စာရေးသူသည် ရှမ်းပြည်နယ် မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
မတ်လကုန်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုက လူဦးရေ ၄ သိန်းနီးပါးရှိတဲ့ တောင်ကြီးမြို့ကိုအတော်တုန်လှုပ်စေခဲ့ပါတယ်။ ဒါကတော့ မတ်လ ၂၅ ရက်ညမှာ ပြည်သူ ၁၀ ဦးလောက်အဖမ်းအဆီးခံရတာပဲဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးပြီးချင်းနောက်ပိုင်းမှာ တောင်ကြီးမြို့ပေါ်မှာ နေ့စဉ် အာဏာဖီဆန် ဆန္ဒပြမှုတွေ လုပ်လာသလို မြို့ပေါ် က တော်လှန်ရေးလုပ်တဲ့ လူငယ်တွေ လွတ်မြောက်နယ်မြေမှာ စစ်ပညာတွေ သွားရောက် သင်ယူခဲ့ကြတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမယ့် မြို့ပေါ်တိုက်ပွဲဖော်ဆောင်တာ၊ မြို့ပြပြောက်ကျားတိုက်ပွဲတွေ လုပ်ဆောင်တာတွေမရှိခဲ့ပါဘူး။ အသေးစားဖောက်ခွဲမှုအချို့သာရှိခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ တောင်ကြီးမြို့မှာ စစ်ကောင်စီအရန်အင်အားဖြစ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ လွမ်းမိုးမှု ရှိသလို မြို့ပတ်ပတ်လည်မှာ စစ်တပ်တွေဝိုင်းရံထားတဲ့အတွက်ပါပဲ။
အာဏာသိမ်းတာတစ်နှစ်ကျော်လာတဲ့အခါမှာတော့ တောင်ကြီးမြို့ဟာ တော်လှန်ရေးသမားတွေ၊ ဖောက်ခွဲရေးသမားတွေ လှုပ်ရှားမှုမရှိ ငြိမ်နေတဲ့အခြေအနေကိုရောက်နေပါပြီ။
ဒါပေမယ့် မတ်လ ၂၅ ရက်ညမှာ ဒါတွေအကုန်ပြောင်းလည်းသွားပါတယ်။ ကတော့ မှတ်မှတ်ရရပါ။ ဘာလို့လည်းဆိုတော့ စစ်ကောင်စီက တောင်ကြီးမြို့က ရပ်ကွက်တွေအကုန်လုံးကို အိမ်ထောင်စုစာရင်း ပုံစံ စာရွက်တွေပေးပြီး အချက်အလက်တွေကို ဖြည့်ပြီးတင်ခိုင်ထားတာ အဲဒီရက်က နောက်ဆုံးရက်မို့လို့ပါပဲ။
စစ်ကောင်စီ ထောက်ခံသူတစ်ဦးရဲ့ Telegram channel ကသတင်းအရ ဆိုရင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ခွါညိုလမ်းနဲ့ သဇင်လမ်းမှာရှိတဲ့ DNNA ကိုယ်ပိုင်အထက်တန်းကျောင်းအုပ် ဆရာမဒေါ်နွဲ့နွဲ့အေးနဲ့ တူမဖြစ်သူတို့နေထိုင်ရာ အိမ်ကို ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ရဲအင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ဝင်ရောက်ဖမ်းဆီးတာဖြစ်ပါတယ်။
နေအိမ်မှာ လူမတွေ့တော့ လမ်းတစ်လျှောက်က အိမ်နီးချင်းအိမ်တွေကိုပါ ဝင်ရောက်ရှာဖွေခဲ့ပြီး အိမ်တွေထဲကပစ္စည်းတွေကို တစ်ညလုံးမွှေနှောက်ပြီး ယူဆောင်သွားတယ်ပြီလို့ မြို့ပေါ်နေ မိတ်ဆွေက သတင်းလှမ်းပို့ပေးတယ်။
နောက်တော့ အဲဒီညမှာပဲ သတင်းရပြီး ကျောင်းအုပ်ဆရာမဒေါ်နွဲ့နွဲ့အေးနဲ့ မိန်းကလေး ၈ ဦးတို့ကို ချမ်းမြရပ်ကွက်က အိမ်တစ်အိမ်မှာ မနက် ၂:၀၀ နာရီအချိန်က ဝင်ရောက်ဖမ်းဆီး လိုက်တယ်။ ဒါတင်မကသေးဘူး အဲဒီကိုယ်ပိုင်ကျောင်းမှာစာသင်နေတဲ့ ကျောင်းဆရာတစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။ ဒီသတင်းကြားသိတဲ့အချိန်မှာ ၂၀၂၁ မတ်လ ၄ ရက်နေ့က အဲဒီကိုယ်ပိုင်ကျောင်း နား ဆန္ဒပြတဲ့အဖွဲ့နဲ့အတူတူ သီချင်းထိုင်ဆိုနေတဲ့အချိန်ကိုပါ ပြန်ပြီးသတိရမိခဲ့ပါတယ်။ အဖမ်းခံနေရတဲ့သူတွေနဲ့ တော့ ကိုယ်ကခင်ခင်မင်မင် သိရှိခဲ့ခြင်းမဟုတ်ပေမယ့် တောင်ကြီးသားချင်း ဖြစ်နေတော့ စိတ်မကောင်းရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါ။
တစ်ဆက်ထဲပဲ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှာလည်း ရန်ကုန်နဲ့မန္တလေးကိုပို့မယ့် ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ အမျိုးသားတစ်ဦးအဖမ်းခံခဲ့ရပြန်သေးတယ်။ တစ်ကယ့် ဖောက်ခွဲရေး လုပ်ဆောင်တဲ့ သူကို မဖမ်းမိပေမယ့် ဆက်စပ်သူတွေကို ဖမ်းဆီးတာပါ။
ဒီလိုမျိုး စစ်ကောင်စီက နောက်ကြောင်းပြန်ပြီး မသက်ဆိုင်သူတွေကိုပါ စိတ်ကူးပေါက်ရင်ပေါက်သလို ထင်ရာမြင် ရာဖမ်းဆီးနေတဲ့အတွက် တောင်ကြီးမှာ တော်လှန်ရေးထဲ ထဲထဲဝင်ဝင် မပါဝင်ဖူးတဲ့ ပြည်သူတွေလည်း စိတ်မခြုံပဲ လူတိုင်းမိမိလုံခြုံရေး အမြဲသတိနဲ့နေထိုင်နေကြရပါတယ်။ ကျွန်တော်တို့လို သတင်းသမားတွေလည်း သွားသတိ၊ နေသတိ၊ အိပ်သတိနဲ့ နေရတာပေါ့ဗျာ။
“တောင်ကြီး အထွေထွေသပိတ် စစ်ကြောင်းမှာ ဆန္ဒပြတုန်းက တက်ကြွစွာ ပါဝင်ဖူးတဲ့ လူငယ်ခေါင်းဆောင်တွေကို အဓိက လိုက်ဖမ်းနေတာ။ ဘယ်ကနေ ဘယ်လို သတင်းရပြီး အခုမှ လိုက်ပြီး ဖမ်းနေမှန်း မသိပေမယ့် လူငယ်တွေ အနေနဲ့ ဒီရက်ပိုင်း ရှောင်နေသင့်တယ်” လို့ သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုလှမ်းပြောပါတယ်။
ကြားကြားချင်း ကျွန်တော်လည်း လတ်တလော နေထိုင်တဲ့နေရာက မလုံခြုံတော့သလို ခံစားရပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ၊ အသိတွေ လည်း ကျီးလန့်စာစားသလို နေနေရတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် တောင်ကြီးမြို့ပေါ်မှာ ည ၇ နာရီကျော်အချိန်ဆို တော်ရုံတန်ရုံလူက အပြင်မထွက်ရဲတော့ဘူး။ စစ်ကောင်စီက ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုတွေ လုပ်နေတာမို့လို့။ သူတို့တွေက သွားလာတဲ့သူတွေကို အကုန်စစ်တယ်လေ။
ဆိုတော့ မိုးချုပ်ပြီဆို ဘယ်သူမှ ဘယ်မှ မသွားရဲတော့ဘူး၊ အပြင်လည်းမထွက်တော့ဘူး လို့ သူငယ်ချင်းတစ်ဦးက မြို့ကအခြေအနေကိုပြောပါတယ်။
အဲဒီ မတ်လကုန်ဖမ်းဆီးကြမ်းတဲ့ညရဲ့ နောက်ဆက်တွဲကတော့ တောင်ကြီးမြို့ထဲမှာ လူဦးရေ ၄၀ နီးပါး ဖမ်းဆီးခံထားရပြီး အများစုဟာ အမျိုးသမီးတွေပါ။ ဒါ့အပြင် အသက်မပြည့်သေးသူတွေလည်း ပါဝင်နေပါတယ်။
ဖမ်းတဲ့သူတွေများလွန်းလို့ တောင်ကြီးမြို့ အမှတ် (၁)ရဲစခန်းအထဲက အချုပ်မှာ မထိန်းသိမ်းနိုင်တော့တာကြောင့် နိုင်ငံရေးနဲ့ပတ်သက် တဲ့ အမှုကလွဲပြီး တစ်ခြားအမှုတွေကို ညောင်ရွှေမြို့က ထောင်တစ်ခုမှာ ယာယီရွှေ့ပြောင်းထားတယ်လို့တောင်ပြောဆိုနေကြပါတယ်။
အဲဒီအချိန် ရန်ကုန်က သူငယ်ချင်းလည်း အလုပ်ကိစ္စနဲ့ တောင်ကြီးကို ရောက်ရှိလာပါတယ်။ သူတို့ကို စစ်ဆေးပြီး အဖမ်းခံရမှာကို စိုးရိန်လို့ မကြာမကြာ ဖုန်းလှမ်းဆက်ပြီး သတိပေး နေရပါတယ်။
တောင်ကြီးမြို့ပေါ်မှာ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ညမိုးချုပ်ပြီဆိုရင် မြို့တွင်း ရပ်ကွက်တွင်း၊ ကြောင်ကြိုကြောင်ကြား လှည့်ပတ်ပြီး စစ်ဆေးမှုတွေလုပ်ပါတယ်။ တစ်ချို့ကလည်း ယူနီဖောင်းအပြည့်နဲ့ ရှောင်တခင် စစ်ဆေးခြင်းတွေရှိသလို၊ တချို့က အရပ်ဝတ်နဲ့ လှည့်ပတ်နေတာတွေရှိပါတယ်။ ဟိုတယ်တွေမှာလည်း အမြဲဝင်ရောက်စစ်ဆေးမှုတွေရှိနေပါတယ်။ လက်ရှိအချိန်ထိ လုပ်ဆောင်နေတုန်းပဲ လုံခြုံရေးအကြောင်းပြပြီး ဆက်တိုက်စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
အလွန်အေးချမ်းပြီး တည်ငြိမ်နေတဲ့မြို့၊ တနိုင်ငံလုံးအသန့်ရှင်းဆုံးဆု ရရှိထားတဲ့မြို့ ရှမ်းပြည်နယ်မြို့ တော်လည်းဖြစ် ကျွန်တော်အလွန်ချစ်တဲ့ တောင်ကြီးမြို့၊ အမြဲတမ်း လူစည်ကားတဲ့ တောင်ကြီးမြို့ ဒီလိုမျိုး ဖြစ်နေတာကို မြင်ရ၊ ကြားရ၊ ဖတ်ရတဲ့အခါမှာ စိတ်မကောင်းမှုများစွာဖြစ်ခဲ့ရပါတယ်။ ဘယ်အချိန်မှ အရင်လိုပုံမှန်အချိန်ပြန်ရရှိမှာလည်းဆိုတာ အဝေးတစ်နေရာကနေ မျော်နေရပါတယ်။
သရုပ်ဖော်ပုံကို The Kite Tales က ပံ့ပိုးကူညီနေတဲ့ အမည်မဖော်ပြလိုတဲ့အနုပညာရှင်တစ်ဦးရဲ့လက်ရာဖြစ်ပါသည်။