အားကိုးရာမဲ့

အားကိုးရာမဲ့

ရှမ်းပြည်နယ်

စာရေးသူသည် ရှမ်းပြည်နယ်အခြေစိုက် သတင်းသမား တဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။

တရုတ် - မြန်မာ နယ်စပ်မှာ ရှိတဲ့ မြို့တစ်မြို့။ နေ့ရော ညပါ မရပ်မနား စီးပွားရှာနိုင်တဲ့ မြို့တစ်မြို့ပေါ့။ အရင်တုန်းကတော့ သာယာခဲ့တယ်။ ‌မပျင်းရိသူ မှန်သမျှ ငွေရွှင် ကြတာပေါ့။ လူတကာအတွက် ပျော်ရွှင်စရာ၊ လည်ပတ်စရာ၊ စျေးဝယ်စရာ နယ်စပ်မြို့၊ အလုပ်အကိုင်ပေါတဲ့ မြို့။ 

ဒါ‌ပေမယ့် စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ အထက်ပါ လက္ခဏာတွေဟာ တဖြည်းဖြည်း ပျောက်ဆုံးကုန်ပြီး အုပ်ချုပ်ရေး ယန္တရားပါ ပျက်ပြားဥပဒေမဲ့ စပြု လာပါတယ်။ 

အစပိုင်းကတော့ ကျောင်းနေတဲ့ ကလေးအရွယ်တွေကို ပြန်ပြေးဆွဲတယ်၊ အဲဒီနောက်တော့မြို့ မျက်နှာဖုံး လုပ်ငန်းရှင် သူဌေးတွေ ပြန်ပေးဆွဲ ခံလာရတယ်။ လုပ်ငန်းရှင် သူဌေးတွေလည်း ပြန်ပေး ဆွဲခံရမယ့် အန္တရာယ်ကြောင့် ထွက်ပြေး ရှောင်တိမ်း ကုန်ရော ဆိုင်ရှင်တွေ၊ ဆိုင်တွေကို ပြန်ပေးဆွဲ၊ ဓမြတိုက်ပြန်တယ်။ အဲဒီနောက်တော့ ဆရာဝန်ထိ ပြန်ပေးဆွဲတယ်။ နောက်ဆုံးကုန်ကုန် ပြောရမယ် ဆိုရင် လမ်းဘေးဈေးသည် အပါအဝင် သံတိုသံစ ရောင်းဝယ်သူပါ မကျန် ပြန်ပေးဆွဲလာတယ်။ 

တရားခံကို ဖမ်းမိတယ် ဆိုတာ မရှိသလောက်ပါပဲ။ ဖမ်းမိတော့လည်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ အပေါင်းပါတွေဖြစ်နေကြတယ်။  နောက်ဆုံး စစ်ကောင်စီ အရာရှိတွေပါ ပြန်ပေးဆွဲ မှုမှာ ပါလာတယ်။ ပြည်သူတွေ အနေနဲ့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိ ဖြစ်လာတယ်။  တိုင်တန်းရင်လည်း အရေးယူပေးနိုင်ခြင်းမရှိကြဘူး။ 

ဓါးမြတိုက် ပြန်ပေးဆွဲ ခံရတာပါလို့ အနီးနား ဝန်းကျင်က ပြည်သူတွေ ကူညီပေးရင် သုခိုး ဓါးမြ ပြန်ပေးဆွဲ သမားတွေက သေနတ်နဲ့ ပစ်တယ်။ စစ်ကောင်စီက လိုင်စင် ပြုလုပ်ထားမှသာ သေနတ် ကိုင်ဆောင်ခွင့်ပြုတယ်ဆိုတဲ့ ဥ‌ပဒေက ဒီမြို့အတွက် အကျုံးမဝင်တဲ့  စာရွက်ပေါ်က ဥပဒေသာ ဖြစ်တယ်။ ကား၊ ဆိုင်ကယ် စီးပြီး ခိုး၊ ဆိုး လုယက် ဓါးမြတိုက် ပြန်ပေးဆွဲနေကြပါတယ်။ 

တနေ့ထက် တနေ့ အခြေအနေက ပိုမို ဆိုးရွာ လာပါတယ်။ ကားလု၊ ဆိုင်ကယ်လု၊ အိတ်လု၊ ဖုန်းလု၊ အိမ်ဖောက်။ မြင်တဲ့ သူတွေလည်း ခု နောက်ပိုင်းမှာ အကူအညီမရနိုင်ပါ။ မကူညီပါ။ မဆိုင် သလိုသာ နေလာကြတယ်။ မေတ္တာတရားလည်း ခေါင်းပါးလာသလို ကြောက်ရွံ့လို့လည်း ဖြစ်နိုင်ပါတယ်။ 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ နေရာ အတော်များများ မှာ တိုက်ပွဲ တွေ ဖြစ်လာတယ်။ တိုက်ပွဲပဋိပက္ခနဲ့အတူ အလုပ်အကိုင်တွေ ရှားပါးလာပါတယ်။ တပူပေါ် နှစ်ပူ ဆင့်ဆိုသလို စစ်မှုထမ်း ဥပေဒပါ ထွက်လာတဲ့အခါ မြန်မာနိုင်ငံ နေရာဒေသ အတော်များများက လူတွေဟာ နယ်စပ်ကနေ တရုတ် နယ်စပ်ဘက်မှာ အလုပ် ရဖို့ မျှော်လင့်ချက်နဲ့ ဒီမြို့ကို တက်လာကြတယ်။ ဒါပေမယ့် မူဝါဒ အပြောင်းအလဲ အမျိုးမျိုးနဲ့ နိုင်ငံရေး လှည့်ကွက် ပေါင်းစုံကြောင့် သောင်းချီတဲ့ မြန်မာတွေဟာ တရုတ်နိုင်ငံဘက် မဝင်နိုင်ပဲ သောင်တင်နေကြတယ်။ 

တချို့တချို့တွေက ခက်ခဲလွန်းတာကြောင့် လုယက်မှုတွေ ဖြစ်လာတယ်။ အနေကြာလာတော့ အလုပ်ရှာတဲ့ ပွဲစားလိုလို ဘာလိုလိုနဲ့ အကြောင်းသိလူတွေဆီက ပစ္စည်းခိုးတယ်။ လူကုန်ပါ ကူးတယ်။ 

နယ်စပ်ရောက် တခြားဒေသခံတွေ တချို့က လူတွေကို အယုံသွင်းတယ်။ ယုံကြည်မှုအပေါ် အလွဲ သုံးစားလုပ်ပြီး ဂုတ်သွေးစုပ်၊ နိုင့်ထက် စီးနင်း လုပ်လာတယ်။ အကျင့်ပျက် လာကြတယ်။ တခုခု ဖြစ်လို့ တိုင်စရာ တန်းစရာ အားကိုးစရာ ဥပဒေ မရှိ။  အစိုးရ ဝန်ထမ်းတွေကလည်း ငွေရွှင်တဲ့ နေရာမို့ အကျင့်ပျက်ခြစား၊ သူတို့ အချင်းချင်း အပြင် ပြည်သူတွေပေါ်ပါ ဂုတ်သွေးစုပ်ကြတယ်။ 

တစ်ရက် ကျနော် ဆိုင်ကယ်လဲတော့ ခြေထောက် အရိုးအက်သွားတယ်။ ဆေးကုရင်း ရွာပြန်သွားတယ်။ ဂျိုင်းထောက်နဲ့ လမ်းလျှောက်ရတာ အဆင်မပြေတော့ ခဏလောက် အနားယူမယ်ပေါ့။ စဉ်းစားရုံ ရှိသေးတယ် မြို့ပေါ်က ကျနော် နေတဲ့အခန်း အဖောက်ခံရတယ်လို့ အခန်းနားနီးချင်း အမတယောက်က ဖုန်းဆက်ခေါ်တယ်။​

နောက်ရက် မနက်မှာ မြို့ကို သွားတယ်။​

အခန်းကို ရောက်တော့ အခန်းနီးချင်းတွေ ဝိုင်းလာတယ်။​"နေ့ခင်း ခိုးတာ။ ယောက်ျားလေး သုံးယောက်။ လူ မြင်တယ်" လို့ တခန်းကျော် က အမ တယောက်က ပြောပြတယ်။ 

ကျနော့် အခန်းရဲ့ ညာဘက် ကပ်လျက်အခန်းက အမက "ကျမ အိမ်လည် ထွက်သွားတဲ့ အချိန် ဖြစ်မယ်။ ဘယ်သူ ခိုး သလဲ ဆိုတာ တဝန်းလုံးက သိတယ်။ အဲ သူခိုးကို မောင်းထုတ်လိုက်ပြီ" လို့ ပြောတယ်။  

တခြား အခန်းနီးချင်း အစ်ကို တယောက်က ကျနော့်ရဲ့ဆိုလာပြားနဲ့ ဆိုင်ကယ်ကို ယူသွားတာ တွေ့လိုက်ကြောင်း၊ ထမင်းပေါင်းအိုးကိုပါ အိတ်နဲ့ ထုတ်သွားတာ မြင်လိုက်ကြောင်း ပြောလိုက်ချိန်မှာ ကျနော် အတော် အံ့သြသွားပါတယ်။ ၁၁ ခန်းရှိတဲ့ ကျနော်တို့ ဝန်းထဲမှာ ၂ ခန်းပဲ လူမရှိတဲ့အနက် ခိုးနေတာကိုလည်း မြင်ကြရက်နဲ့ မတားမြစ်နိုင်ပဲ နေနိုင်ကြတာကို အံ့သြမိပါတယ်။ 

ကျနော့် ပစ္စည်းတွေ ခိုးသွားလို့ ပေါင်ထားလည်း ကျနော် ပြန်ရွေးယူပါမယ်။ ပြောကူပါအုံး ဆိုလည်း သူခိုးကို ကြောက်ကြောင်းသာ ပြောကြတယ်။ မျက်မြင် အစ်ကိုကိုလည်း ပြောကူဖို့ အကူအညီ တောင်းတော့ "သူခိုးလင်မယားက သူတို့ သူခိုးတွေ အဖွဲ့ လိုက်ရှိတယ်။ ရှုပ်လည်း မရှုပ်ချင်ဘူး"လို့ ဆိုပါတယ်။ ကျနော့် ပစ္စည်းတွေ ပြန်ရဖို့ မျော်လင့်ချက် မရှိတော့။ 

ကျနော့်ရဲ့ ဆိုင်ကယ် တစ်စီး၊ သုံးပေပတ်လည် ခန့်ရှိ ဆိုလာပြား၊ ဘက်ထရီ တစ်စုံ၊ ဆိုလာ မီးကြိုး၊ မီးလုံး၊ ခရီးဆောင် ဆိုလာ အသေးနဲ့ မီးလုံး၊ မီးကြိုး၊ ဂီတာ တစ်လက်၊ တယော တစ်လက်၊ ဖုန်း ကင်မရာ ထရိုင်ပေါ့၊ ပါဝါဘဏ် အသေး၊ Nakita တံဆိပ် ပေါင်းအိုး၊ တရုတ်တွေဆော့တဲ့ မာ့ဂျန် box အသစ် ၃ ခု၊ တခြား တိုလီ မုတ်စ ဆိုင်ကယ်ကြိုးတွေက အစ အသစ်တွေ၊ အကုန် ပါသွားတယ်။ 

ဘယ်သူ့မှ အားကိုးမရ၊ ဘယ်မှ တိုင်တန်းမရ၊ ဘယ်သူမှ အရေးမယူပေးနိုင်။ ဥပဒေမဲ့။ ယန္တရား အကုန် ပျက်ပြား နေပြီ ဖြစ်တဲ့ စစ်ကောင်စီ ထိန်းချုပ်မြို့မှာ အားကိုးရာမဲ့ ဂျိုင်းထောက် တစ်စုံ နဲ့ လမ်းတောင် လျှောက်လို့ မရသေးတဲ့ ကျနော် ကြေကွဲစွာပဲ ကျန်နေခဲ့ ပါတော့တယ်။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်