အိမ်သစ်တက်ပွဲအခမ်းအနား

အိမ်သစ်တက်ပွဲအခမ်းအနား

ဆောင်ဒူ၊ ကယားပြည်နယ်

အမျိုးသားတွေက ပူပြင်းတဲ့ မြေမီးဖိုတွေရဲ့ရှေ့မှာ ချွေးတလုံးလုံးနဲ့။ ဖောက်ထားတဲ့ ဆန်အရက်တွေက အိုးတွေအပြည့်။ ခရစ်ယန်ဘုန်းကြီးလည်းရောက်လာပြီ။ သေနတ်တွေလည်း အဆင်သင့်။ ကယန်းရိုးရာ ခမ်းခမ်းနားနားထည်ထည်ဝါဝါ လုပ်ထားတဲ့ အိမ်သစ်တက်ပွဲစဖို့ အချိန်ရောက်ပြီပေါ့။ 

"ကိုယ်ကမလုပ်ရင်တော့ သူများမကောင်းပြောရင်တော့ မကောင်းဘူးပေါနော်။ ကိုယ်က အဲ့မျိုး ကျွေးလိုက်ရင်တော့ အဲ ..စားရတာကောင်းလိုက်တာ...ဘာညာ..ပြောလို့ ကောင်းသွားတာပေါ့။ ကောင်းမှုကုသိုလ်တစ်ခုပဲပေါ့” လို့ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဒေါ်မက်ဂဒလီနာက ဆိုပါတယ်။ 

သူနဲ့ သူ့အမျိုးသားတို့ဟာ ကျေးလက်ဆန်တဲ့ ကယားပြည်နယ် ထဲက ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်နေရာလေးတစ်ခုမှာ လူတွေရာနဲ့ချီပြီးတက်ရောက်လာတဲ့ ဒီခမ်းနားကြီးကျယ်တဲ့ အိမ်သစ်တက်ပွဲရဲ့ အိမ်ရှင်တွေပါ။ ဒီအိမ်ကလေးကို လမ်းဘေးဈေးဆိုင်အဖြစ်လုပ်ချင်တဲ့ စိတ်ကူရှိတယ်လို့ သူက ပြောပါတယ်။ 

ရိုးရာအစဉ်အလာအများအပြားကို ပေါင်းစပ်ထားတဲ့ ဒီပွဲမှာ ဒေသခံ ခရစ်ယန်ဘုန်းတော်ကြီးတွေဟာ နတ်ဆိုးတွေထွက်သွားအောင် အိမ်နား တောင်ပေါ်ကရလာတဲ့ မြင့်မြတ်တဲ့ မင်္ဂလာရေကို ပက်ဖျန်းပေးပါတယ်။ 

ဒီ ခရစ်ယန်ဘာသာ ကောင်းချီးမင်္ဂလာပေးတဲ့ပွဲကို တွဲဖက်ပြီး အနီးအနားရွာက ဒေသခံအမျိုးသားတွေကတော့ ပလွေတွေမှုတ် ဗုံတွေတီးပြီး လမ်းလျှောက်လာကြပါတယ်။ 

ဧည့်သည်တွေစားသောက်ဖို့အတွက် နွားတစ်ကောင်၊ ဝက် ၂ ကောင်၊ ကြက် ၁၀ ကောင် ကုန်ခဲ့ပါတယ်။ ရိုးရာအရ အမျိုးသားတွေက အချက်အပြုတ်တာဝန်ယူပြီး ဖျော်ဖြေရေးအတွက်ကတော့ သေနတ်ပစ်ပြိုင်ပွဲရယ်၊ ညဉ့်နက်တဲ့အထိ သီချင်းဆိုတာ၊ ကတာတွေရယ် ပါပါတယ်။ 

“လုပ်တဲ့ပွဲကတော့ ထူးခြားတယ်ပေါ့နော်” လို့ ဒေါ်မက်ဂဒလီနာက ပြောတယ်။ 

(၂၀၁၆ ဇွန်လတွင် တွေ့ဆုံမေးမြန်းခဲ့သည်)