အင်းဘေးက အရသာရှိတဲ့ ငါးဟင်း

အင်းဘေးက အရသာရှိတဲ့ ငါးဟင်း

အင်းတော်ကြီး၊ ကချင်ပြည်နယ်။

အေးဆေးတည်ငြိမ်ပြီး ကြည်လင်တဲ့ ရေတွေ ရှိတဲ့ အင်းတော်ကြီးအိုင်ဟာ မြန်မာနိုင်ငံက အကြီးမားဆုံး ရေချိုအိုင် ဖြစ်သလို အိုင်နဲ့ အနီးတဝိုက်က wetlands (စိမ့်မြေ) တွေဟာ တစ်ကမ္ဘာလုံး ပျောက်လုဆဲဆဲ ဖြစ်နေတဲ့ ရေငှက်တွေ၊ ဒီအိုင်မှာပဲ တွေ့ရတဲ့ ငါးနဲ့ လိပ်မျိုးစုံတွေ အတွက်ကတော့ တကယ့်သုခဘုံပါပဲ။  စိမ်းလန်းစိုပြေ ကြည်လင်တဲ့ အိုင်ရဲ့ အနီးတဝိုက်ရှိ ကျေးရွာတွေဟာ သူတို့ရဲ့ စားနပ်ရိက္ခာနဲ့ အသက်မွေးဝမ်းကျောင်းဖို့ အင်းတော်ကြီးကို အမှီပြု နေကြသူတွေ ပါ။ ရွာတွေထဲက လူကြီးတချို့ကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းက ထိုးစစ်ဆင်တက်လာတဲ့ ဂျပန် စစ်တပ်တွေ၊ စစ်ဆုတ်လာကြတဲ့ ဒဏ်ရာရ ဗြိတိသျှစစ်သားတွေ၊ သူတို့ကို လာခေါ်တဲ့ ဗြိတိန်နိုင်ငံက ကယ်ဆယ်ရေး စစ်လေယာဉ်တွေကို မှတ်မိနေပါသေးတယ်။

အခုအချိန်အထိလည်း အင်းတော်ကြီးဟာ လူသားတွေ စစ်ပြုနေတာတွေ၊ တိုက်ခိုက်နေတာတွေကို တွေ့မြင် ဖြတ်သန်းနေရဆဲပါပဲ။ အခုအချိန်မှာတော့ မြန်မာနိုင်ငံစစ်တပ်နဲ့ တိုင်းရင်းသား ကချင်လက်နက်ကိုင်တပ်တွေကြားက စစ်ပွဲတွေ ပေါ့။

ဒီလို ပဋိပက္ခတွေကို ကြောက်လန့်တာရယ်၊ ကျောက်စိမ်းတွေ ထွက်ပေါ်ပြီး မြေပြိုမှုတွေ မကြာခဏ ဖြစ်တတ်တာရယ်၊ မူးယစ်ဆေးတွေရဲ့ ကပ်ဘေးဆိုက်နေဆဲ ဖြစ်တာရယ်၊ ပြည်တွင်း ပြည်ပက သတင်းထောက်တွေ နိုင်ငံခြားသားတွေ သွားလာဖို့ အလွန်ခက်ခဲပြီး ကန့်သတ်နယ်မြေ ဖြစ်နေတဲ့ ဖားကန့်ဒေသနဲ့ နီးတာရယ် တွေကြောင့် ဒီလောက် သဘာဝ အရ အလွန်လှပတဲ့ နေရာဟာ အင်းလေးနဲ့ ယှဉ်ရင် လာတဲ့ဧည့်သည်တွေရဲ့ အနည်းအကျဉ်းမျှသာ ရှိပါတယ်။

Flora and Fauna International ရဲ့ အကူအညီနဲ့ ဖွဲ့ထားတဲ့ အင်းချစ်သူ ဆိုတဲ့ ဒေသခံ သဘာဝ ခရီးသွားလုပ်ငန်း ကတော့ ဒီအခြေအနေကို ပြောင်းဖို့ ပြုလုပ်နေပြီး ခရီးသွားလုပ်ငန်းလည်း တိုးတက်စေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ဓလေ့ထုံးတမ်းတွေလည်း မပျက်စီး မပျောက်ပျက်ရအောင် ဘယ်လို လုပ်ကြမလဲ ဆိုတာကို ဆက်လက်ပြီး ဆွေးနွေးနေကြပါတယ်။

ကျွန်မတို့ အင်းတော်ကြီးမှာ ရှိစဉ်တုန်းက အနှစ်ခြိုက်ဆုံး စားသောက်ဖွယ်ကတော့ ကချင်ချက်နည်းနဲ့ ချက်ထားတဲ့ ငါးဟင်းပါပဲ။ ကန်ဘေးက အိမ်ကလေးပေါ်က မြက်ခင်းပြင်ပေါ်မှာ ချက်တာမို့လို့ ရှုခင်းလှတဲ့ အပြင် အစားအသောက် ကလည်း အရသာ အလွန်ရှိပါတယ်။ အင်းချစ်သူ စပြီးဖွဲ့ကတည်းက ပါဝင်တဲ့ မစုလှဖြူရဲ့ မိသားစုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကတည်းက ဧည့်သည်တွေကို ကြိုဆိုခဲ့ကြသူတွေ ဖြစ်ပြီး သူရဲ့ စီစဉ်မှုနဲ့ ဒီဟင်း ချက်ဖြစ်တာပါ။

ဒီ ချက်နည်းမှာ ငါးကို သုံးထားပေမယ့် အခြားအသားတွေ အသီးအရွက်တွေနဲ့ လဲလှယ်ပြီး ချက်လို့ ရပါတယ်။<

Preparing the curry
Ingredients:
ငါး Any type of fish
ကြက်သွန်နီ Shallots
ကြက်သွန်ဖြူ Garlic
ဂျင်း Ginger
ငါးပိ Fermented fish paste
မက်လင်သီးခြောက် Dried baobab fruit
ဖက်ဖယ်ရွက် Praew leaf or Vietnamese coriander
ပင်စိန်းရွက် Basil
ကြက်သွန်မိတ် Spring onion
ပဲဆီ Peanut Oil
ဆနွင်း Pinch of turmeric
ငရုတ်သီးစိမ်း Fresh chilies
ဆား Salt

ချက်ပြုတ်ပုံ

အရသာ ပိုပြီးထွက်အောင် ငါးကို ဆားရယ်၊ အသားမှုန့်ရယ်နဲ့ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီကြာ နယ်ပြီး နှပ်ထားပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ ဂျင်းကို ထောင်းပါ။ ငါးရယ်၊ ထောင်းထားတာတွေရယ်၊ မက်လင်သီး ခြောက်တွေကို မီးပေါ်တင်ထားတဲ့ ဟင်းအိုးထဲမှာ ထည့်ပါ။ ငါးပိအနည်းငယ်နဲ့ ဆနွင်းကိုလည်း ထည့်ပါ။ ပြီးရင် အားလုံးကို သမသွားအောင် ရောမွေပေးပါ။ ဆီအနည်းငယ် ထည့်ပြီး အဖုံးကို အုပ်ထားပြီး ၁၀ မိနစ်လောက် ချက်ပါ။ ပြီးရင် အဖုန်းဖွင့်ပြီး ငါးတွေ မြုပ်တဲ့အထိ ရေထည့်ပါ။ မွှေပြီးမှ အဖုန်းကို ပြန်ပိတ်ပါ။ ပင်စိန်း၊ ဖက်ဖယ်ရွက်နဲ့ ကြက်သွန်မိတ်ကို ကြမ်းကြမ်းလေး လှီးဖြတ်ပြီး အိုးထဲ ထည့်ပါ။ ပွက်ပွက်ဆူလာတဲ့ အထိ စောင့်ပြီးမှ အရသာကို မြည်းကြည့်ပါ။ ပြီးရင်စားလို့ရပါပြီ။