ဖိနှိပ်မှုတွေကြား သပိတ်ထွက်နေကြတဲ့ ကျောက်စိမ်းမြေက ပြည်သူများ

ဖိနှိပ်မှုတွေကြား သပိတ်ထွက်နေကြတဲ့ ကျောက်စိမ်းမြေက ပြည်သူများ

Hpakant

စာရေးသူသည် ကချင်ပြည်နယ် မှ သတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေခွန်ပုံပြင်များကပံ့ပိုးကူညီပါသည်။|

ကျောက်စိမ်းမြေလို့ လူသိများတဲ့ ဖားကန့်မြို့မှာ မမေ့နိုင်စရာ၊ စိတ်အလွန်ကြေကွဲစရာ တစ်ခုဖြစ်ပျက်ခဲ့တာ အခုဆို ၂ ပတ်တောင်ရှိပါပြီ။ ဒါကတော့ အနန့်ပါဒေသကို လေကြောင်း တိုက်ခိုက်ခဲ့တဲ့ ကိစ္စပါ။

အောက်တိုဘာလ (၂၃) ရက်နေ့ည (၈) နာရီခွဲ အချိန်လောက်က ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) ၊ အနန့်ပါဒေသမှာ ရှိုးပွဲတစ်ခုပြုလုပ်နေတဲ့အချိန် စစ်ကောင်စီကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးမကြာမီမှာ သေဆုံးသူ (၆၂) ဦး ဒဏ်ရာရရှိသူ (၆၂) ဦး ရှိခဲ့တယ်လို့  KIO/KIA  ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောတယ်။

အသက်ဆုံးရှုံးသူတွေကတော့ ဒေသခံပြည်သူတွေ၊ အနုပညာရှင်အချို့နဲ့ KIA စစ်သားတွေပါ။ မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဒီထက်ပိုများမယ်လို့ပြောပြီး အခုဆို ဒဏ်ရာရတဲ့ လူဦးရေ ၁၀၀ ကျော်ခဲ့ပါပြီ။

အဲဒီလိုတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ စစ်ကောင်စီကနေ ဆေးကုသမှုတွေကို ပိတ်ပင်ထားတဲ့အပြင် ဖားကန့်ကိုလာမယ့် ဆေးဝါးသယ်ကားတွေကိုလည်း ဖြတ်သန်းခွင့်မပေးပါဘူး။

စစ်တပ်ရဲ့ အကျည်းတန်တဲ့ လုပ်ရပ်များစွာတွေထဲက တစ်ခုပါပဲ။ ဖားကန့်ဟာ စစ်တပ်ကို ဆန့်ကျင်နေတာကြာပါပြီ။ အာဏာသိမ်းတဲ့နေ့ကတည်းကစပြီး ပြည်သူလူထုဟာ အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းတာတွေကြောင့်  မြန်မာတစ်နိုင်ငံလုံးက သပိတ်စစ်ကြောင်း တော်တော်များများ ငြိမ်သက်ခဲ့ကြပေမယ့် ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့ကတော့ သပိတ်စစ်ကြောင်းမပျက်ထွက်ခဲ့ကြပါတယ်။

ဖားကန့်မြို့မှာ လူတန်းစားအလွှာပေါင်းစုံနေထိုင်နေပြီး လက်နက်ကိုင်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ဒေသခံ ကချင်တိုင်းရင်းသားတွေနဲ့ မြန်မာနိုင်ငံနေရာအနှံ့ကသူတွေ စုဝေးနေထိုင်ကြတာ ဖြစ်ပါတယ်။ အများစုကတော့ ကျောက်စိမ်းလုပ်ငန်းကိုပဲ အဓိကထား လုပ်ကိုင်ကြတာပါ။ ဖားကန့်မြို့မှာ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ (၃၀၀,၀၀၀) ကျော် ရှိပြီးတော့ အရင်နှစ်တွေ ကတည်းက ဆန္ဒထုတ်ဖော်တဲ့နေရာတွေမှာ တက်ကြွစွာပါဝင်တဲ့ မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။

ဖားကန့်မြို့နေ ပြည်သူထုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါလ (၇) ရက်နေ့ကတည်းစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ကချင်ပြည်နယ်မှာ ပထမဦးဆုံးလမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြို့လည်း ဖြစ်ပါတယ်။

သမိုင်းဝင်နေ့ ဖြစ်ခဲ့တဲ့ (၂၂.၂.၂၂) ၂ ငါးလုံးလို့ခေါ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ၂ လပိုင်း ၂၂ ရက်နေ့မှာလည်း တစ်နိုင်ငံလုံးက ပြည်သူလူထု သန်းချီဆန္ဒထုတ်ဖော်ခဲ့ကြသလို ဖားကန့်မြို့နယ်မှာလည်း အဲဒီနေ့မှာ သိန်းနဲ့ချီဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း မတ်လ(၁၄) ရက်နေ့မှာ ပစ်ခတ်ဖြိုခွင်းခံရပြီး ကိုကျော်လင်းထိုက်ကျဆုံးခဲ့ရပါတယ်။ မတ်လ(၂၇)ရက်နေ့မှာ ကိုသန့်ဇော် အသက်ဆုံးရှုံးရပြန်ပါတယ်။ မေလ(၂)ရက်နေ့ မှာလည်း ကိုဝေဖြိုးသေဆုံးခဲ့ပြီး ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အပြစ်မဲ့ ပြည်သူ စုစုပေါင်း(၁၂)ဦး ကျဆုံးခဲ့ပါတယ်။

ဒီလို ဖိနှိပ်မှုတွေလုပ်ခဲ့ပေမယ့်လည်း ဖားကန့်ပြည်သူထုဟာ သွေးကြောင်မသွားခဲ့ပါဘူး။ သပိတ်စစ်ကြောင်းတွေ ဆက်လက်ထွက်ခွာခဲ့ကြပြီး ဒီကနေ့အချိန်အထိ အာဏာရှင်ဆန့်ကျင်ရေး ချီတက်ကြွေးကြော်သံတွေကို မြင်နေကြားနေရဆဲ ဖြစ်ပါတယ်။

အနန့်ပါ ဖြစ်စဉ်အတွက် သွေးမအေးကြောင်း ဆန္ဒပြနေကြတဲ့ ဖားကန့်ဒေသခံများ။

ဆန္ဒပြပြည်သူတွေဟာ KIA PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ အကြမ်းဖက်စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်နဲ့အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ နွေးဉီးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့အတူ ဒီကနေ့အချိန်ထိ ချီတက်ဆန္ဒထုတ်ဖော်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းကို မေးမြန်းကြည့်ရာမှာတော့ ဒါက ဖားကန့်ပြည်သူတွေရဲ့ မလျော့တဲ့ဇွဲနဲ့ တော်လှန်ရေးပေါ်မှာ ထားရှိတဲ့ စိတ်ကြောင့် ဒီကနေ့အထိ တော်လှန်နေကြတာလို့ ဆိုပါတယ်။

“အရေးတော်ပုံကြီး အောင်မြင်မှ ဖြစ်မယ်ဆိုပြီး ကိုယ်လုပ်နိုင်တဲ့ ကဏ္ဍကနေ တော်လှန်နေကြတာ ဖြစ်တယ်။ အရမ်းကြီး လွယ်ကူနေတာတော့ မဟုတ်ဘူး။ အခက်အခဲ အမျိုးမျိုး ရှိတဲ့ကြားကနေ အချိန်ရရင် ရသလို သပိတ်စစ်ကြောင်း ထွက်နေတာ ဖြစ်တယ်။ ဒါက ဖားကန့်ပြည်သူတွေကို လေးစားရမယ့်၊ ဂုဏ်ပြုရမယ့် စိတ်ဓာတ်ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်လေးနဲ့ ရှေ့ဆက်နေကြဆဲလည်း ဖြစ်ပါတယ်”

ဟုတ်ပါတယ်။ ဖားကန့်ဟာ ကချင်ပြည်နယ်အတွင်းက တခြား မြို့တွေနဲ့ မတူပါဘူး။ ဒီကနေ့အချိန်အထိလည်း CDM ဝန်ထမ်းတွေကို ထောက်ပံ့တဲ့နေရာမှာလည်း အားကောင်းနေဆဲ ဖြစ်သလို အခြားမြို့တွေလို တော်လှန်ရေး အရှိန်အဟုန် မရပ်တန့်သွားပါဘူး။

ဒီလို ပြင်းထန်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲ စစ်ကောင်စီက ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ကနေ ဒီကနေ့အထိ သတင်းအမှောင်ချနိုင်ဖို့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ (၁) နှစ်တိတိ ရှိပါပြီ။ ဖိလေကြွလေ ဆိုတဲ့အတိုင်း ဖားကန့်ပြည်သူတွေဟာ စစ်ကောင်စီကို ရတဲ့နည်းလမ်းနဲ့ တော်လှန်နေကြတာ ဖြစ်ပါတယ်။

သပိတ်စစ်ကြောင်းမှာ နေ့စဉ်ပါဝင်နေတဲ့ လူငယ်အမျိုးသားတစ်ဦးကို ကချင်ပြည်နယ်ရဲ့ အခြားမြို့တွေက တော်လှန်ရေးအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရမှာတော့ အခုလို ဖြေကြားခဲ့ပါတယ်။

“ဆိုင်ထိုင်ပြီး ပျော်ရွှင်နေတဲ့ လူတချို့ကို ချစ်ခြင်းမုန်းခြင်းမရှိဘဲ ကျွန်တော်မေးခွန်းတစ်ခုလောက် မေးချင်ပါတယ်။ စစ်ဖိနပ်အောက်မှာ နေဖို့ အဆင်သင့် ဖြစ်နေပြီလားလို့ပါ”

အထက်ပါအမျိုးသားဟာ ဒီမိုကရေစီ ပြန်ရတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး သူပါဝင်ရတဲ့အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

"အဆုံးထိတိုက်သွားမယ်။ သွေးမအေးဘူး။ တစ်နိုင်ငံလုံး အိမ်တွေ မီးရှို့ခံရတယ်၊ သေကြေပျက်စီးတယ်။ ကျွန်တော်တို့ကို ဘယ်လိုမျိုးဘဲ ဖိနှိပ်ပါစေ ငြိမ်သွားမှာ မဟုတ်ဘူး။  တော်လှန်ရေး ပြီးသွားတဲ့အထိ အဆုံးသတ် တိုက်ပွဲ အောင်တဲ့အထိ သပိတ်တိုက်ပွဲတွေ ဆက်လုပ်သွားမယ်။ သပိတ်တိုက်ပွဲရော၊ လက်နက်ကိုင်တော်လှန်ရေးရော၊ ခုခံတော်လှန်စစ်တွေက ရပ်သွားလို့ မရဘူး။ မြေပြင်သပိတ်တွေလည်း အားကောင်းနေရမယ်။ အကုန် ဟန်ချက်ညီညီနဲ့ ပြီးဆုံးတဲ့အထိ တော်လှန်ဖို့ ဆုံးဖြတ်ထားတယ်။”

ဒီလိုဖိနှိပ်မှုဒဏ်တွေကို ခံနေရပေမဲ့ ဖားကန့်ပြည်သူလူထုဟာ စစ်အာဏာရှင်ဆန့်ကျင်ဖို့ အတွက်ကို တစ်စက်လေးမှ နောက်မတွန့်သွားပါဘူး။

အနန့်ပါဖြစ်စဉ်အတွက် သွေးမအေးကြောင်းနဲ့ သွေးကြွေးဆပ်မယ်ဆိုတဲ့ သပိတ်စစ်ကြောင်းကို မှော်တွေမှာ အခုအထိလှည့်ပြီး ပြုလုပ်နေတုန်းပါပဲ။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။