အိမ်နဲဝေးနေတဲ့ နိုင်ငံရေးကာတွန်းဆရာ

အိမ်နဲဝေးနေတဲ့ နိုင်ငံရေးကာတွန်းဆရာ

Thailand

စာရေးသူသည် ယခု ပြည်ပရောက် မြန်မာသတင်းထောက်ဟောင်းတစ်ဦးဖြစ်သည်။ သူမသည် ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

ဒီကာတွန်းဆရာနဲ့ ကျွန်မက သူငယ်ချင်းတစ်ဦးကနေတစ်ဆင့် သိကျွမ်းမိတာပါ။ ပိန်ပိန်ပါးပါး၊ ဆံပင်ပွပွ၊ နှုတ်ခမ်းမွေးထင်ထင်ရှားရှားနဲ့ သူ့ကို ကျွန်မတို့ရဲ့ အိမ်ကနေမဝေးချင်ပဲပြေးခဲ့ရသူတွေအသိုင်းအဝိုင်းမှာ သိသာနေပါတယ်။

ဒီမိုကရေစီ ဘက်တော်သား မီဒီယာတွေ ပေါ်မှာ သူရေးဆွဲတဲ့ ကာတွန်း အနုပညာကို သတိထားမိတာကတော့ ကြာပြီဖြစ်ပေမယ့် အခုမှ ပထမဦးဆုံအကြိမ် ကျွန်မတို့ စကားပြောမိတာပါ။ မကြာခင်မှာပဲ မနှစ်က အာဏာသိမ်းပြီးကတည်းက အိမ်ကထွက်ခဲ့ကြရတဲ့ ကျွန်မတို့နှစ်ယောက်လုံးရဲ့ဘဝအကြောင်းတွေကို အမြန်သတိရပြီး ပြောမိပါတယ်။

အဲဒီနေ့ကစပြီး ကျွန်မ ဖြတ်သန်းနေရတဲ့ အာဏာသိမ်းပြီးကာလတွေဟာ ငရဲ ကျနေသလိုပဲလို့ တစ်ယောက်တည်းတွေးမိတိုင်း အမြဲပြန်ပြောမိတာ ရှိတယ်။ အဲဒါ ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး၊ ကျွန်မတို့ အားလုံး လို့။ ဒီလိုတွေးတိုင်း ဒီနိုင်ငံရေး ကာတွန်းဆရာ ကို သွားသတိရမိတယ်။

“ကျွန်တော့်မှာ မိသားစုရှိတယ်။ ကျွန်တော်က အိမ်ထောင်သည်၊ အခုအိမ်ကို သတိရလွန်းလို့ ပြေးတောင်ပြန်ချင်တယ်။ သမီးလေး တစ်ယောက် ရှိတယ်။” လို့ သူကပြောတတ်တယ်လေ။

အနုပညာကို အမြဲစိတ်ဝင်စားခဲ့ပေမယ့် ပဲခူးတိုင်း ဒေသရဲ့ ရွာလေးတစ်ရွာမှာ ကြီးပြင်းလာတာမို့လို့ တီထွင်ဖန်တီးမှုရှိတဲ့ ဘဝကိုရဖို့ အခွင့်အလမ်းတွေ မရှိခဲ့ပါဘူး။ ဝင်ငွေရှာဖို့ သုံးဘီး ဆိုင်ကယ်ကို မောင်းပြီး အားလပ်ချိန်တွေမှာ ကာတွန်းဆွဲပြီး မီဒီယာတွေကို ပို့ပေးတယ်။ မကြာမီမှာ ဒီကာတွန်းတွေပါလာပြီး သရုပ်ဖော်သူအနေနဲ့ နံမယ်တစ်ခုရလာခဲ့ပါတယ်။ ဒီလို ဘဝကလာတာမို့လို့ ဆင်းရဲသားနဲ့ အားနည်းသူတွေကို စာနာတတ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ လူထုဘက်ကပဲ နေရတယ်။ ကာတွန်းဆရာတွေက ဖိနှိပ်ခံရတဲ့ ဘက်ကပဲ နေရတယ်။”လို့သူကပြောပါတယ်။

ဒါကြောင့်မို့ အစိုးရ အဆက်ဆက် ရဲ့ အမုန်းဒဏ်သင့်ခံရတယ်လို့ဆိုပါတယ်။

“နိုင်ငံရေးကာတွန်းရေးတယ် ဆိုတာဗျာ ဘယ်အစိုးရ တက်တက် ဟာကွက်၊ ပျော့ကွက်ရှိရင် ရေးရမှာပဲ။ ပုဂ္ဂလိက ခံစားချက် အရ မကြိုက်ဘူးဆို ကျွန်တော်ကတော့ ခပ်ပြတ်ပြတ်ပဲ ကာတွန်းရေးတယ်။”

၂၀၁၆ ခုနှစ်မှာစပြီး ကာတွန်းဆရာ၊ ပန်းချီဆရာတစ်ယောက် ဘ၀ကို အစပြုဖြစ်ခဲ့ပြီး သူ့ပုံတွေ မြန်မာနိုင်ငံက သတင်းစာအကြီးအမားကြီးတွေမှာဖော်ပြပစ်ခဲ့ပါတယ်။ လူသိများတဲ့ နိုင်ငံရေး ဆွေးနွေးပွဲတစ်ခုမှာလည်း သရုပ်ဖော်ပုံတွေ ဆွဲခဲ့တယ်။  

“ကာတွန်းစာမူခ ကလည်း အများကြီး မရဘူး။ လူမုန်းကလည်း များမှများပဲ။ ဒါပေမဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းကတော့ အမှန်ဆုံးပဲ လို့ ကိုယ့်ဟာကိုယ် ခံယူထားတယ်။”

၂၀၂၁ ခုနှစ်ဟာ မြန်မာနိုင်ငံသားအများအပြားတွေရဲ့ဘဝအတွေအတွက် အလှည့်အပြောင်းတွေ များစွာ ရှိခဲ့ပါတယ်။ ဒီအထဲမှာ ဒီကာတွန်ဆရာလည်းပါပါတယ်။

“အဆိုးရွားဆုံး မကျေနပ်ချက်ကတော့ အာဏာသိမ်းလိုက်တာကိုပဲ။ အဲ့အချိန်မှာတော့ လုံး၀ ကို အပြင်းအထန်ဆုံးသော စိတ်ထွက်ပေါက်တွေ နဲ့ အတူ ကာတွန်းတွေရေးတယ်။ ဆန္ဒပြတဲ့ အချိန်မှာတော့ အဘက်ဘက်က ပါ၀င်ခဲ့ပြီး အရေးတော်ပုံမှာလည်း အစွမ်းကုန် အားဖြည့်တယ်ပေါ့ဗျာ။”

အာဏာရှင်တွေရဲ့ ဖြိုခွင်းမှုတွေ ကြမ်းတန်းခက်ထန် လာချိန်မှာတော့ သူဟာ သူချစ်တဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မွေးရပ်မြေ ကို ကျော်ခိုင်းခဲ့ပြီး တော်လှန်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေစိုက် ရာ KNU နယ်မြေ ကရင်ပြည်နယ် လေးကေ့ကော် အထူးဒေသရှိရာကို ခြေဦးတည်ခဲ့ပါတော့တယ်။

ဘောပင်နဲ့ ခဲတံကို ပစ်ချပြီး စစ်အစိုးရကို တိုက်ခိုက်ဖို့ သေနတ်ကို ကိုင်ထားချင်ခဲ့တယ်။ KNU လက်အောက်မှာ လေ့ကျင့်သင်ကြားခဲ့ပေမယ့် ဒီနယ်မြေကို စစ်တပ်က တိုက်ခိုက်ပြီးနောက်ပိုင်းမျာ ထိုင်းနယ်စပ်ဆီကို ထွက်လာခဲ့ပြီးတော့ နယ်စပ်မြို့လေး တစ်မြို့မှာ လူစိမ်း တစ်ယောက် အဖြစ်နဲ့ အခြေကျအောင် သူ စတင်ရုန်းကန် ခဲ့ရပါတယ်။ သူတတ်တဲ့ ကာတွန်းရေးဆွဲတဲ့ ပညာတစ်ခုနဲ့သာ အခြေပြုပြီး ၀မ်းကျောင်းခဲ့ရတာပါ။

“အဆိုရွားဆုံးကာလ ကတော့ ကျန်ခဲ့တဲ့ နှစ်ကပဲ။ စား၀တ်နေရေးကတော့ အရုပ်ရေးတဲ့ အလုပ်ပဲ ရှိတယ်။  NUG ကတော့ ဘတ်ဂျက်တွေဘာတွေ ချပေးတာတော့ ရှိတယ်လို့တော့ ကြားတာပဲ။ ဒါပေမယ့် ကျွန်တော်လည်း ဘယ်သူ့ဆီကမှ မတောင်းဘူးဗျာ။ ကာတွန်းကိုပဲ ဖိရေးတယ်။ ကိုယ့်ရပ်တည်ရေးအတွက် ကိုယ်ပဲ အလုပ်လုပ်တယ်။ ပြန်လို့လည်း ရမှ မရတော့ပဲလေ။“

'အရင်က လူတွေ အများကြီး ရှိတဲ့ အခန်းမှာ နေထိုင်ဖြစ်တယ်။ အဲ့ဒီမှာ လူများတော့ ကာတွန်းရေးဖို့  အာရုံ စိုက်လို့ မရဘူး။ ဒါကြောင့် ကျွန်တော် အခန်း သပ်သပ်ခွဲလိုက်ရတာပါ။ ရှေ့လတွေ တော့ စာရေးသောက်ရေးအပြင် အခန်းခလည်း ရှာရတော့မယ်။”

“အခုတော့ မိတ်ဆွေတစ်ယောက်က တစ်လ စာ ငွေစိုက်ပေးထားလို့ (၁) လစာ အခန်းလေး နေလို့တော့ ရတယ်။ လောလောဆယ် အခန်းဖော်တစ်ယောက်ရှိတယ်။  သူလည်း ကာတွန်း ဆရာပဲ။'

သူ့မှာ ပုံမှန်မီဒီယာဖောက်သည်တွေရှိနေတုန်းမို့ သူ့အနေနဲ့ ငွေရေးကြေးရေးတည်ငြိမ်လာမယ်လို့ ဆုတောင်းနေပါတယ်။ ဟိုတစ်လောကပဲ ပန်းချီကားတစ်ချပ်ကို ရောင်းချပြီး ရလာတဲ့ ပိုက်ဆံကို တောထဲကရဲဘော်တွေဆီ လှူဒါန်းခဲ့တယ်။

ဒါပေမယ့် သူ့မိသားစု အထူးသဖြင့် သူ့သမီးငယ်လေးကို အရမ်းလွမ်းတယ်။ ပြီးတော့  အိမ်ပြန်ချင်တဲ့ အိပ်မက်တစ်ခု သူ့ဆီမှာ ရှိနေပါသေးတယ်။

“အခြေအနေ အေးချမ်းရင် တိုင်းပြည်ပြန်မယ်လေ။ ကျွန်တော် တိရစ္ဆာန်တွေပြန်မွေးမယ်။ အပင်စိုက်မယ်။ ကျွန်တော်ကာတွန်း မရေးခင်က သုံးဘီး ဆိုင်ကယ် မောင်းတယ်။ အဲ့ဒီတော့ ကျွန်တော် တိုင်းပြည် ပြန်ရောက်ရင် သုံးဘီး ပြန်မောင်းမယ်။ ကာတွန်းရေးပြီး အေးအေးချမ်းချမ်းလေး နေချင်တယ်ဗျာ။”

 

ပန်းချီလက်ရာ Songbird သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။