ဆယ်ကျော်သက် မိန်းမပျိုလေးရဲ့ လျင်မြန်ပြင်းထန်တဲ့ တရစပ်လက်သီးချက်တွေက သူ့ထက် အသက်ပိုကြီးတဲ့၊ ဆူညံစွာအားပေးနေတဲ့၊ ပရိတ်သတ်ရှိတဲ့ ပြိုင်ဘက် အမျိုးသမီးကို အနောက်ဘက်ကို ယိန်းယိုင်လို့သွားစေပါတယ်။ ဒါပေမယ့် သူ့ထက်ပိုပြီးကြံ့ခိုင်တဲ့ ဒီအမျိုးသမီးဟာ တိုက်ခိုက်တာတွေကနေ ခဏရပ် အားယူယူပြီး တန်ပြန်ထိုးနှက် လာပါတယ်။ အော်မြည်သံ အတူ မိန်းမပျိုလေးရဲ့ ဆံပင်ကိုဆွဲ၊ နှာခေါင်းကို ဒူးနဲ့ ဆောင့်တိုက်လိုက်ပါတယ်။
ဒိုင်လူကြီး ဒေါ်မြင့်မြင့်ကျော်ဟာ တိုက်ခိုက်နေသူနှစ်ဦးကို အရိုးပေါ်လက်ဆစ်ထိတာကို ကျင့်သားရနေပြီဖြစ်တဲ့ ဝါရင့် လက်ဝှေ့သမားတစ်ဦးရဲ့ မျက်စိနဲ့ ဝိုင်းပတ်ပြီးကြည့်နေပါတယ်။
အတွေ့အကြုံပိုများတဲ့ ပြိုင်ဘက်က သူ့ထက်ငယ်တဲ့ အန်တုသူ မိန်းမပျိုလေးဟာ သူ့ရဲ့ပါးကို ပြင်းထန်တဲ့ ရိုက်ချက် ထိပြီး ကြိုးဝိုင်း ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားတဲ့ အခါမှာ ဒေါ်မြင့်မြင့်ကျော်ဟာ သူတို့နှစ်ယောက်ကြားကို လက်မောင်းတန်းပြီး ထိုးဝင်ခဲ့ပါတယ်။ မိန်းမပျိုလေး ယိုင်တိယိုင်တိုင်နဲ့ ပြန်ပြီး မတ်တတ်ရပ်လာနိုင်တဲ့ အထိ ပါပဲ။
မြန်မာ့လက်ဝှေ့ အရှေ့တန်းတွေမှာ ထိုင်ရင်း ကြိုးဝိုင်းထဲက ချွေး၊ သွေးနဲ့ တံတွေးတွေ ကျလာတာကို မြင်နေကျ အသားကျနေပြီ ဖြစ်တဲ့ ပရိတ်သတ်ကြီးကတော့ အောင်နိုင်သူ ပေါ်လာဖို့ စိတ်မရှည်နိုင်ဘဲ ဖြစ်နေပါတယ်။
ဒေါ်မြင့်မြင့်ကျော်ကတော့ ဘာကိုမှ ဂရုမစိုက်ပါ။ တစ်ယောက်ယောက်ကတော့ ရှုံးမှာပေါ့။ ဒါပေမယ့် အချိန်မကျသေး ပါဘူး။
သွေးထွက်သံယို ဖြစ်စေတဲ့၊ လက်အိတ်မသုံးတဲ့ မြန်မာ့လက်ဝှေ့ဟာ ရာစုနှစ်အများကြီး ကတည်းက ရှိခဲ့ပြီး ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး အားကစားတွေထဲက တစ်ခုဖြစ်ပါတယ်။
မြန်မာ လက်ဝှေ့သမားတွေဟာ လက်တွေကို အဝတ်စပါးပါးလေးနဲ့ စည်းနှောင်ထားတတ်ပေမယ့် လက်အိတ် မဝတ်ပါဘူး။ ခြေထောက်၊ လက်မောင်း၊ ခေါင်း၊ ဒူးခေါင်းနဲ့ တံတောင်ဆစ်ကို သုံးလို့ရပြီး ပွဲတွေဟာ အလဲထိုးမှ ပြီးပါတယ်။
ကြိုးဝိုင်းတွေထဲမှာ ဆယ်စုနှစ်များစွာ ရှေ့ဆောင်အနေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့၊ နောက်တော့ ဒိုင်လူကြီးအဖြစ် တာဝန်ယူနေတဲ့ ဒေါ်မြင့်မြင့်ကျော်ဟာ ဒီလို တိုက်ခိုက်မှုတွေကို အများကြီးတွေ့ခဲ့ရပါတယ်။
ကျောက်ခဲတွေ ထည့်ထားတဲ့ အိတ်တွေကို ထိုးပြီး လေ့ကျင့်ခဲ့တဲ့၊ သူ့အငယ်ဆုံးကလေး မွေးပြီးလို့ ရက်သတ္တပတ် မကြာခင်မှာပဲ ကြိုးဝိုင်းထဲကို ပြန်ဝင်ခဲ့တဲ့ ဒေါ်မြင့်မြင့်ကျော်ဟာ သူ့အတွက် အကြီးမားဆုံး တိုက်ပွဲဟာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ရှိတဲ့ ရှေးရိုးစွဲ အတွေးတွေပါပဲ လို့ ဆိုပါတယ်။
အမျိုးသမီးတွေကို သန်စွမ်းတာ၊ တိုက်ခိုက်တတ်တာထက် မိန်းမဆန်ဖို့ မျှော်လင့်တဲ့ မြန်မာနိုင်ငံမှာ အမျိုးသားတွေ ကြီးစိုးတဲ့ ဒီအားကစားနည်းပညာထဲကို ခက်ခက်ခဲခဲ တိုးဝင်လာတဲ့ လက်တစ်ဆုပ်စာ လောက်သာ ရှိတဲ့ အမျိုးသမီး လက်ဝှေ့သမားတွေဟာ အရိုးထဲထိ ဝင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေကို ရင်ဆိုင်တွန်းလှန်ခဲ့ရပါတယ်။
“ဆရာမတို့ ခေတ်တုန်းက တွေ့ခဲ့တာပေါ့နော်။ (အမျိုးသမီးဆိုတော့) ခက်ခဲမှုတွေ ရှိတာပေါ့” လို့ အမျိုးသမီးလက်ဝှေ့ ပညာ ကို အမျိုးသားတွေနဲ့ တန်းတူမြင့်တက် စေချင်တဲ့၊ အသက် ၅၀ နီးပါးရှိပြီး မြေးတွေလည်း ရနေပြီ ဖြစ်တဲ့ ဒေါ်မြင့်မြင့်ကျော် က ဆိုပါတယ်။
“ကိုယ်လို အောက်ကျနောက်ကျခံပြီး ကြိုးစားလာ ပြီးတော့...၊ နိုင်ငံတကာမှာ ထိုးဖောက်တဲ့အချိန်မှာ...၊ ပါးကွက်ကွက်၊ သနပ်ခါး လိမ်းပြီးတော့ ပခက်လွဲနေတဲ့ နို့တိုက်နေတဲ့ မိခင်ကောင်းတစ်ယောက် ကလည်း ယောကျာ်းတွေနဲ့ ပေ ၂၀ ကြိုးဝိုင်း ပေါ်မှာ ဒီလို ရင်ပေါင်တန်းနိုင်တယ် ဆိုတဲ့ အသိလေးရှိတယ် ဆိုတဲ့ အကြောင်း ပြချင်တယ်”
မန္တလေးသူ ဒေါ်မြင့်မြင့်ကျော်ဟာ အသက်ငယ်ငယ်လေး၊ ကျောင်းတက်ကတည်းက လက်ဝှေ့ပညာကို ဝါသနာပါခဲ့သူပါ။
"လေးတန်းကတည်းက ဝါဿနာပါတယ်။ ယောကျာ်းလေးတွေနဲ့ ပေါင်းပြီးတော့ ခိုးထိုးရတယ်” လို့ ရီရင်း သတိတရနဲ့ ဆိုပါတယ်။
"ရိုးရာလက်ဝှေ့တွေ ဝါသနာပါလာတာခဲ့တာပေါ့။ ဒီဖိုက်တာတွေ ချတာတွေကို လက်တွေ့ ကျကျပဲ ကိုယ်က ထကြဲတာ။ သူများလို ဟန်နဲ့ အိအာ့ဆိုတာ ဝါသနာမပါဘူး တစ်ချက်…တစ်ချက်ဆိုသလောက် အားတွေကို ကြိုက်တာ”
ဒါပေမယ့် သူ့မိဘတွေနဲ့ ရပ်ကွက်က လေးစားကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တဲ့ သူ့ရဲ့အစ်ကိုက ဒေါ်မြင့်မြင့်ကျော်က မိန်းကလေး မဆန်တဲ့ ဒီအားကစားကို ဝါသနာပါတာကို လုံးဝသဘောမကျဘဲ အထက်တန်းကျောင်း မပြီးခင်မှာပဲ အိမ်ထောင်ပြု ပေးလိုက်ပါတယ်။
“မောင်နှမ သုံးယောက်ထဲမှာ ညီမအငယ်ဆုံး။ အဖေတို့ အမေတို့ကလည်း အသက်ကြီးလာပြီလေ။ (ကျွန်မ) ကို ထစ်ခနဲဆို ချတယ်၊ ရိုတ်တယ် မမြင်ချင်တော့တာ။ ကိုးတန်းလည်း အောင်ပြီးတော့ ဆယ်တန်းကို တက်မဖြေတော့ဘူး။ အိမ်ထောင်ပေးလိုက်တာ”
“အိမ်ထောင်ကျပြီး ကလေး ဆက်တိုက်ယူလိုက်တာပေါ့။ ကလေးဆက်တိုက်ယူပြီးတော့ ကလေးသုံးယောက်” လို့ သူက ဆိုပါတယ်။
တစ်ကယ်တမ်းကျတော့ အိမ်ထောင်ကျတာဟာ သူ့ရဲ့ လက်ဝှေ့ ဝါသနာကို သူစိတ်ပူသလောက် အတားအဆီး မဖြစ်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ သူ့အမျိုးသားကလည်း လက်ဝှေ့သမား ဖြစ်ပြီး သူ့မိသားစုထက် သူ့ကို ပိုပြီးနားလည် ပေးနိုင်လို့ပါပဲ။
“သားငယ်လေး (အငယ်ဆုံးလေး) ၄၅ ရက်မှာ စပြီးထိုးတာ။ အဲ့ဒီခေတ်က ငါးဆယ်တန်တွေ ပေါ်ခါစ ဆိုတော့ ၅၀၀၀ ဖိုး။ အဲဒီတော့ သိပ်တန်ဖိုးရှိတာ”
လက်ဝှေ့ပွဲ ၈၀၊ ၉၀ လောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အထဲမှာ သူ့အတွက် အမှတ်တရ အဖြစ်ဆုံးကတော့ အထက် မြန်မာချန်ပီယံ ဒေါင်းမလေးနဲ့ ထိုးသတ်ရတဲ့ ပွဲပါပဲ။
“သူ့ကို နိုင်ရင် ကိုယ်ချန်ပီယံ ဖြစ်မှာ ဆိုတော့ တအားကြိုးစားတာပေါ့နော်။ ပထမဆု ရလို့ရှိရင် ၁၀ သိန်းပေးမှာတဲ့”
“အိပ်လို့မရဘူး။ ရင်ခုန်သံတွေနဲ့ပေါ့။ တစ်ခါ အိမ်မက်မက်ပြီးတော့ ခြင်တောင်ထဲ အိပ်ရင်းနဲ့ ပေါ့နော် တစ်တောင်တွေနဲ့ လက်သီးတွေနဲ့ ထိုးနေတာ” လို့ ရီရီမောမောနဲ့ ပြောပြပါတယ်။
ဒီပွဲဟာ သရေပွဲဖြစ်သွားပေမယ့် ဒေါ်မြင့်မြင့်ကျော်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်ကို အခုအချိန်အထိ ဂုဏ်ယူနေတုန်းပါ။
မကြာမီနှစ်တွေ အတွင်းမှာ မြန်မာနိုင်ငံက ထိတ်တန်း လက်ဝှေ့သမားတွေဟာ နိုင်ငံတကာ မစ်စ်မာရှယ်အာတ်စ် (MMA) ကြယ်ပွင့်တွေနဲ့ ရုပ်မြင်သံကြားကနေ ကြည့်လို့ရတဲ့ အပျံစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပါတယ်။ အမေရိကားနိုင်ငံမှာ အခြေစိုက်တဲ့ ကချင်လက်ဝှေ့သမား အောင်လအင်ဆန် မြန်မာနိင်ငံမှာ လာထိုးတာကိုလည်း တစ်နိုင်ငံလုံး အုတ်အုတ်ကျွက်ကျွက် အားပေးခဲ့ပါတယ်။
ဒေါ်မြင့်မြင့်ကျော်တို့ နံမည်တစ်လုံးထွက်အောင် ကြိုးစားတဲ့ ခေတ်တုန်းကနဲ့တော့ အလွန်ကွားခြားပါတယ်။ အဲဒီတုန်းက ဆိုရင် လေ့ကျင့်ရတဲ့ အခြေအနေတွေဟာ ဘယ်လိုမှ တပ်မက်ဖွယ် မကောင်းပါဘူး။
လက်သီးထိုးနိုင်ဖို့ အိတ်အမျိုးမျိုးတွေကိုတောင် ကိုယ့်ဟာကိုယ်လုပ်ရပါတယ်။ တစ်အိတ်က ကျောက်ခဲအလေးတွေထည့်၊ နောက်တစ်အိတ်ကို သဲတွေ ရာဘာတွေနဲ့ ဖြည့်။
"ဘာပစ္စည်းမှ ခေတ်မီတာ ဆိုတာ မရှိပါဘူး။ အဲသလို ရုန်းကန်တာ။ အခုကျမှ အဆင့်မီလာပြီးတော့ နိုင်ငံခြားတွေကနေ ပို့လာတဲ့ ပစ္စည်းတွေနဲ့။ လက်ကိုင်အိတ်တို့ ပိုက်ကိုင်အိတ်တို့ ခြေထောက်ကိုင် အိတ်တွေ ဒူးတိုက်အိတ်တွေ အမျိုးမျိုးပေါ်လာတယ်”
အမျိုးသမီး လက်ဝှေ့ပွဲ ဆိုတာဟာလည်း အမျိုးသားပွဲတွေရဲ့ အကူသာသာ ဖြစ်ပြီး သတ်သတ်ပွဲတွေ သိပ်မရှိဘဲ ဘုန်ကြီးပျံတို့၊ ဘုရားပွဲတို့၊ နှစ်စဉ်လုပ်တဲ့ ပွဲတွေမှာသာ ပါဝင်ခဲ့ပါတယ်။
“ဘုန်းကြီးကျောင်းတို့၊ ဓမ္မာရုံတို့၊ စာသင်ကျောင်းတို့၊ ကောင်စည်လူကြီး ခေတ်တို့အိမ်မှာ...၊ အဲဒီတွေမှာ သွားပြီး တော့ အိပ်ရတယ်။ ထမင်းဆိုလည်း စုစက်ချက်ပြုတ် စားရတာ။ ဘုန်းကြီးကျောင်းမှာပဲ။
“အခုကျတော့ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ အဆင့်ပေါ့နော်။ ခေတ်တွေကလည်း မီလာပြီး တိုးတက်လာတယ် ဆိုတော့ ကျွန်မတို့မှာ ဟိုတယ်တည်းရတာတို့ ကျွေးတာမွေးတာတို့ သွားရလာရတာတို့ ရှိတယ်” လို့ ပွဲတစ်ပွဲမှာ ဒိုင်လူကြီးလုပ်ဖို့ ရန်ကုန်ကို ရောက်လာတဲ့ သူ တည်းနေတဲ့ ခေါင်မိုးနိမ့်နိမ့်နဲ့ ဧည့်ရိပ်သာအသေးလေးရဲ့ ဧည့်ခန်းကို ထောက်ခံ သဘောကျစွာနဲ့ ကြည့်ရင်းပြောပါတယ်။
“နိုင်ငံတကာကို ထိုးဖောက်နှိင်တဲ့ အတွက် ဂုဏ်လည်းဂုဏ်ယူမိပါတယ်။ ကျေးဇူးလည်းတင်ပါတယ်”
သူ့ရဲ့ ရှေးရိုးစွဲတဲ့ မိသားစုကတောင်မှ အရင်ကထက် ပိုပြီးအားပေးလာပါတယ်။
လက်ဝှေ့ကို လက်မလွှတ်တဲ့ အတွက် သားအငယ်ဆုံးလေး ၂ နှစ်ခွဲလောက်မှာ အစ်ကိုဘုန်းကြီးက အိမ်ကနေ နှင်ချခဲ့ ပါတယ်။ ဒေါ်မြင့်မြင့်ကျော်ရဲ့ အောင်နိုင်မှုတွေက အစိုးရက အသိအမှတ်ပြုလာပြီး အခွင့်အရေးလေးတွေ အနည်းအငယ် ရလာတော့မှ တဖြည်းဖြည်းနဲ့ စိတ်လျှော့သွားတာပါတဲ့။
“အိမ်မှာ ကြိုးဖုန်းရတယ် အဲလိုမျိုးပေါ့” လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံက အထီးကျန် နေထိုင်နေတဲ့ အချိန်ဖြစ်လို့ တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုပါ”
“ဒီလက်ဝှေ့ထိုးရင်း လက်ဝှေ့ပိုက်ဆံလေးနဲ့ ကလေးတွေကို ရှင်ပြုတာတို့ပေါ့ နော်။ မိသားစုအရေးတွေမှာ ထောက်ပံ့ပြီး အပေါင်းသင်းတွေ ဆရာသမားတွေနဲ့ တိုးတက်ရာ တိုးတက်ကြောင်း... လိုအပ်တာတွေ ပါရမီ ဖြည့်ပေးတာပေါ့”
အထည်အရောင်းအဝယ် လုပ်ငန်းလုပ်ရင်းက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်မှာ ဒိုင်လူကြီးဘဝထဲကို စတင်ဝင်ရောက် လာခဲ့တာပါ။
၂၀၁၂ မှာ မြန်မာနိင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရဟာ နောက်နှစ်မှာပြုလုပ်မဲ့ နိုင်ငံရဲ့ ပထမဦးဆုံး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက် လက်ဝှေ့အသင်း တစ်ခုကို ကြီးကြပ်ဖို့ ဒေါ်မြင့်မြင့်ကျော်ကို ပြောလာပါတယ်။
ဒေါ်မြင့်မြင့်ကျော်က လိုက်ရင်ကောင်းမလားလို့ ချီတုံချတုံ ဖြစ်သွားပါတယ်။
"အကိုဘုန်းကြီးက လိုက် ကိုယ်မသေခင်မှာ လိုက်သင့်တယ်၊ လုပ်သင့်တယ် ဆိုတာနဲ့ စီးပွားရေးကို လက်လီလုပ်ငန်းကြီး ကို ပစ်ပြီး ဒီ ၂၀၁၂ ခု နှစ်မှာ ဆီးဂိမ်း တာဝန်ထမ်းဆောင်လိုက်တာ”
ဒီအားကစားပြိုင်ပွဲကြီးဟာ စစ်တပ်လက်အောက်မှာ ဆယ်စုနှစ်များစွာ နေလာခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ပွဲထွက်တာ ပါပဲ။ မြန်မာ့လက်ဝှေ့သမားတွေ အတွက်လည်း သူတို့ရဲ့ အရည်အချင်းကို ပြခွင့်ရတဲ့ ပွဲတစ်ပွဲပါ။ ပြိုင်ပွဲဝင်ခဲ့တဲ့ ၁၁ ယောက်မှာ ၁၀ ယောက်ဟာ ဆုရခဲ့ပါတယ်။
သူ့ဘဝ တစ်လျှောက်လုံးမှာ သမာရိုးကျ အလုပ်အကိုင်တွေထက် လက်ဝှေ့ကို ရွေးချယ်ခဲ့တာကြောင့် ဒေါ်မြင့်မြင့်ကျော်ဟာ အများရဲ့ ကဲ့ရဲ့တာကို ခံခဲ့ရပါတယ်။ ဒါဟာ အခုအချိန်အထိ ဖြစ်နေတုန်းပါပဲ လို့ သူဆိုပါတယ်။
“မြေး ၃ ယောက် ရနေပြီး ဘောင်းဘီကြီးနဲ့။ ထမိန်မဝတ်ဘူး။ ဒါပဲ ပြောကြတယ်၊ ဒါပေမယ့် အဲဒါတွေ ခေါင်းစိုက် မဝင်နိုင်ဘူး” လို့လည်း ဆိုပါတယ်။
“ကိုယ့်လုပ်ငန်းက ဘောင်းဘီဝတ်ပြီးမှ အလုပ် လုပ်ရမယ်လေ။ ထမီကြီးနဲ့ အလုပ် လုပ်ရမှာ မဟုတ်တဲ့ အတွက် ခေါင်းထဲမှာ ဒါတွေ မထည့်ဘူး။ ကိုယ့် အလုပ်ကို အောင်မြင်ဖို့ ကိုယ်သွားမယ့်လမ်းကို မတ်မတ်နဲ့ ဖြောင့်ဖြောင့်သွားတယ်။ ဒါပဲ”
နှစ်ပေါင်းများစွာ အတိုက်အခံ ဖြစ်လာခဲ့ပေမယ့် သူ့အောင်မြင်မှုဟာ သူ့မိသားစုကြောင့် ပါလို့ သူ့က ပြောပါတယ်။
“ကြည်ကြည်ဖြူဖြူနဲ့ လက်ခံလာတယ်” လို့ဆိုပါတယ်။
“ဆရာမကျတော့ ဘာလို့ ကလေးသုံးယောက် မွေးပြီးမှ ချန်ပီယံဖြစ်တာတုန်းဆို နောက်ခံ အစ်ကို ဘုန်းကြီးကောင်းတာတို့။ မိဘကောင်းတာတို့။ နောက်ကနေ ကလေးတွေကို ကျွေးပေးတာ ထိန်းပေးတာ မိသားစုပေါ့နော်။ လှည့် မကြည့်ရအောင် ဖြစ်တဲ့ အတွက် ဆရာမက အခုချိန်အထိ တာဝန်ထမ်းဆောင်တာ”
အရင်ကနဲ့ စာရင် အမျိုးသမီးလက်ဝှေ့သမားတွေဟာ ပစ္စည်းတွေလည်း ပိုပြည့်စုံပြီး လူတွေကလည်း ပိုပြီး နားလည်မှု ပေးကြပါတယ်။ ရန်ကုန်က ပွဲမှာ မြန်မာလက်ဝှေ့ အမျိုးသမီးလေးက ဂျပန်က လက်ဝှေ့မယ်ကို ရှုံးသွားပေမယ့် ဒီလိုပွဲမျိုး ဟာ ထိုက်သင့်သလောက် အသိအမှတ်ပြုခြင်း မခံရသေးတဲ့ အမျိုးသမီးလက်ဝှေ့ပညာကို ပိုပြီး ထင်သာမြင်သာအောင် အကူအညီပေးတယ် လို့ ဒေါ်မြင့်မြင့်ကျော်က ယူဆပါတယ်။
သူဟာ မျိုးဆက်အသစ်တွေကို ဒီအားကစားမှာ ဒီထက်ပိုမြင့်တဲ့ နောက်အဆင့် တစ်ခုအထိ မြှင့်ပေးစေချင်ပါတယ်။
“ကိုယ်အဖွားကြီး ဖြစ်သွားရင် ကိုယ့်နေရာကို ကလေးတွေကို တာဝန်ပေးချင်တာ။ လက်ဆင့် ကမ်းချင်တာပေါ့နော်။ အောင်မြင်စေချင်တယ်”
(ဒီဇင်ဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)
ဒီပုံပြင်ဟာ လက်ဝှေ့ကြိုးဝိုင်းအတွင်းက အမျိုးသမီးများ စီးရီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဆယ်ကျော်သက် လက်ဝှေ့မယ်ကလေးတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေအတွက်တော့ ဒီမြိတ်မြို့က ပုံပြင်ကို ဖတ်ကြည့်ပါ။
Interview December 2016