စစ်အာဏာသိမ်းမှုနဲ့ သတင်းထောက်

စစ်အာဏာသိမ်းမှုနဲ့ သတင်းထောက်

ကယားပြည်နယ်

စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ကျွန်မက လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့  ကရင်နီပြည်နယ်က သတင်းထောက် တစ်ယောက်ဖြစ်ပါတယ်။ လူတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို သက်ဆိုင်ရာအစိုးရဆီ ဖော်ပြပေးချင်တာရယ် မရောက်ဖူးတဲ့ ဒေသတွေကိုသွားပြီး သတင်းရယူတင်ဆက်ချင်တာရယ်တွေကြောင့်ပါ။ 

ဒါပေမယ့် ဒီအလုပ်ကြောင့် နိုင်ငံကိုစွန့်လွှတ်ပြီး မိသားစုနဲ့ဝေးတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသကိုရောက်သွားလိမ့်မယ်လို့ မထင်မိဘူး။ မရောက်ဖူးတဲ့ဒေသကို လတ်တလောဆိုပြီး အခြေချနေရတာ အခုဆို ၃ နှစ်ရှိပြီပေါ့။

စစ်အာဏာသိမ်းကာလ အစောပိုင်းတွေမှာ သတင်းသမားအလုပ်ဆက်လုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီး နှိမ်နင်းသတ်ဖြတ်မှုတွေ တနေ့ထက် တနေ့ ဆိုးရွားလာပြီး သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ သတင်ူသမားတွေကို ပစ်မှတ်ထား ရှာဖွေဖမ်းဆီတာတွေရှိလာတဲ့ အတွက် ကျွန်မ မိသားစုနဲ့အတူ အိမ်မှာမနေတော့ပဲ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေ ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။

တစ်ဆက်တည်းမှာပဲ အစိုးရဝန်ထမ်းအလုပ်ကို လုပ်ကိုင်နေတဲ့ အစ်မဖြစ်သူကလည်း အာဏာရှင်ဖီဆန်တဲ့ လူထုလှုပ်ရှားမှု ( CDM ) မှာ ပါဝင်ခဲ့တဲ့အတွက် အလုပ်ထုတ်ခံရပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲတွေမဖြစ်ပွားသေးခင်မှာတော့ မိဘတွေက တောင်ယာလုပ်ငန်းတွေနဲ့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းခဲ့ရပါတယ်။ 

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ ၂၀၂၁ ခုနှစ် မေလ ၂၁ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့မြို့မှာ လျှပ်စစ်မီးပြတ်တောက်သွားသလို၊ တစ်ပြည်နယ်လုံး အင်တာနက်လိုင်း ဖုန်းလိုင်း အဆင်ပြေမတော့ပါဘူး။  

ဆိုတော့ သတင်းဆက်လက်လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက်သတင်းတင်ဆက်မှုတွေကို ဆက်လက်ပြုလုပ်နိုင်ဖို့ မိသားစုနဲ့ အလှမ်းဝေးလှတဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ရွေးချယ်ဖို့ဖြစ်လာပါတယ်။

ကရင်နီပြည်မှကနေ တောတောင်တွေကို ကျော်ဖြတ်ပြီး တစ်တောင်တက်တစ်တောင်ဆင်းရင်း ခြေလျင်ခရီးနဲ့ ၅ ရက်လောက် သွားခဲ့ရပါတယ်။ ထိုင်း-မြန်မာနယ်စပ်ဒေသရောက်တော့လည်း တရားဝင်အနေနဲ့ နေထိုင်ရတာမျိုးမဟုတ်ခဲ့ပါဘူး။ 

ရံဖန်ရံခါ ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးမှုတွေကြောင့် တောတောင်ကြား ရှောင်တိမ်းခဲ့ရတဲ့ အချိန်တွေလည်း ရှိနေပါသေးတယ်။ 

အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ မိသားစုတွေဟာလည်း အလုပ်လက်မဲ့တွေဖြစ်လာခဲ့ပြီး အထောက်အပံ့တွေလိုအပ်လာခဲ့ပါတယ်။ ရှည်ကြာလာတဲ့ နှစ်ဖက်တိုက်ပွဲတွေကြား အိုးအိမ်စွန့်ခွာရတဲ့ မိသားစုရဲ့ နေရပ်ကိုပြန်နေဖို့ သေချာမနေခဲ့ပါဘူး။

အိုးအိမ်စွန့်ခွာပြီးနောက်မှာလည်း နေအိမ်ကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူမှုတွေခံနေခဲ့ရပါတယ်။ တိုက်ပွဲဇုန်ထဲရှိနေတဲ့ မိဘတွေရဲ့ ချွေးနှဲစာ အိမ်အိုဟာလည်း လက်နက်ကြီးနဲ့ ကျဉ်ဆံဒဏ်တွေကြားမှာ ယိုယွင်းလာနေခဲ့ပါတယ်။ 

အာဏာမသိမ်းခင်က မိသားစုဝင်တိုင်းရဲ့ ကိုယ်စီဝင်ငွေအနည်းငယ်နဲ့ မိသားစုစားဝတ်နေရေးချောင်လည်ခဲ့ပေမယ့် စစ်ရှောင်ကာလမှာတော့ တနေ့တခြား ပိုမိုကျပ်တည်းလာခဲ့ပါတယ်။ 

ဒီလိုနဲ့ ကျွန်မရဲ့ ညတွေကိုအိမ်မက်ဆိုးတွေကလွှမ်းမိုးထားခဲ့ပါတယ်။ ကိုယ်ကိုတိုင်အတွက်ရော စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့မိသားစုအတွက်ပါ နေ့စဉ် စိုးရိမ်မှုတွေနဲ့ နေခဲ့ရပါတယ်။

စစ်ရှောင်စခန်းတွေအထိလည်း စစ်ကောင်စီက လက်နက်ကြီးတွေ လေကြောင်းနဲ့ ပစ်ခတ်ဗုံးကြဲမှုတွေရှိခဲ့တဲ့အတွက်  အသက် ၆၀ နီးပါးရှိပြီဖြစ်တဲ့ အဒေါ်ဖြစ်သူလက်နက်ကြီးကြောင့် သေဆုံးခဲ့ရသလို ဦးလေးကလည်း လက်နက်ကြီးစ ဒဏ်ရာရခဲ့ရပါတယ်။ 

ဆွေမျိုးရင်းခြာထဲကလည်း သေဆုံးမှုအထိရှိခဲ့ပြီး ငယ်သူငယ်ချင်းတချို့နဲ့ မိတ်ဆွေအများစုကလည်း လက်နက်တွေကြောင့် မထင်မှတ်ပဲ သေဆုံးမှုပိုပိုများလာခဲ့ပါတယ်။ အခုလို ပဋိပက္ခတွေကြားထဲမှာ နေ့စဉ်သတင်းရေးသားရင်း ကိုယ်ကိုတိုင်စိတ်ထိခိုက်ခဲ့ရပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံမဲ့အဖြစ် နယ်စပ်ဒေသမှာ နေထိုင်ရင်း တိမ်းရှောင်နေရပါတယ်။ ဒီလိုစိတ်ဖိစီးမှုအပြင် ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေနေ့စဉ်ရင်ဆိုင်ရပေမယ့် သတင်းထောက်အလုပ်ကိုတော့ ဆက်လုပ်ဖြစ်နေပါသေးတယ်။ 

ရှည်ကြာလာတဲ့ ပဋိပက္ခကာလမှာ ပိုမိုလိုအပ်လာတဲ့ သတင်းတွေအတွက် သတင်းထောက်တစ်ယောက်ရဲ့ အိပ်မက်ဆိုးကတော့ အဆုံးသတ်နိုင်အုံးမှာ မဟုတ်ပါဘူး။

ပန်းချီသရုပ်ဖော် Song Bird သည် The Kite Tales မှ ပံ့ပိုးကူညီမှုကို ရရှိနေသူပါ။