ဒီဒိုင်ယာရီကိုရေးသားသူဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှ သတင်းထောက်တစ်ဦး ဖြစ်ပြီး လက်ရှိ ပြည်ပရောက်နေပါသည်။ ယခုဒိုင်ယာရီရေးရန် The Kite Tales က ပိုးကူညီပေးပါသည်။
ကျနော် တိုင်းပြည်ထဲက ထွက်လာခဲ့တာ ခုဆို ၂ နှစ်နီးပါးရှိပြီ။
ကျနော် အိမ်ကနေထွက်လာတဲ့နေ့က ၂၀၂၃ မေလလယ်ပိုင်း မိုခါမုန်တိုင်းသတိပေးချက်တွေ ကြားနေရတဲ့အချိန်။ အိမ်ကမထွက်ခင်ညက လက်ပ်တော့နဲ့ ကင်မရာကို ကျောပိုးအိတ်ထဲ ရေလုံအောင်စနစ်တကျထည့်တယ်။ စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေ လွယ်အိတ်ဖွင့်စစ်ရင် အဲ့ဒီပစ္စည်းတွေကို အလွယ်တကူရှာမတွေ့အောင် အပေါ်ကနေ အဝတ်တွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေရောပြီး ဖုံးထားလိုက်တယ်။
ဒေတာတွေရှင်းထားပြီးသားဆိုပေမဲ့ ဒီပစ္စည်း ၂ ခုကြောင့် ကျနော်ဟာ သတင်းသမားဆိုတာ စစ်သားတွေ အနံ့ရသွားနိုင်ခြေရှိတယ်။ ၂၀၂၁ စစ်အာဏာသိမ်းစကာလက ရပ်ကွက်ထဲဝင်လာတဲ့ စစ်သားတွေကို ဓာတ်ပုံရိုက်နေတုန်း အကြမ်းဖက်အဖမ်းခံခဲ့ရပြီး စစ်ကြောရေးရောက်တော့မယ့်ဆဲဆဲ ရဲစခန်းမှာခံဝန်လက်မှတ်နဲ့ လွတ်လာခဲ့တဲ့ ကျနော် ဒီတကြိမ်ပြန်ပါသွားရင် မလွယ်ဘူးဆိုတဲ့သတိ အမြဲကပ်နေရတာပေါ့။
ကားစီးဖို့ မနက်စောစောထွက်တော့ အမေက ခြံဝအထိလိုက်ပို့ရင်း “ဘာပဲဖြစ်ဖြစ် အမေ့ဆီပြန်လာခဲ့နော်” ဆိုပြီး လက်ကိုဆွဲရင်း ငိုသံနဲ့မှာတယ်။ အမေ့မျက်နှာကို ကျနော်သေချာပြန်မကြည့်နိုင်တော့ဘဲ “အင်းပါ” လို့ မပီမသပြန်ပြောပြီး ကားဂိတ်ဆီကို ခပ်သွက်သွက် လမ်းလျှောက်ထွက်ခဲ့လိုက်တယ်။ အိမ်ကနေ အကြိမ်ပေါင်းများစွာထွက်သွားဖူးပေမဲ့ ဒီတခေါက်ကတော့ ပြန်လာဖို့ မလွယ်တဲ့ခရီးဆိုတာ အမေလည်း နားလည်မှာပါ။
၂၀၂၁ စစ်အာဏာသိမ်းကတည်းက ကျနော်တို့ နေ့စဉ်ဘဝတွေဟာ မလုံခြုံတော့ပါဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်ဖြိုခွင်းရင်း သတင်းသမားတွေကိုလည်း ဖမ်းဆီးထောင်ချခဲ့တယ်။ နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့ စာရင်းအရ အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာတင် သတင်းသမား အနည်းဆုံး ၁၁၅ ယောက် အဖမ်းခံခဲ့ရတယ်။ ၆ လအတွင်းမှာတင် အာဏာသိမ်းစစ်တပ်ရဲ့ လက်ချက်ကြောင့် အရပ်သား ၁,၀၀၀ နီးပါးသေခဲ့ရတယ်။
ဒီအခြေအနေတွေဟာ လွယ်လွယ်နဲ့ငြိမ်သွားမှာမဟုတ်ဘဲ ဆိုးသထက်ဆိုးလာဖို့ရှိတယ်ဆိုတာကို အမေ့ကို ကျနော် မကြာခဏ ပြောပြဖြစ်ခဲ့တယ်။ ကျနော် ပြည်တွင်းမှာ ရသလောက် သိုသိုဝှက်ဝှက်နဲ့ သတင်းလုပ်နေခဲ့ပေမဲ့လည်း ဆက်လုပ်ဖို့ရာ လုံခြုံမှုမရှိတော့တာ၊ ဝင်ငွေမလောက်တာနဲ့ မိသားစုထဲ ပြသနာကောင်လိုဖြစ်လာတာတွေကြောင့် အခြေအနေမဟန်တော့တဲ့နောက် ပြည်ပကိုထွက်ပြီး သတင်းဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ကျနော်ပြည်ပရောက်တော့ သတင်းဌာနတခုအတွက် သတင်းဆောင်းပါးတွေလုပ်ဖြစ်တယ်။ အစောပိုင်းမှာ လစာကတော့ တစ်ကိုယ်ရည်စာအတွက် သုံးလို့လောက်တဲ့ ပမာဏရတယ်။ ရတဲ့လစာထဲကနေ နေထိုင်ခွင့် အထောက်အထားတွေလုပ်ဖြစ်ခဲ့တယ်။ အထောက်အထားမရခင်ကာလ အပြင်သွားလာရင်း ရဲနဲ့တွေ့ပြီး ငွေညှစ်ခံရရင်လည်း ရတဲ့လစာရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ပေးရလေ့ရှိတယ်။ သိပ်မကြာခင်မှာပဲ သတင်းဌာနက ကျနော့်ကိုလစာဆက်မပေးနိုင်တော့ဘူး။ ဒါကြောင့် နေရေး စားရေးစီစဉ်ပေးမှုနဲ့ပဲ ဆက်လုပ်ဖြစ်ခဲ့တယ်။
အမေကလည်း ဖုန်းပြောတိုင်း အဆင်ပြေရဲ့လားမေးပြီး ပိုက်ဆံလိုရင်ကြိုပြောဖို့ မကြာခဏမှာတယ်။ ကျနော် ပိုက်ဆံလိုနေချိန်မှာ တောင်းတဲ့အခါ သူရအောင် ပို့ပေးခဲ့တယ်။ တကယ်တမ်းက ကျပ်ငွေတန်ဖိုး ထိုးကျနေတဲ့ မြန်မာပြည်ကနေ ပိုက်ဆံပြန်တောင်းတယ်ဆိုတာ ငွေပို့ရတဲ့သူဖို့ မသက်သာပါဘူး။ ဖုန်းပြောနေရင်း တခါတလေ ကျနော်တို့မြို့က ပြည်ပရောက်လူငယ်တွေ သာမန်အလုပ်တွေလုပ်နေရင်း အဆင်ပြေတဲ့အကြောင်းပြောရင်း ကျနော့်ကို တခြားအလုပ်ပြောင်းလုပ်ဖို့ အမေက တိုက်တွန်းတယ်။ ကျနော်က တခြားအလုပ်မလုပ်တတ်တာရယ်၊ ဒီလိုအချိန်မှာ သတင်းလုပ်တာဟာ နောင်တချိန်အတွက် အရေးကြီးတဲ့ သမိုင်းမှတ်တမ်းတွေကို ရေးနေတာပဲလို့ခံယူပြီး ဝင်ငွေမရလည်း သတင်းအလုပ်ပဲ ဆက်လုပ်ဖြစ်နေခဲ့တယ်။
ဆိုးသထက်ဆိုးလာတဲ့ တိုင်းပြည်အခြေအနေနဲ့ယှဉ်ရင် ကိုယ့်ဝင်ငွေအခက်အခဲက မပြောပလောက်ပါဘူး။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြည်တွင်းစစ်က ပြင်းထန်လာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမှုစီးပွားဘဝခြွတ်ခြုံကျတာတွေ၊ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ ပြင်းထန်ရာသီဥတုနဲ့ မုန်းတိုင်းဒဏ်တွေကို လူတွေခံနေရကြောင်း သတင်းတွေကို တောက်လျှောက်လိုက်ဖြစ်တယ်။
အာဏာစသိမ်းတဲ့နေ့က မြန်မာပြည်သူတွေအလန့်တကြားဖြစ်ရသလိုမျိုး နောက်တကြိမ်အလန့်တကြားဖြစ်ရတာကတော့ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥဒေကို ၂၀၂၄ ဖေဖော်ဝါရီမှာ စကျင့်သုံးပြီဖြစ်ကြောင်း ကြေညာလိုက်တဲ့အခါမှာပဲ။ ဒီဥပဒေအရ ၁၈ ကနေ ၃၅ အရွယ်တွေ မဖြစ်မနေစစ်မှုထမ်းရမှာဖြစ်တယ်။ တိုက်ပွဲတွေပတ်ချာလည်ဝိုင်းပြီး တပ်ဖွဲ့ဝင်အင်အားနည်းပါးလာတဲ့ အာဏာသိမ်းစစ်တပ်က ဥပဒေအရဆိုကာ လူငယ်အမျိုးသားတွေကို အဓမ္မစစ်မှုထမ်းခိုင်းစေပြီး ရှေ့တန်းပို့တဲ့ သတင်းတွေတဖြေးဖြေးနဲ့ ကြားလာရတယ်။
ဒါဟာ ပြည်တွင်းက လူငယ်တွေနဲ့ မိဘတွေကို အကြီးအကျယ်တုန်လှုပ်စေခဲ့သလို ပြည်ပရောက် ကျနော်တို့လို လူငယ်တွေကိုလည်း တနေ့အလှည့်ကျလာမယ်လို့ သတိပေးတဲ့ ခေါင်းလောင်းသံတွေပဲ။ ကျနော့်နာမည်ကလည်း စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ စာရင်းထဲမှာ ပါနေတယ်။ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေဟာ အလုံးအရင်းနဲ့ထွက်ပြေးတဲ့အခါ လူငယ်တွေမရှိရင် ရှိတဲ့ မိသားစုဝင်တွေ တာဝန်ခံရမယ်လို့ စစ်တပ်က ပြောလာပါတယ်။ ဒါဟာ တနည်းပြောရရင် ပြန်ပေးဆွဲမယ်လို့ ဆိုလိုတာပဲ။
ဒါကြောင့် အမေ့ကို ကျနော့်ဆီ ထွက်လာဖို့ တောက်လျှောက်တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ အမေပြန်မေးတာက ကျနော်ကိုယ်တိုင်တောင် အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူဘယ်လိုလာနေရပါ့မလဲတဲ့။ ဒီအတွက် ကျနော့်မှာ တိကျတဲ့အဖြေမရှိဘဲ ရအောင်သာထွက်လာခဲ့ နောက်တော့ အဆင်ပြေမှာပါလို့သာ ထပ်ခါတလဲလဲ ပြောဖြစ်ခဲ့ပါတယ်။
၂၀၂၄ နှစ်ကုန်ခါနီးမှာ ကျနော်လုပ်နေတဲ့ သတင်းဌာနက အမေရိကန်ဖွံ့ဖြိုးရေးအေဂျင်စီရဲ့ Sub-contractor ကနေ ထောက်ပံ့ကြေးပြန်ရပြီး ကျနော်လစာပြန်ရလာတယ်။ ဒီအချိန်ဟာ အမေ့ကိုခေါ်ဖို့ အသင့်တော်ဆုံးအချိန်ပဲ။ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူဟာ ဆင့်ခေါ်ချိန်မှာ ရောက်မလာတာ၊ စာရင်းမသွင်းတာ ရှိတယ်ဆိုရင် မိသားစုကိုပါ အရေးယူမယ်လို့ တရားဝင်ကြေညာလာပါတယ်။ ကျနော့်မြို့မှာ စစ်တပ်က အကြောင်းကြားစာတောင်မပို့တော့ဘဲ စစ်မှုထမ်းဖို့ အိမ်တိုင်ရာရောက် လိုက်ခေါ်နေပြီ။ လူငယ်တွေအားလုံးထွက်ပြေးကြပြီး မိဘတွေက ရင်ဆိုင်ဖြေရှင်းဖို့ အိမ်မှာကျန်ခဲ့ကြရတယ်။
အဲ့ဒါကြောင့် အမေ့ကို အမြန်ထွက်လာဖို့တိုက်တွန်းတော့ အမေက ထွက်လာဖို့ စီစဉ်နေပြီလို့ပြောတယ်။ ကျနော်လည်း အမေရောက်လာရင်နေဖို့ အခန်းရှာနေခဲ့တယ်။ နောက်တပတ်လောက်ကျတော့ အမေထွက်လာဖို့အစီအစဉ်ကို ကျနော်ဘက်က ရုတ်တရက် ဟန့်တားလိုက်ရပြီး ငွေအရင်ပို့ခိုင်းလိုက်ရတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် ဇန်နဝါရီ ၂၄ ရက်ကစပြီး ကျနော့်ရဲ့လစာ မရတော့ဘူးလို့ သိလိုက်ရတယ်။ တချိန်တည်းမှာပဲ ကျနော့်ရဲ့ နေထိုင်ခွင့်အထောက်အထားက သက်တမ်းတိုးတော့မှာဖြစ်ပြီး အဲဒီအတွက်ငွေအဆင်သင့်ရှိမနေပါဘူး။ နေထိုင်ခွင့်အထောက်အထားမရှိလို့ ပြန်အပို့ခံရတဲ့လူတွေကို မြန်မာစစ်တပ်က စစ်မှုထမ်းဖို့ ဖမ်းသွားတဲ့သတင်းတွေလည်း တောက်လျှောက်ကြားနေရတယ်။ ဒါကြောင့် အမေ့ကို လူက နောက်မှာလာဆိုပြီး ငွေကိုအရင်ပို့ခိုင်းလိုက်ရတာပါ။
ကြားရတဲ့သတင်းတွေအရ လစာပြန်ရဖို့အလားအလာမရှိတော့တာကြောင့် ကျနော် အလုပ်ထွက်လိုက်ပါတယ်။ အမေက သူ့အတွက်စိတ်မပူဖို့နဲ့ ကျနော့်ကို ငယ်ရွယ်တုန်း တခြားအလုပ်အကိုင်ပြောင်းဖို့ ထပ်ပြီး အကြံပြုနေတယ်။ ကျနော်ကတော့ လုပ်ဖော်ကိုင်ဖက်တချို့နဲ့ တခြားသတင်းဌာနတစ်ခုကို ဝင်ငွေသုံညနဲ့ အသက်သွင်းဖို့ကြိုးစားနေမိပြန်တယ်။ အခြေအနေပေးတဲ့ တနေ့ကျရင် အမေ့ကို ရအောင်ခေါ်ဖို့ စိတ်ကူးထားတယ်။
အခုလောလောဆယ်မှာတော့ ကျနော် စစ်မှုထမ်းဖို့အခေါ်ခံရပြီဖြစ်ကြောင်း အကြောင်းကြားမယ့် အမေ့ဆီကဖုန်းခေါ်ဆိုမှုကို စိုးတထိတ်ထိတ်နဲ့ နေ့ညမပြတ်နားစွင့်နေမိတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။