စွန်လွတ်ဖို့ မလွယ်ကူတဲ့ သတင်းထောက်ပိုး

စွန်လွတ်ဖို့ မလွယ်ကူတဲ့ သတင်းထောက်ပိုး

ရှမ်းပြည်နယ်

စာရေးသူဟာ ရှမ်းပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါတယ်။

အခုဆိုကျွန်တော် သတင်းထောက်ဖြစ်တာ (၁၀) နှစ်ရှိပါပြီ။
 
သတင်းထောက်သက်တမ်းကြာလာတာနဲ့အမျှ အောက်ခြေပြည်သူတွေရဲ့အခြေအနေတွေသိလာတယ်။ သတင်းတွေ အသွားအလာတွေသိလာတယ်။ ပြည်သူတွေမတရားခံနေရတာတွေကိုသိလာတယ်။ ပြည်သူတွေခုတုံးလုပ်ခံရတာ၊ အသုံးချခံရတာ၊ စတာတွေသိလာတယ်။

ဒီတော့ စစ်တပ်အာဏာမသိမ်းခင်မှာ ပြည်သူဘက်မှာ မားမားမတ်မတ်ရပ်တည်ပြီး အမှန်တရားကိုရေးသားဖော်ထုတ်ဖြစ်ပါတယ်။

တစ်ဖက်ကလည်း ပြစ်မှု ကျူးလွန်သူ၊ မတရားလုပ်သူ၊ ​မသိနားမလည်တဲ့ပြည်သူတွေကို အသုံးချနေတဲ့သူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း တွေက သတင်းထောက်တွေကိုမျက်စိစူးလာပါတယ်။ သတင်းထောက်တွေကို ရန်သူသဖွယ်သတ်မှတ်လာတယ်။ ဒီအလုပ်က ကိုယ့်ဘက်က ဘယ်လောက်ထိမှန်ကန်ပါစေ အငြိုးအတေးထားတဲ့သူတွေက အရမ်းများတယ် ဆိုတာ သတိထားမိလာတယ်။

တိုင်းရင်းသားတွေဒေသမှာဆိုရင်ပိုဆိုးပါတယ်။ လက်နက်အားကိုးနဲ့ လုပ်ချင်တာ လုပ်နေကြတာ တွေရှိတယ်။ အဲလိုနဲ့ ဖိနှိပ် မှုတွေရှိလာပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်း လိုက်တော့ မီဒီယာ ဖိနှိပ် မှုပိုမိုဆိုးရွားလာပါတယ်။ သတင်းထောက်ကို ပစ်မှတ်ဖမ်းဆီးတာတွေ ပြုလုပ်လာပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာသတင်းထောက်တွေ ၁၀ ယောက်ကျော်အဖမ်းခံခဲ့ရပါတယ်။ အဖမ်းမခံရပဲ ဝရမ်းထုတ်ခံထားရတဲ့ သတင်းထောက်တွေလည်း ရှိနေခဲ့ပါတယ်။ ဆိုတော့ အခု ရှမ်းပြည်နယ်မှာ သတင်းထောက်တွေ မရှိသလောက် ဖြစ်လာပါတယ်။ ပြည်သူတွေရဲ့အခက်ခဲတွေကိုရေးသာဖော်ထုတ်မယ့် သတင်းထောက်တွေ နည်းပါးလာတော့ ပြည်သူတွေပိုပြီးဒုက္ခပိုရောက်ပါတယ်။

သတင်းထောက် တွေကလည်း သတင်းပိုးတွေကမသေဘူး။ သတင်းရှိရင်မရေးပဲ မနေနိုင်ကြပါဘူး။ တိမ်းရှောင်နေတဲ့ကြား နယ်စည်းမခြား ရောက်တဲ့နေရာမှာ သတင်းအလုပ်ကိုလုပ်ကြပါတယ်။ ကျွန်တော်အပါအဝင်ပေါ့လေ။

ဒီသတင်းထောက်တွေကို အဆုံးသတ်လိုက်တော့၊ ဒီသတင်းဌာနကို ဖျောက်ပြစ်လိုက်တော့၊ ဒီသတင်းသမားကို သတ်လိုက်တော့စတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြောဆိုတာတွေရှိလာပေမယ့် ကျွန်တော်တင်မက သတင်းထောက်အများစုက ဒီအလုပ်ကို မစွန့်လွှတ်နိုင်ပါဘူး။

ဒီကြားထဲမှာ ဖမ်းဆီးခံရ သတင်းသမားတွေ ပြန်လွှတ်လာတယ်လို့ ကြားရင် စိတ်ထဲမှာ အော် မီဒီယာ ဖိနှိပ်မှု၊ သတင်းသမား ဖိနှိပ်မှုတွေလျော့လာပြီ လို့အောက်မေ့ပြီး ဖုန်တက်နေတဲ့ကင်မရာကို သန့်ရှင်းရေးလုပ် နေရပ်ပြန်နိုင်ဖို့ကြိုးစားမယ်လို့ စိတ်ကူးခဲ့တဲ့နေ့တွေလည်း မနည်းတော့ပါဘူး။

အိမ်ကိုလွမ်းလို့ ပြန်ဖို့ မိတ်ဆွေသူငယ်ချင်းကို တိုင်ပင်ဆွေးနွေး အခြေအနေတွေ လမ်းမေးပြီး ချင့်ချိန်နေတုန်း မနှစ် ဒီဇင်ဘာ ၂၅ ရက်မနက်စောစောမှာ တောင်ကြီး အခြေစိုက် ကမ္ဘောဇတိုမ်း မီဒီယာ သတင်းဌာန အယ်ဒီတာ ချုပ် ကိုကျော်ဇော အဖမ်းခံလိုက်ရတဲ့ သတင်းလည်းတက်လာခဲ့ပါတယ်။

ကိုကျော်ဇော ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံရသလို မိသားစုတွေ၊ သူ့ရဲ့ သတင်းထောက်တွေလည်း အဖမ်းခံခဲ့ရပါတယ်။ သူ့ရဲ့သတင်းထောက်တွေ နဲ့ အမျိုးသမီး ထောင်ဒဏ် ၂ နှစ်အမိန့်ချခံခဲ့ရပြီး ညောင်ရွှေထောင်ထဲမှာ တစ်နှစ်ကျော်နေခဲ့ရတယ်။ သူတို့ ပြန်လွတ်လာတာ မကြာသေးခင်မှာပဲ သူအဖမ်းခံရတာပါ။

ဘယ်လောက်ပဲကြာကြာ ဘယ်လောက်ပဲငြိမ်ငြိမ် အခြေအနေ ဘယ်လောက်ပဲကောင်းကောင်း အချိန်မရွေးဖမ်းဆီးဖို့ စစ်ကောင်စီ မှာအစီအစဥ်ရှိပြီးသားဆိုတာ သိလိုက်ရတယ်။

အဆိုးဆုံးကတော့ ဝရမ်းထုတ်ထားတဲ့သတင်းထောက်က ဘယ်သူဘယ်ဝါဆိုတာတိတိကျကျမသိတာပဲ။

"ကျွန်တော်တို့သတင်းဌာနမှာ ဝရမ်းထုတ်ခံရတာတွေ ရှိတယ်။ မိတ်ဆွေရှေ့နေက သူအမှုလိုက်ရင်း သိလာတာ ပြန်ပြောပြမှသိတာ။ အိမ်မပြန်နိုင်တာ (၂) နှစ်ကျော်ပါပြီ"လို့ ရှမ်းမြောက်က မိတ်ဆွေသတင်းထောက်က ပြောပြလာပါတယ်။

ဆိုတော့ သတင်းထောက်လုပ်ဖူးသူတိုင်းမှာ လုံခြုံရေး စိုးရိမ်နေရတာပေါ့။ သတင်းအလုပ်ဆက်ပြီးလုပ် နေသူတွေကော၊ ဆက်မလုပ်တော့သူတွေကော အချိန်မရွေးအဖမ်းခံရနိုင်တာပေါ့။

စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက်လုပ်တဲ့သူတွေက ရာဇဝတ်သားသတ်မှတ်ခံလိုက်ရတာ။ အဖမ်းခံရရင်လည်း မီဒီယာ ဥပဒေ နဲ့အရေးယူတာမျိုးမဟုတ်ပဲ နိုင်ငံရေး ဥပဒေ ပုဒ်မတွေ၊ ရာဇဝတ်မှုပုဒ်မတွေ ၊ အကြမ်းဖက် ဥပဒေ ပုဒ်မတွေနဲ့ပဲ တရားစွဲခံရလို့ နှစ်ရှည်ထောင်ဒဏ်တွေကျခံခဲ့ရပါတယ်။

သတင်းအလုပ်လည်း မရပ်နိုင်၊ လုပ်ရင်လည်း အန္တရာယ်များတော့ သတင်းထောက်တွေ အတွက် အိပ်မက်ဆိုးတွေ ပြန်ပေါ်လာပြန်ပါပြီ။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော အမည်မဖော်လိုသည့် သရုပ်ဖော်သူတစ်ဦး၏ အနုပညာလက်ရာဖြစ်သည်။