့ရပေမဲ့ ကျွန်တော် ၂ ည အိပ်နေခဲ့တဲ့ ဒီစခန်းထဲမှာတော့ အနွေးထည်ဝတ်ထားတာတောင် ခြေအိတ်နဲ့ လက်အိတ်မပါဘဲ မနေနိုင်ဘူး။ တောင်ကျရေကို စုပ်ယူသိုလှောင်ထားတဲ့ ရေချိုးကန်ကလေးမှာ ရေတစ်ကြိမ်ပဲ ချိုးနိုင်ခဲ့တယ်။ “အခုမှတော်သွားတာ။ လွန်ခဲ့တဲ့ရက်တွေကဆို ကန်ထဲမှာ ရေတွေအချပ်လိုက်ခဲနေလို့ ရိုက်ခွဲရတယ်” လို့ ဒုက္ခသည်တစ်ယောက်က ဆိုတယ်။

အိမ်တွေက သံချေးတက်နေတဲ့ သွပ်မိုးလေးတွေဆိုပေမဲ့ အကာတွေက ခနော်နီခနော်နဲ့ ထရံတွေပဲဆိုတော့ အအေးဒဏ်ကို ခံနိုင်ရည်မရှိဘဲ လေတိုက်တိုင်းကျောစိမ့်ရတယ်။ တောထဲက သစ်ပင်တွေကို အိမ်ဆောက်ဖို့ပဲဖြစ်ဖြစ်၊ ထင်းစိုက်ဖို့ဖြစ်ဖြစ် ခုတ်မိရင် သစ်တောအာဏာပိုင်တွေက အပြင်းအထန် အရေးယူလေ့ရှိတယ်လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောပြတယ်။

ထမင်းဝိုင်းတွေကို လိုက်ကြည့်တော့ ဟင်းအကောင်းဆုံးက ကြက်ဥကြော်လို့ ဆိုနိုင်ပြီး ငါးခြောက်နဲ့ ငါးပိရည်ကျဲတို့ကို အားပြုစားကြတယ်။ စခန်းထဲက ရိက္ခာဂိုဒေါင်ကြီးကတော့ သော့ခတ်လျက်သား။ International Rescue Committee - IRC  လို နိုင်ငံတကာကူညီရေးရုံးတွေလည်း အလားတူပဲ သော့ခတ်ပိတ်သွားကြပြီ။

ထိုင်းအစိုးရဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ ကွန်ဗန်းရှင်းမှာ လက်မှတ်ထိုးမထားတာကြောင့် သူတို့ကို ယာယီစစ်ဘေးရှောင်အဖြစ်သာ လက်ခံထားနိုင်ပါတယ်။ ဒီစခန်းမှာ မြန်မာပြည်တောင်ဘက်အခြမ်းက ကရင်လူမျိုးတွေနဲ့ မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီးပေမဲ့ မှတ်ပုံတင်လုပ်ရခက်တဲ့ အစ္စလာမ်ဘာသာဝင်တွေ အများစု နေကြတယ်။​ နှစ်ပေါင်းများစွာ နိုင်ငံမဲ့ဘဝနဲ့ နိုင်ငံတကာအကူအညီတွေကိုပဲ အားကိုးနေရချိန် USAID (နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ) ရပ်သွားတာဟာ သူတို့အတွက်တော့ ကြမ္မာငင်တာပဲ။

ကျွန်တော် ပြည်တွင်းမှာနေစဉ်က တချို့အသိုင်းအဝိုင်းတွေဆီကနေ ကြားဖူးတာရှိတယ်။ ဒုက္ခသည်တွေဟာ သူများအထောက်အပံ့ယူပြီး အလုပ်မလုပ်မဘဲ ဘဝကိုဖြတ်သန်းချင်ကြသူတွေ ဆိုပြီးတော့။ အမှန်က သူတို့အလုပ်မလုပ်ချင်ကြတာမဟုတ်ဘူး။ အလုပ်လုပ်ခွင့် မရတာပါ။ တချို့ကတော့ ရတဲ့နည်းနဲ့ အလုပ်ထွက်လုပ်ကြပြီး လုပ်ငန်းခွင်အတွင်းမှာ ဖိနှိပ်တာကို သည်းခံကြရတယ်။ အခန့်မသင့်ရင် ရဲအဖမ်းခံရလို့ လုပ်ခလစာထက်ပိုတဲ့ ငွေပေးပြီး ဖြေရှင်းရတတ်တယ်။

မနှစ်ကမှ ထိုင်းအစိုးရက အသက် ၁၈ ကနေ  ၃၅ နှစ်အတွင်းဆိုတဲ့ အသက်ကန့်သတ်ချက်နဲ့ တရားဝင်အလုပ်ထွက်လုပ်ခွင့် ပြုလိုက်လို့သာ တချို့အလုပ်သွားလုပ်နေကြပါပြီ။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံသားတွေမလုပ်ချင်တဲ့ အောက်ခြေအလုပ်မျိုးတွေသာ လုပ်ရပြီး  အဆင်မပြေမှုတွေနဲ့ ပြန်လာရသူတွေ အများကြီး ရှိတယ်။

အလုပ်အကိုင်အဆင်မပြေမှုရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ရှိလာတယ်။ ကျွန်တော်ရောက်နေတုန်း စခန်းရပ်မိရပ်ဖတွေရဲ့ တရားရေးကော်မတီက  အိမ်တွင်းအကြမ်းဖက်အမှုတစ်ခုကို တရားစီရင်တာ လေ့လာခွင့်ရခဲ့တယ်။ ၂၀၂၆ နှစ်စပိုင်းမှာတင် ဒါမျိုးအမှု ၅ မှုလောက်ရှိတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပြတယ်။

ဒုက္ခသည်တွေကို ဒီရောက်တာ ဘယ်လောက်ကြာပြီလဲလို့ ကျွန်တော် လိုက်မေးကြည့်တော့ ၁၅ နှစ်ကနေ နှစ် ၃၀ လောက်ကြာပြီလို့ ဆိုကြတယ်။ တချို့က ဒီမှာပဲအိမ်ထောင်ပြု ကလေးတွေမွေးကြပြီး နောက်မျိုးဆက်တစ်ခုတောင် ဖြစ်ထွန်းနေကြပြီ။ ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက မြန်မာပြည်ဟာ မငြိမ်းချမ်းခဲ့ဘဲ လူတွေကို ကိုယ့်အိမ်ကိုယ့်ရာမှာ မနေနိုင်အောင် မောင်းထုတ်ခဲ့တယ်ဆိုတာ ဒီလူတွေက သက်သေပါပဲ။

ကလေးတွေကို စခန်းတွင်းက ကိုယ်ထူကိုယ်ထကျောင်းမှာပဲ အများစုက ထားကြတယ်။ ထိုင်းအစိုးရကျောင်းက ပေါ်လစီအမျိုးမျိုးပြောင်းပြီး တချို့ကလေးတွေဆို ကျောင်းအပ်ပြီးမှ လက်မခံကြောင်း အကြောင်းကြားခံရလို့ မိဘတွေ ငိုကြရတာမျိုးတွေ ရှိတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ မိဘတွေက ကျွန်တော့်ကို ပြောပြတယ်။

ကျွန်တော့်လို သတင်းသမားတယောက်ကို သူတို့ရဲ့အခက်အခဲတွေ အားတက်သရော ပြောချင်ကြပေမဲ့ တရားဝင်ပြောဆိုခွင့်မရှိလို့ မဝံ့မရဲဖြစ်နေတာကြောင့် ယုံကြည်မှုရအောင် အချိန်ယူ ချဉ်းကပ်ခဲ့ရတယ်။

ဒီစခန်းက ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စာ၊ ရုပ်သံနဲ့ ဓာတ်ပုံသတင်းတွေ ကျွန်တော်လုပ်နိုင်ခဲ့တယ်။​ ၂ လလောက်အကြာမှာ ဥရောပသမဂ္ဂက ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်တွေအတွက် ယူရို ၁၅ သန်း (ဘတ်သန်း ၅၇၀) ခန့် ထောက်ပံ့မယ့် အစီအစဉ်သစ်တခု ထုတ်ပြန်ကြေညာတယ်။ ဒါဟာ ကျွန်တော်လုပ်ခဲ့တဲ့သတင်းတွေရဲ့ အကျိုးသက်ရောက်မှုလို့ သေချာပေါက် မဆိုနိုင်ပေမဲ့ ကျွန်တော် လုပ်နိုင်သလောက် လုပ်ဖြစ်ခဲ့လို့ ဝမ်းသာမိတယ်။ ဒီအတွက်ရခဲ့တဲ့စာမူခက ကုန်ကျစရိတ်ကာမိရုံလောက်ပဲရှိခဲ့ပြီး နောက်ထပ်သတင်းဆောင်းပါးတပုဒ် ထပ်ထုတ်နိုင်ဖို့ အင်အားမရှိပါဘူး။ ကျွန်တော်တို့လို သတင်းသမားတွေအတွက်က ဒီလိုဒုက္ခသည်တွေရဲ့ အသံတွေ ဆက်လက် ဖော်ထုတ်နိုင်ဖို့ဆို ထိုက်တန်တဲ့စာမူခနဲ့ တည်ငြိမ်တဲ့ ရံပုံငွေအထောက်အပံ့လိုအပ်နေတာအသေအချာပဲ။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော JC ၏ အနုပညာလက်ရာဖြစ်သည်။