“ငရဲလိုဖြစ်နေတယ်”

“ငရဲလိုဖြစ်နေတယ်”

Hpa An

စစ်တပ်ကအာဏာကိုသိမ်းယူပြီး ဆန္ဒပြနေသူတွေကို ဖြိုခွဲနှိမ်နင်းတာ သွေးထွက်သံယိုဆုံးနေ့ရက်တစ်ရက်မှှှာ ဘားအံ က အသက် ၃၉ နှစ်အရွယ် ဆရာမ ဟာ အာဏာသိမ်းတာကို သူထိတ်လန့်တုန်လှုပ်တာရယ် စစ်အစိုးရလက်အောက်မှာ ဘယ်တော့မှအလုပ်မလုပ်ဖို့ ဆုံးဖြတ်တာကို ပြန်ရှှှှှှင်းပြပါတယ်။

ဒီနေ့ဆို ၂၈ ရက်ရှိသွားပြီ။ သေတယ် ကြေတယ် တအားကို။ ဆရာမတွေဆိုရင်လည်း သေတယ်။ လူငယ်လေးတွေလည်း သေကြတယ်ပေါ့နော်။  ကျည်ဆံအစစ်နဲ့ ခေါင်းတည့်တည့်တွေပစ်တာ။ နိုင်ငံခြားလူတွေကို ပြောချင်တာက ကိုယ့်နိုင်ငံမှာ ဒီလိုဖြစ်ပျက်နေတာတွေကိုပေါ့။ ဒီနေ့ ၂၈ မှာဆိုရင်ပဲ အများကြီးပဲ။ 

သိမ်းတယ်ဆိုတာမသိခင် မနက်နိုးလာတော့ အဲဒီ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေ လုံးဝမရှိတော့ဘူး။ မောင်နှမတွေက တခြားနေရာမှာ ဝန်ထမ်းတွေဆို​တော့ ဆက်သွယ်လို့လည်း မရတော့ဘူးဆိုတော့ ကမ္ဘာပျက်သလိုပဲလေ။ ရုတ်တရက်။ ဘာဖြစ်မှန်းလည်း မသိဘူး။ တစ်ကယ့်ကို အဆက်အသွယ် အကုန်လုံးပြတ်တောက်သွားတယ်။ ပထမ​တော့ ကိုယ့်မိဘနဲ့လည်း အဆက်အသွယ်ပြတ်တယ် မောင်နှမတွေနဲ့လည်း အဆက်အသွယ်ပြတ်တယ်။ ဖုန်းလည်း မရ အင်တာနက်လည်း မရ။ လူကလေ ဆောက်တည်ရာမရပေါ့ ဘာများဖြစ်လဲ ဘာများဖြစ်လဲလို့။ ဒုတိယအချက်အနေနဲ့ကတော့ အမေစု ပေါ့။ အမေစုတို့ သမ္မတကြီးတို့အတွက်ကို ကိုယ်ကစိတ်ပူသွားတယ်။ ဘာတွေဖြစ်ကုန်ပြီလည်းပေါ့။ ကမ္ဘာပျက်သွားတာ တစ်နာရီ နှစ်နာရီလောက်ကို။ 

နောက် မြဝတီကြည့်တဲ့သူတွေကပြောပြီ။ မြဝတီ breaking news ဆိုပြီးတော့တဲ့ စာတမ်းပြေးနေတယ်တဲ့ နိုင်ငံတော့ စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အရေးပေါ်အခြေအနေကြော်ငြာပြီးတော့တဲ့ စစ်အာဏာသိမ်းလိုက်ပြီ ဆိုပြီးတော့။ အဲဒါ အရေးပေါ်အခြေအနေဆိုတာ ဘယ်သူမှလည်း အရေးပေါ်ဖြစ်မနေဘူးလေ။ ပုံမှန်နိုးနေကြ အိပ်နေကြ နေ့တစ်နေ့ပဲ။ ဘယ်လိုမှလည်း မျှော်လင့်မထားတော့ ဒေါသတွေထွက်တာပေါ့။ ပေါက်ကွဲတာပေါ့။  

ကျောင်းကဆရာမတွေရော ပြီးတော့ ပညာရေးကောလိပ်ကသူငယ်ချင်းတွေရော အားလုံးပဲ တော်တော်များများပါကြတယ်။ ဦးဆောင်ကြတယ်။ သူတို့ကိုယ်တိုင်လည်း မဲရုံမှာလုပ်ခဲ့ကြတယ်လေ။ ကိုယ်တွေကတော့ မဲရုံမှာ တာဝန်မကြခဲ့ဘူး ဒါပေမယ့် ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့မဲ တိတိကျကျခိုင်ခိုင်မာမာ COVIDကာလမှာတောင် အသေအချာကိုသွားပြီး အသက်စွန့်ပြီးတော့ ကို သွားပေးခဲ့တာပေါ့နော်။ ဆိုတော့ ကိုယ့်သူငယ်ချင်းတွေဆို ပိုပြီးခံစားရတာပေါ့။ ကိုယ်တိုင်မဲရုံမှာ ညအထိမအိပ်ပဲနဲ့ အရမ်းပင်ပန်းပြီးသူတို့လုပ်ခဲ့ရတာ အဲဒါကိုမှာ သူတို့ကို မဲမသမာမှုကြောင့်လို့ပြောလိုက်တော့ ပထမဦးဆုံးသူတို့အနေနဲ့ ပိုပြီးတော့ ပေါက်ကွဲတာပေါ့။ အဲဒါကြောင့်မို့ ဆရာဆရာမတွေလမ်းပေါ်ထွက်ကြတယ်။  

ပထမ 144 ထုတ်လိုက်ပြီးတော့လေ ညမထွက်ရဆိုပြီးတော့မှ ညဘက်မှာ မဲရုံဆရာမတွေကို လိုက်ဖမ်းတာ။ လိုက်ဖမ်းတာကလည်း သိတဲ့ ထွေအုပ်ဝန်ထမ်းတွေ − သစ္စာဖောက်လို့ ခေါ်ရမှာပေါ့ ထွေအုပ်နဲ့ ဆရာမတွေ ရွေးကောက်ပွဲမှာ အတူတူတွဲပြီးလုပ်တာဆိုတော့ ဒီဆရာမတွေ ဒီဆရာမတွေ ဘယ်ရပ်ကွက် ဘယ်လမ်းမှာ နေတယ်ဆိုတယ်ဆိုတာ သိတဲ့အတွက် အဲဒီဝန်ထမ်းက နေပြီး ဒီဆရာမ ဒီဆရာမ ဒီလမ်းမှာနေပါတယ်ဆိုပြီး လိုက်ပြီးနေရာပြီး လိုက်ဖမ်းတာ။ ဒီတော့ ဆရာမတွေက ကိုယ့်အိမ်မှာလည်း ကိုယ်မနေရဘူး။ ရှောင်နေရတယ်။ များသောအားဖြင့်တော့ မပါသွားဘူး။ ဘာလို့လည်းဆိုတော့ ကြိုသိနေတာလေ။ ဒီစစ်အာဏာသိမ်းတာက လွန်ခဲ့တဲ့ ၈၈ က ပုံစံမျိုးဆိုတော့ ဒီလိုပုံပဲ ခင်းကျင်းမယ်ဆိုတဲ့အခါကြတော့ ဆရာမတွေက ရှောင်နေလိုက်တာ။ တစ်ချို့တစ်လေတွေ အငိုက်မိပြီးပါသွားတဲ့သူတွေလည်းရှိတယ်။ 

စစ်အာဏာသိမ်း အစိုးရရဲ့ လက်အောက်မှာ လုံးဝနိုင်ငံ့ဝန်ကို မထမ်းချင်တော့လို့ CDM လုပ်လိုက်တာ။ စစ်အာဏာသိမ်းအစိုးရရဲ့အောက်မှ ဝန်ထမ်း အဖြစ်နဲ့ မလုပ်ချင်ဘူး။ စစ်အာဏာကို အလိုလည်းမရှိဘူး။ အခုလူတွေလမ်းပေါ်ထွက်တယ်။ တိုက်ပွဲဝင်နေကြတယ်။ အများကြီးလည်း ထိခိုက်တယ်။ ဒီအစိုးရလက်ထက်မှာဆိုရင် အလုပ်မလုပ်ဘူး။ ပြည်သူ့အစိုးရပြန်တက်လာရင်တော့ အလုပ်လုပ်မယ်။ ဒီဆရာမအလုပ်ကို ဆက်လုပ်မယ်။ 

မိသားစု မေမေတို့လည်း ဒီလိုပဲ ခံယူထားတယ်။ အဲဒီလိုမျိုး စစ်အာဏာရှင်လက်အောက်မှာ သူ့သားသမီးတွေ မလုပ်စေချင်ဘူး။ ဝန်ထမ်းတွေများတယ်လေ၊ ကိုယ်တွေဆို ဆရာမ အစ်မတွေဆို တစ်ခြားဝန်ထမ်း။ သူတို့တွေကိုလည်း မလုပ်နဲ့ ဒီလောက်ရက်စက်တဲ့ ဒီစစ်အစိုးရလက်အောက်မှာ အလုပ်ပေးမလုပ်ဘူး။ တစ်ခြားအပြင်ဘက်မှာ လုပ်မယ်။ ဈေးရောင်းစားမယ်၊ ဆိုင်ဖွင့်မယ်၊ ကိုယ့် မိသားစု ရပ်တည်နိုင်အောင်လို့ အပြင်မှာလုပ်စားလို့ရတယ်။ 

အခုဆို မြန်မာတစ်နိုင်ငံလုံးပေါ့ ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ပြီး တစ်ကယ့်လို ငရဲလိုဖြစ်နေတယ်။ ကိုယ့်ရဲ့ နိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ ပြည်သူတွေဟာ လုံးဝမလုံခြုံတော့ဘူး။ သူပုန်တွေ ဓားပြတွေ သူခိုးတွေ နဲ့ အတူတူနေနေရသလိုမျိုး ကိုယ်တို့တွေကို အချိန်မရွေး အန္တရယ်ပြုမယ် ဖမ်းမယ် ဆီးမယ် ရိုက်မယ် နှက်မယ် ပစ်မယ် ခတ်မယ်ဖြစ်နေတယ် ဆိုတော့ လုံးဝကို မလုံခြုံတော့ဘူး။ ကိုယ် တွေသားသမီးတွေကို တောင် ရှေ့ဆက်ပြီးတော့ ဒီနိုင်ငံမှာ အသက်ပေးမရှင်ချင်လောက်အောင်ကို မလုံခြုံတဲ့ ဘဝတွေဖြစ်နေတယ်။

ဒါကြောင့်နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလေ မြန်မာနိုင်ငံကို ရတဲနည်းနဲ့ စစ်အာဏာရှင်စနစ်ကနေ ရတဲ့နည်းနဲ့ လွတ်မြောက်အောင် ကူပေးပါလို့ အကူအညီတောင်းချင်တယ်။ နိုင်ငံအရပ်ရပ်မှာရှိတဲ့ သူငယ်ချင်းတွေ ပြည်သူပြည်သားတွေ အတွက် ကိုယ့်နိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေကို ကယ်တင်ပေးပါလို့ မေတ္တာရပ်ခံချင်တယ်။ 

 

 ပန်းချီမှာ Art for Freedom (Myanmar) https://www.artforfreedommm.com ကပါ။