ဘဝ နေအိမ်ကို ရှာဖွေနေသူ

ဘဝ နေအိမ်ကို ရှာဖွေနေသူ

မြစ်ကြီးနား၊ ကချင်ပြည်နယ်

မအာခွန်း*ဟာ အသက်အရ သုံးဆယ်အတွင်းမှာပဲ ရှိပေမယ့် ဘဝရဲ့ အဆိုးအကောင်း များစွာကို ဖြတ်သန်းလာခဲ့ရသူ တစ်ဦးပါ။

ပျော်ရွှင်ချမ်းမြေ့တဲ့ ပုံပြင်တစ်ခု မဟုတ်ပေမယ့် မုန်တိုင်းပြီးသွားလို့ နေရောင်ခြည် ဖြာထွက်လာပြီး ပေါ်လာတဲ့ တိမ်တွေလို ဘဝရဲ့ အပူအပင်တွေ တစ်ခါတစ်လေ ပေါ့ပါးသွားတဲ့ အခိုက်အတန့် ကလေးတွေလည်း ရှိခဲ့ပါတယ်။

ကောင်းတဲ့ ကံကြမ္မာနဲ့ ကြီးပြင်းလာတာကို ကျေးဇူးမတင်ဘဲနဲ့ မထူးခြားဘူး လို့ ထင်တတ်တဲ့၊ နှလုံးသားနုနယ်တဲ့ သူတွေ အတွက်တော့ သူ့ဘဝကို ကိုယ်ချင်းစာစိတ် ရှိချင်မှ ရှိပါလိမ့်မယ်။

ဒါပေမယ့် ဒါဟာ သူ့ဘဝ၊ သူ့ပုံပြင်ပါ။ သူ့ဘဝရဲ့ မျှော်လင့်ချက်တွေ၊ ကြေကွဲစရာတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆုံးရှုံးမှုတွေဟာ တခြားပုံပြင်တွေလိုပဲ ကြားသင့်၊ ကြားထိုက်ပါတယ်။

ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့ရှိ မြစ်နဘေးမှာ အဝတ်လျှော်၊ ရေချိုးနေကြတဲ့ မိသားစုတွေ

“အခု ကိုယ်တိုင်လည်း အမေနေရာမှာ ရောက်လာတယ်။ ငယ်ငယ်တုန်းကဆို ဪ ကျွန်မတို့ကို ပစ်ထားခဲ့တယ် (ဆိုပြီး)  အရမ်းစိတ်နာခဲ့တယ် ပေါ့နော်။ ပစ်ထားခဲ့တယ် ဒုက္ခရောက်တယ်။ ကျွန်မကိုယ်တိုင် ကလေးတောင် မမွေးသေးဘူး။ ကျွန်မသားကို ကိုယ်ဝန်ရှိပြီ ဆိုကတည်းက မိဘမေတ္တာကို သိတယ်”

“အိမ်ထောင် မပြုခင်ကတည်းက အဖေက တော်တော်ဆိုးတယ်။ အမေ့ကို ရိုက်တယ်။ မျက်နှာတွေ ပုဝါတွေ အုပ်ပြီးမှ ရိုက်တယ်။ အမေက အဲဒီ ဒဏ်တွေ မခံနိုင်ဖြစ်ပြီး ထွက်ပြေးသွားတာ။ အကုန် မောင်နှမ ရ ယောက်။ ကျွန်မက တတိယ သမီးပေါ့။ သူ ကိုယ်လွတ်ရုန်းပြီး ထွက်သွားလိုက်တဲ့ အချိန်မှာ ကျွန်မတို့မောင်လေးဆို အရမ်း ငယ်သေးတယ်။ ၁ နှစ်တောင် မရှိသေးဘူး”

“အဖေနဲ့ အမေနဲ့က ကျွန်မငယ်ငယ်လေး ကတည်းကနေ ရှင်ကွဲ ကွဲသွားတာပေါ့နော်။ အဖွားရယ် အဖိုးရယ် ဦးလေးတွေရဲ့ အရိပ်အောက်မှာပဲ နေခဲ့ရတယ်။  အဖေနဲ့ အမေက ရှိလျက်သားနဲ့ ရှင်ကွဲ ကွဲနေတာဆိုတော့ စိတ်ကလည်း အရမ်း ခံစားခဲ့ရတယ် ပေါ့နော်။ စိတ်ဒဏ်ရာတွေ အရမ်းရတယ်။ ကျွန်မနည်းနည်း အပေါင်းအသင်း မှားသွားတယ် ပေါ့နော်။ ကျောင်းမတက်ချင်တော့ပဲနဲ့…၊”

“ဖားကန့်ကို ရောက်သွားတာ ငယ်ငယ်လေး ကတည်းက။ ကျွန်မ ၁၄, ၁၅ အဲဒီလောက် ဝန်းကျင်။ ဖားကန့်မှာ အမေ့ညီမ ရှိတယ် ဆိုတော့ လိုက်ရှာတယ် ပေါ့။ ကျွန်မမှာ လမ်းစရိတ်လည်း မရှိဘူး။ မျက်မမြင်အဖွဲ့အစည်းတွေနဲ့ လိုက်သွားတာ။ မှော်တစ်ခုဝင် တစ်ခုထွက် သီချင်းလိုက်ဆိုတာပေါ့နော်”


ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့ဟာ လူတွေအများကြီးကို ဆွဲဆောင်ပါတယ်

“၂ လ၊ ၃ လ လောက်ကြာပြီး အားလုံး မှော်တွေလည်း စုံသွားပြီး ပြန်တော့မယ် ဆိုတဲ့ အချိန်မှာမှ အဒေါ်နဲ့ တွေ့တယ်။ တွေ့ပြီး အဲဒီအဒေါ်နဲ့ပဲ နေပြီးကျန်ရစ်ခဲ့တယ်။ နောက် အဒေါ်နဲ့ ရန်ဖြစ်ပြီး ထွက်သွားပြန်ပြီ။ အဖေ့ဘက်က အမျိုး အဒေါ် တစ်ယောက်က ဖားကန့်မှာ ဆိုင်ရောင်းတယ်။ အဲဒီမှာပဲ ထမင်းစားကျွန်ခံပေါ့။ ၂ နှစ်လောက် အလုပ် လုပ်ခဲ့တယ်။ ဘဝကတော့ အဲဒီလိုမျိုး ဖြတ်သန်းခဲ့တယ်”

အဲဒီ အချိန်မှာ မအားခွန်ဟာ သူ့ဇာတိကပဲ ဖြစ်တဲ့ သူ့ထက် အသက်အများကြီး ကြီးတဲ့ အမျိုးသားတစ်ဦးနဲ့ တွေ့ခဲ့ရာမှာ ရွာကို ပြန်ပြီး သူ့ရဲ့ ရည်းစားအနေနဲ့ နေဖို့ စည်းရုံးခဲ့ပါတယ်။

“လူပျိုကြီးပေါ့ နော်။ သူပဲ ထောက်ပံ့ခဲ့တာ ပေါ့။ ကျွန်မ ငယ်ငယ်လေး။ ယူဖို့ အထိ ကျွန်မတို့ အဲလိုမျိုး။ နောက်ပိုင်းမှာ မယူဖြစ်ဘူး။ သူက ဘာမှ မပြောဘဲ ထွက်သွားတဲ့အခါ ကျွန်မကငယ်လည်း ငယ်သေးတော့ ဆယ်ကျော်သက် အရွယ် ဆိုတော့ အရမ်းရူးရူးမူးမူး ပေါ့။ အရူးမကြီးလို ပေါ့”

အသက် ၁၈ နှစ် အရွယ်မှာ ကချင်ပြည်နယ်က မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားကို မအားခွန် ရောက်လာပြီး ကာရာအိုကေ တွေကို သွားတတ်တဲ့ သူငယ်ချင်းတွေနဲ့ တွဲမိသွားပါတယ်။ ညနေပိုင်း အပန်းဖြေစရာ ဆိုလို့ ဒါပဲ ရှိတဲ့ အချိန်မှာ မအားခွန်တို့လို အမျိုးသမီးလေးတွေဟာ သီချင်းဆိုရင်း အမျိုးသား ဧည့်သည်တွေကို ဖျော်ဖြေခဲ့ပါတယ်။ တစ်ခါတစ်လေ ကျတော့လည်း သီချင်းဆိုတာထက် ပိုသွားတာပေါ့ လေ။

“သီချင်းဆိုတာ ဝါသနာပါတော့ ဘာမှ မသိဘူး ကလေးဆိုတော့ လိုက်သွားတယ်။ ပိုက်ဆံရတာလား ဆို မရဘူး၊ အဲဒီလိုပဲ လျှောက်သွားနေတာ။ ပိုက်ဆံ ရမှန်း မရမှန်းလည်း မသိဘူး။ စိတ်လည်း အရမ်းလေနေတယ် ဆိုတော့ အဲဒီမှာ နည်းနည်း ပျက်စီးသလို ဖြစ်သွားတယ်ပေါ့ နော်”

“နောက်ပိုင်းကျတော့ အိမ်ထောင်နဲ့ တွေ့တယ်။ အဲဒီနားမှာ အရင်က ဆိုကြမယ်ပျော်ကြမယ် ရှိတယ်။ အဲဒီမှာ ကျွန်မက သီချင်းဆိုတယ်။ သူတို့ လုံခြုံရေးလာတော့ ကျွန်မ အမျိုးသားနဲ့ပဲ တွေ့ပြီး။ သူကလည်း ကိုယ့်ထက် အများကြီး ကြီးတယ်”

“သူနဲ့ ယူလိုက်ပြီးမှ အခု သားတစ်ယောက် သမီးတစ်ယောက်နဲ့။ သားသားလေးကို မွေးတော့ ကျွန်မ ၁၉ နှစ် ပြည့်ရုံ ရှိသေးတာ။ သားလေးကို မွေးပြီးမှ သူ ကျွန်မကို လက်ထပ်ခွင့်တင်တယ်။ (အိမ်ထောင်ကျတော့ကော) အရမ်း အဆင်ပြေတယ်။  ဒီတသက်တော့ တွေ့တော့မှာ မဟုတ်ဘူး။ အဲသလိုယောက်ျား။ ဒီဘဝမှာ အရမ်းကောင်းတယ်။ အမြဲတမ်း အနွံတာခံတယ်၊ အနစ်နာခံတယ်ပေါ့ နော်”

“ကျွန်မ အမျိုးသားက အရမ်းတောင့်တာ။ တကယ့်အရာရှိရုပ်၊ တောင့်တောင့်ဖြောင့်ဖြောင့် ဘော်လီဘောသမားလေ”

“သူကလည်း ကိုယ့်ကို အပျော်ကြံတာပဲ နေမှာ။ ကျွန်မ စဉ်းစားတာပေါ့နော်။ သူတို့က ဘွဲ့ရ ပညာတတ်တွေ။ ကျွန်မ ကြောင့်ပဲ သူ အရာရှိ မဖြစ်ခဲ့တာ။ ကျွန်မက ကချင်မလည်း ဟုတ်တယ်။ (အမျိုးတွေက) ဟိုးတုန်းက KIA တွေလေ။ ကျွန်မကြောင့် သူအရာရှိ မဖြစ်ခဲ့တာ”

ညနေပိုင်း အပန်းဖြေ၊ဖျော်ဖြေရေးအတွက် ကာရာအိုကေတွေပဲရှိတတ်ပါတယ်။

“ကျွန်မ အမျိုးသားက ၂၀၀၄မှာ HIV positive ။ ဝဝတုတ်တုတ်နဲ့ပဲ ထောင်ထောင်မောင်းမောင်းနဲ့ပဲ။ ၂၀၀၄ မှာ သိပြီးမှ ဆုံးသွားတယ်”

“အရမ်း နေမကောင်းဖြစ်တယ်၊ သတိလစ်သွားတယ်။ အဲဒီချိန်မှာ ကျွန်မတို့ သုံးဘီးတွေနဲ့ ကောက်တင်သွားတယ်ပေါ့ နော်။ စစ်သားဆိုတော့ စစ်ဆေးရုံ သွားရတယ်။ သူ့သွေးကို ဒီမြစ်ကြီးနားမှာလည်း စစ်လို့ မရဘူး မင်္ဂလာဒုံ စစ်ဆေးရုံ ပို့ပြီးမှ။ သက်သာလို့ ဆေးရုံဆင်းခဲ့ပြီးမှ တစ်ပတ်ကျော်လောက်မှာ ဖုန်းဝင်လာတယ်။ တပ်ကိုပေါ့ နော်။ တပ်မှူးနဲ့ ပြောမယ် ဆိုပြီး အဲဒီမှာ တစ်တပ်လုံး သိသွားတာ positive ရှိတယ် ဆိုတာ။ အရမ်းတုန်လှုပ်သွားတယ်”

“ကျွန်မတို့ ဆိုရင်လေ ခွဲခြားမှုတွေ အရမ်းခံခဲ့ရတယ်။ ကျွန်မတို့ကို မြင်ရင် ထွက်ပြေးကြတယ်။ အရမ်းအလူးအလိမ့် ခံခဲ့ရတယ်”

နောက် ၁ နှစ်မှာ မအားခွန်ရဲ့ အမျိုးသား ဆုံးသွားခဲ့ပါတယ်။

“သမီးလေးက ၁၁ လ။ သားက တစ်တန်းနဲ့ ကျွန်မ ကျွန်မ အသက် ၂၈ နှစ် ပေါ့။ ၆ နှစ် လုံးလုံး ကျွန်မ တစ်ယောက်တည်း ရုန်းကန် ကျွေးခဲ့တာပေါ့ နော်။ အရမ်းလည်း ဒုက္ခရောက်ခဲ့တာပေါ့”

“ကျွန်မမှာ ဒီကလေး ၂ ယောက်နဲ့ပေါ့ နော်။ တော်တော့်ကို ဘဝကို ကြိုးစား အမျိုးမျိုး ဖြတ်သန်းခဲ့ရတယ်။ ခဝါသည်လည်း လုပ်ခဲ့ရတယ်၊ ပန်းရံမလည်း လုပ်ရတယ်၊ ကုန်စိမ်းလည်း ရောင်းတယ်”

“ထမင်းချက်ကျွေးတယ်။ ၁ လမှာ ၇ သောင်းရမယ် ဆိုတော့ အရမ်းများပြီပေါ့ နော်။ သူတို့ရဲ့ စားကျွင်းစားကျန်လည်း ကျွန်မတို့ မိသားစု စားရမယ် ပေါ့။ ပြီးလို့ ရှိရင် ဒီ ၇ သောင်းဆို ကျွန်မ အိမ်လခလည်း ပေးနိုင်မယ်။ ကျွန်မ အရမ်းပျော်ပြီးမှ …”

ဒါပေမယ့် မအားခွန်ဟာ ၁ ရက်ပဲ ထမင်းချက်လိုက်ရပါတယ်။ သူ့အမျိုးသားရဲ့ ရောဂါဟာ သူ့ကို ခြောက်လှန့်ခဲ့ ပါတယ်။ လေတပ်က ဗိုလ်မှုးတစ်ယောက်က ပထမနေ့မှာပဲ သူ့ကို တွေ့ဖို့ ခေါ်ခဲ့ပါတယ်။

“ညနေစာ ပြန်ချက်မလို့ အသွား၊ ကျွန်မ လက်အိတ်တွေ စွပ်ပြီး သေသေချာချာ သပ်သပ်ရပ်ရပ်…၊ လာဦးတဲ့၊ ကောင်မလေးတဲ့ ဟုတ်ကဲ့ ဗိုလ်မှူး ဆိုတော့ နင့်မှာ ရောဂါရှိတယ် ဆိုတဲ့ နင်ထမင်းချက်စရာ မလိုတော့ဘူးတဲ့။ ရော့တဲ့ နင်မနက်က ချက်ထားတဲ့ အတွက် ဆိုပြီး ပိုက်ဆံ ၄၀၀၀ ပေးလိုက်တယ်။ သွား မချက်နဲ့ တော့ပေါ့ နော်။ မောင်းထုတ် လိုက်တယ်”

“အဲဒီချိန်မှာလေ တအားငိုတာ မူးလဲသွားတာလား လို့တောင် အောင့်မေ့တယ်။ ဘယ်သူ့ကို ပြောပြရမှန်းလည်း မသိ။ ဖုန်းတွေလည်း မရှိဘူးလေ နော့။ ကြိုးဖုန်းတွေပဲ ရှိတယ် ဆိုတော့။ နောက်ဆုံး ဒီ (အင်ဂျီအိုက) ဆရာမ တစ်ယောက်က လေ အရမ်းနားလည်မှု ရှိတယ်။ သူ့အိမ်ကို လမ်းလျှောက်သွားတာ ငိုပြီး။ သူ့ကို သွားရင်ဖွင့်ပြီး တအားငို။ ပြန်လာလည်း ငို။ မိုးလင်းပေါက် ငိုလိုက်တယ် လို့ ထင်တာပဲ”

“အဲဒီနောက်ပိုင်းမှာ ဒီမာဆတ်တွေ (massage parlour) ဘာတွေ ရောက်သွားတာပေါ့ နော်။ ဒီလိုနေပြီးမှ စပွန်ဆာတွေနဲ့ အမျိုးသားတွေရဲ့ အပျော်မယ် ဖြစ်သွားတယ် ပေါ့။ အဲ့ဒီကိစ္စတွေကို စဉ်းစားလိုက်ရင် အခုချိန်ထိလည်း ရှက်တယ်။ ကျွန်မတို့ မိသားစုတွေ စားဝတ်နေရေး အတွက် ပေးမယ့်လူဆို ကျွန်မက ပတ်သက်လိုက်တာပေါ့ နော်။ ကျွန်မတို့ မိသားစု ၃ ယောက် စားဝတ်နေရေး ဆို ယောကျာ်းတွေနဲ့လည်း လိင်ဆက်ဆံ…”

“(ကျွန်မ သားသမီးတွေ) အဲလိုမျိုး လုပ်တာတွေ မသိဘူး”


"သားသမီး ၂ ယောက်ကလည်း အရမ်းလိမ္မာတယ်... ဖာလည်း ခံကျွေးတယ် ပြောချင်တယ်။ ပြောမထွက်ဘူး”

“(ဟိုဘက်ထဲကိုတော့ ပြန်ပြီးတော့ သွားဖို့တော့) အစီအစဉ် လုံးဝ မရှိဘူး အရမ်းရှက်တယ်”

“လွန်ခဲ့တဲ့ ၆ နှစ်မှာ (ဒီအဖွဲ့အစည်းက) ဝန်ထမ်း တစ်ယောက်က (သူတို့ဆီမှာ) ဝန်ထမ်းလိုနေတဲ့ အချိန် ကျွန်မကို အတင်း ဆွဲခန့်လိုက်တယ်။ (ဘဝ) အများကြီး ပြောင်းလဲသွားပြီ ပေါ့။ စာမတတ်ပေမယ့်လည်း  သူငယ်ချင်းတွေ တော်တော်များများကိုလည်း ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ ကိုယ် share ပြီးမှ ပညာပေးနိုင်ခဲ့တယ်ပေါ့ နော်။ ကျွန်မတို့မှာ ကိုယ်ထူကိုယ်ထ ဆိုပြီးမှ ငွေလေးတွေ စုထားတာလေးတွေ ရှိတယ်။ sex worker တွေ အရမ်းခက်ခဲ နေတဲ့သူတွေကို ကူညီတယ်”

“အလုပ် မဝင်ခင် လပိုင်းအလိုမှာ ကျွန်မ နောက်အိမ်ထောင် ပြုလိုက်တယ်။ ကောင်လေးက လိုက်လာတာ မန္တလေးသား။ ဖားကန့်မှာ မာဆတ်မှာ သွားနေရင်းနဲ့ တွေ့တယ်။ ကျွန်မက အိမ်ထောင်ပြုဖို့ အစီအစဉ် လုံးဝမရှိဘူး။ သူ ဇွတ်လိုက်လာပြီး၊ လုံးဝမောင်းထုတ်လည်း မပြန် လာနေလိုက်တော့ ယူဖြစ်သွားတာပေါ့ နော်”

“ကျွန်မ Positive ဆိုတာလည်း သူသိသွားတယ်။ စယူခါစကတော့ ကွန်ဒုံးတွေ သုံးတယ်။ နောက်ပိုင်း ကျွန်မ ကွန်ဒုံး မသုံးဘူး။ ဒါပေမယ့် ခုချိန်ထိက ဘာမှ ကျွန်မဆီက ရောဂါကူးတာ မရှိဘူး။ ကျွန်မကလည်း ပုံမှန်ဆေးသောက်တယ်။ သူက အခုချိန်ထိကို ၃ လတစ်ကြိမ် (သွေး) စစ်ခိုင်းတယ်။ ဆေးကိုတော့ တကယ် အသက်နဲ့အမျှ ပေါ့။ အဲဒီလိုမျိုး သောက်တယ်ပေါ့ နော်။ အရမ်း နားလည်ပေးတယ်။ ကိုယ့်ထက် အများကြီးငယ်တယ်။ အသက် ၁၀ နှစ်ကျော်မက ငယ်တယ်”

“(အမျိုးတွေကို) ကိုယ် ကိုယ်တိုင်ရှိတယ် ဆိုတာ အရင်ချက်ချင်း သွားမပြောလိုက်ပဲနဲ့ HIV ရှိတဲ့ လူက ဆေးရှိနေပြီ။ ဘယ်လို ဘယ်လိုမှ ကူးတယ်။ နောက်မှ သူတို့ လက်ခံလာမှ အဲဒီလို ပြန်ဖွင့်ပြော။ ကျွန်မက ကျွန်မကိုများ ခွဲခြား မလားပေါ့ နော်။ အရမ်း စိတ်ထဲမှာ စိတ်ပူတာ။ ဒါပေမယ့် ကျွန်မ ထင်ထားတာနဲ့ လုံးဝ တခြားစီ အားလုံးက နွေးနွေး ထွေးထွေးပဲ”

“အမေက အခုလက်ရှိ ရှိသေးတယ်။ အဖေဆုံးပြီးလို့ ကြားမှ နောက် အိမ်ထောင်ပြန်ဆက်ကျတယ်။ အမေနဲ့က အမြဲတမ်း အဆက်အသွယ်ရှိတယ်”

“အဖေက အမေနဲ့ ကွဲတော့ ဘိန်းစား ဖိုးသမားဖြစ်။ ရှိတဲ့ပစ္စည်းတွေလည်း အကုန် ကုန်။ အိမ်မှာလေ ဘာမှမရှိ။ လယ်ယာတွေလည်း ဘာမှ မကျန်ဘူး။ ပေပေတေတေနဲ့ အဖေကလည်း နေထိုင်ပြီး နောက်ပိုင်းကျတော့ အဖေ ဆုံးသွား။ အခုဆို အဖေဆုံးတာဆို နှစ်၂၀ တောင် ကျော်သွားပြီ။ (အဖေဘက်) အဖိုးတို့က ပိုက်ဆံရှိတယ်။ အမျိုးတွေ အားလုံး တောင့်တယ်။ ကျွန်မတို့ မောင်နှမတွေပဲ ဆင်းရဲနေတယ်”

“သားသမီး ၂ ယောက်ကလည်း အရမ်းလိမ္မာတယ်။ ရှေ့လျှောက်ပြီးမှလည်း လိမ္မာမယ် လို့ ယုံကြည်တယ်။ ကျွန်မ ကလည်း ပြောတတ်တယ် လေ..၊ “အမေ့ဘဝမှာ ပန်းရံလုပ်ရတယ်၊ အဝတ်လျှော်ရတယ်၊ သူများကို လိမ်ပြီးမှလည်း ကျွေးတယ် နော်။ သားတို့ကို ခိုးပြီးမှ မကျွေးဘူး။ ညနေစာ မရှိရင် သူငယ်ချင်းကို လိမ်ပြီး ခဏနေ၊ ဟိုကရရင်ပေးမယ်။ ရစရာ ဘယ်ကမှ မရှိရင်လည်း လိမ်ပြီးမှလည်း အမေက ကျွေးခဲ့ဖူးတယ်နော် လို့။ ပြောချင်တာက ဖာလည်း ခံကျွေးတယ် ပြောချင်တယ်။ ပြောမထွက်ဘူး”

“မောင်နှမ ၂ ယောက်စလုံး ကိုယ်ကတော့ (ဘွဲ့ရအောင်) လုပ်ပေးမယ်။ သူတို့ရဲ့ ကံကလည်း သူတို့ ဘယ်လိုလာဦး မလဲ။ ကိုယ်ကတော့ အတတ်နိုင်ဆုံး။ ကျွန်မမှာ ဘာမှ ပေးစရာ မရှိဘူး”

“ဒီနေ့ ၁၀ နှစ် အတွင်းကို ဘာမျှော်မှန်းထားတာလဲ တဲ့။ ကျွန်မကလို့…၊ ကျွန်မမှာ အိမ်ပိုင် မရှိဘူးလို့။ အခု ၁ လကို ရ သောင်းနဲ့ အိမ်ငှား နေရတယ်။ ကျွန်မကလည်း အရမ်းလည်း မချမ်းသာချင်ဘူး။ အခု ဖြစ်နေတဲ့ ဘဝကိုလည်း တင့်တိမ် ရောင့်ရဲတယ်။ သူများတွေလို တိုက်တွေ ကားတွေလည်း ကျွန်မ မကြိုက်ဘူး။ ပျဉ်ထောင်လေးနဲ့ မြေစိုက်လေးနဲ့ နည်းနည်းလေး သပ်သပ်ရပ်ရပ်လေးပေါ့နော်။ မိသားစုလေး နေလို့ရတဲ့ အိမ်လောက်ရရင် ကျွန်မ အိမ်ဆိုင်လေး ပေါ့နော်။ တနိုင်တပိုင် အိမ်ဆိုင်လေး ရောင်းပြီးမှ ဘုရားတရားတွေ လုပ်မယ်ပေါ့ နော်”

 

(*အင်တာဗျုးဖြေဆိုသူကို ကာကွယ်ရန်အတွက် အမည်နှင့် အချို့အချက်အလက်များကို ဖယ်ချန်ထားပါသည်။)

(ဇန်နဝါရီ ၂၀၁၇ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)