စစ်ရှောင်လူငယ် မှ သတင်းမီဒီယာသမားသို့

စစ်ရှောင်လူငယ် မှ သတင်းမီဒီယာသမားသို့

Kayin

စာရေးသူသည် ကရင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတံခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။

အောင်အောင် (အမည်လွှဲ) ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အစိုးရဝန်ထမ်းတယောက်ရဲ့သား ဖြစ်ပါတယ်။ ၂၀၂၁ အာဏာသိမ်းတဲ့အချိန် မှာသူဟာ အသက် ၁၃ နှစ်အရွယ် ၇ တန်း ကျောင်းသားလေး တယောက်ပါ။ အာဏာသိမ်းပြီး ၃ နှစ် အကြာမှာတော့ မီဒီယာတစ်ခု မှာ အလုပ်သင် လူငယ် တစ်ယောက်အဖြစ် တည်းဖြတ်၊ ထုတ်လုပ်၊ အွန်လိုင်း တာဝန်ခံ အလုပ် တွေ ကို အချိန်ပိုင်း လုပ် နေတဲ့ လူငယ်တစ်ယာက် ဖြစ်နေခဲ့ပြီ။

CDM ပြုလုပ်ထားသူတွေကို စစ်တပ်က ရှာဖွေဖမ်းဆီးချိန်မှာ အောင်အောင်နဲ့ မိသားစုဟာ ဝန်ထမ်းအိမ်ယာကို စွန့်ခွာပြီး လေးကေကော်ဒေသကို ရှောင်တိမ်းနေထိုင်ခဲ့ကြပါတယ်။ CDM သမားတွေဟာ ပိုင်ဆိုင်တဲ့ စည်းစိမ်ချမ်းသာ အသက်မွေးဝမ်းကြောင်း ဝင်ငွေက အစ အားလုံးကို စွန့်လွတ်ကြရပါတယ်၊၊ တောတောင်ကြားမှာ ရှောင်တိမ်းလာကြတဲ့ တခြား ဘဝတူ CDM ဝန်ထမ်း အစုအဖွဲ့တွေ နဲ့ အတူ အောင်အောင်ဟာ ပညာသင်ကြားခွင့် ပြတ်တောက်ခဲ့ ရတယ်။

၂၀၂၁ ခုနှစ် မတ်လမှာ ကျနော်နဲ့  အောင်အောင်တို့ သားအဖပထမဆုံးအကြိမ် ဆုံတွေ့ခဲ့ရတယ်။ ထိုင်းအင်တာနက်လိုင်းရတဲ့ နယ်စပ်နဲ့ သိပ်မဝေးတဲ့ ယာယီစခန်းတခုမှာ ခဏ နေခဲ့ကြတုန်းပေါ့။​ ကရင်အမျိုးသားအစည်းအရုံးရဲ့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေကြတဲ့ CDM တွေရဲ့ ဘဝကို သတင်းမေးမြန်း ရိုက်းကူးရင်းပါ။ အောင်အောင်စာဆက်သင် ဖို့ မေးမြန်းတော့ သူက မြန်မာနိုင်ငံက ကျောင်းကို ပြန်တက်ချင်တယ်လို့ ပြောပါတယ်။ 

“သူငယ်ချင်းတွေတော့ ကျောင်းပြန်တက် နေကြတယ်” လို့ ဆိုပါတယ်။ 

ကျွန်တော်က သူတို့နဲ့ အတူ CDM မိသားစုတချို့ကို လုံခြုံစိတ်ချရတဲ့ လေးကေကော် ငြိမ်းချမ်းရေးမြို့သစ် နေရာဘက် ဆီ ခေါ်ဆောင် ရွေ့ပြောင်း နေရာချပေး ခဲ့တယ်။ 

ဒီထဲမှာ ဆန္ဒပြပွဲတွေ မှာ သတင်းယူရင်း ရှောင်တိမ်း လာရတဲ့ သတင်းမီဒီယာသမားတွေ နဲ့  အစိုးရဌာန က ကွန်ပျူတာကျွမ်းကျင် တဲ့ CDM ဝန်ထမ်း လူငယ်တစ်စု ပါလာခဲ့တယ်။ ဒါနဲ့ပဲ သူတို့ကို အကူအညီ တောင်းပြီး CDM သားသမီး ၇ယောက်ကို ကွန်ပြူတာ နဲ့ အခြေ ခံသတင်းစာပညာတွေ သင်ပေးဖို့အတွက် ကျနော် စီစဉ်ပေးဖြစ်ခဲ့ပါတယ်။

အောင်အောင်ဟာ ဒီအစီအစဉ်ထဲမှာ ပါဝင် သင်ယူ ခဲ့ပြီး သူ့ရဲ့ ပထမခြေလှမ်း စခဲ့ပါတယ်။​ သင်ယူမှု ၂လ အကြာမှာတော့ သူတို့ အစုအဖွဲ့ လေးမှာ ကွန်ပြူတာစာစီစာရိုက်နဲ့ စာရင်းဇယား၊  ဖိုတို့ရှော့၊ ရုပ်သံတည်းဖြတ်တာတွေကို  အခြေခံ တတ်သိလာခဲ့ ကြတယ်။

သူတို့ အချင်းချင်း သွားလာစားသောက် နေထိုင်မှုတွေကို အပျော်တမ်းရုပ်သံ တွေ ၊ သတင်းအတို တွေ ကိုယ်စီ ရေးသား ဖန်တီး ရိုက်ကူး တတ်လာကြသလို၊ ယာယီ CDM ခိုလှုံ ရေးစခန်းက လိုအပ်တဲ့ အလုပ်တွေကိုလည်း ဝိုင်းကူလုပ်နိုင် လာကြပါတယ်။

“ညဘက်တွေဆို ကျနော်တို့ ဂိမ်းဆာ့ကြတယ်၊ မနက်ဆိုရင် ကျနော်တို့ နေတဲ့ အဆောင်တွေ သန့် ရှင်းရေးလုပ်၊ မနက်စာ စားပြီးရင် ရုံးမှာ အလုပ်တွေ သွားဝိုင်းကူ လုပ်ပေးတယ်” 

၂၀၂၁ ဒီဇင်ဘာမှာ လေးကေကော် တိုက်ပွဲ ဖြစ်တဲ့အချိန်မှာတော့ သူတို့တွေဟာ ပိတ်မိပြီး ပုန်းနေခဲ့ရပါတယ်။ 

“ကျနော် ကြောက်တာပေါ့၊ လက်နက်ကြီး ကျပေါက်တာ အသံကြားရတာတင် မဟုတ် မြေကြီးတွေ တုန်၊ အသံ အကျယ်ကြီးတွေ၊ သေနပ်ပစ်သံတွေ ကျည်ဆံတွေ အောက်မှာ ဝပ် နေရတယ်” လို့ သူက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ 

သူတို့ ဝပ်နေတဲ့ နေရာနားက PDF စခန်းထမင်းစားအဆောင်ကို လက်နက်ကြီး ကျတဲ့အချိန်  သစ်သားစ တွေ သွပ်ပြား စတွေ လွင့်ထွက် တာ၊ မီးလာင် တာတွေ ကို တွေ့ ရတော့ သူပိုကြောက်မိတယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ဘေးမှာလည်း တခြားလူတွေ အများ ကြီးဘဲ၊ ဝပ်နေကြတာ၊ မြေကြီးထဲက ပုရွတ်ဆိပ်တွေ မျက်နှာတွေ ကိုက်၊ ပိုးကောင်တွေကိုက် နာတာပေါ့၊ ဒါပေမယ့် အသံမထွက်ရဲဘူး၊ စစ်တပ်က ပစ်နေတာ ဆက်တိုက် ဆိုတော့ ကြောက်တယ်” 

ည ၈ နာရီ ထိုးခါနီး လောက်တိုက်ပွဲ သံ ရပ်သွားတဲ့ အချိန်ကျမှ KNLA စစ်သားတွေဟာ သူတို့ကို အနီးအနားရွာက သူကြီးအိမ်ကိုပို့ပေးခဲ့ပါတယ်။  

“ကျနော်တို့နဲ့ အတူ တိုက်ပွဲ ထဲ ပိတ်မိနေတဲ့ သူတွေ အယောက် ၈၀ လောက် လွတ် လာတယ်” 

သူကြီးရဲ့ အိမ်ခြံဝင်းကြီးထဲမှာ တာလပတ်စတွေ ခင်းပြီး အိပ်ကြ၊ အိမ်ထဲက ကြမ်းပြင်တွေ မှာ စုပြီး အိပ်ကြလို့ ပြောပေမယ့် အောင်အောင်နဲ့ တကွ အားလုံးသော စစ်ရှောင်တွေဟာ မအိပ်ရဲကြပါဘူး၊ လက်နက်ကြီး ပစ်သံတွေ အဆက်မပြတ် ကြားနေရတာကြောင့် အားလုံးစိတ်ထဲမှာ မိုးမြန်မြန်လင်းဖို့ကိုပဲ ဆုတောင်းနေကြပါတယ်။ 

ဖခင်ဖြစ်တဲ့သူက PDF တပ်တွေ ကိုကူညီဖို့လုပ်နေရချိန်မှာ သူကတော့ လူစုမကွဲ အောင်ဘဲ ဂရုစိုက်နေနေခဲ့ရပါတယ်။ တစ်ပတ် လောက်အကြာမှာ တိုက်ပွဲတွေ ဆက်ဖြစ်တာရယ်၊ လေယာဉ် ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တာတွေကြောင့်သောင်ရင်း မြစ်ဘေးကို နေရာထပ်ပြီးရွေ့ကြ ရှောင်ကြရပြန်တယ်။ 

တိုက်ပွဲအခြေ အနေ ပိုမိုဆိုးရွားလာတာကြောင့် သူတို့တွေ နောက်ဆုံး ထိုင်းနိုင်ငံဘက် ရွေ့ပြောင်းလာရပါတော့တယ်။ 

မဲဆောက်ဘက်ရောက်တဲ့အခါ စစ်ဘေးရှောင် ကူညီတဲ့ အရပ်ဖက်အဖွဲ့တွေ ကနေအိမ်ခိုလှုံခွင့် အကူအညီ ပေးတာ ကြောင့် သူတို့ နေစရာ ရခဲ့ပါတယ်။ လူငယ်တွေဆက်လက်ပညာသင်ဖို့ စုံစမ်းတဲ့အခါ သူတို့က အသက်မွေးဝမ်းကျောင်းပညာကို သင်ယူပြိး အလုပ်လုပ်ချင်ကြတယ်လို့ ဆိုကြတယ်။ အောင်အောင်က သတင်းပိုးရသွားတော့ သင်တန်းတချို့ ထပ်မံ ထက်ခွင့်ရပါတယ်။ သူဟာ သတင်းလိုက်ရတာ သတင်းရေးရတာထက် ရုပ်သံတည်းဖြတ်တာ ရေဒီယို အစီအစဉ်တွေ လုပ်တာ၊ ကင်မရာနဲ့ အင်တာဗျုးတွေ ရိုက်ရတာမျိုး ကို ကြိုက်ပါတယ်။ 

၂၀၂၄ မှာ တော့ သူဟာ  လူငယ်တွေ စုဖွဲ့ ပြီး သတင်းတွေ ရိုက်ကူး ထုတ်လွှင့်နေတဲ့ သတင်းပေစ့် လေး တစ်ခု မှာ လစာထိုင်း ဘတ် ငွေ ၆၀၀၀ နဲ့ အလုပ်လုပ်နေပါပြီ။ သူနဲ့အတူ သင်ခဲ့ကြတဲ့ လေးကေကော် စစ်ဘေးရှောင် CDM ကျောင်းသားတွေလည်း သူလိုပဲ သတင်း ၊ ရုပ်သံ ဆောင်းပါးနဲ့  ရေဒီယို ထုတ်လွှင့် တာတွေ မှာ အချိန်ပိုင်း အလုပ် တွေ ရနေကြပြီ ဖြစ်ပါတယ်။ 

“ကျနော် ဘန်ကောက် ဖြစ်ဖြစ် ချင်းမိုင် ဖြစ်ဖြစ် မီဒီယာနဲ့ ပတ်သက်တဲ့ ကျောင်းတွေ၊ တက္ကသိုလ် တွေ ရှိရင် တက်ချင်င်တယ်” လို့ သူက ပြောပါတယ်။ အဂ်လိပ်စာလည်း သင်ယူနေပြီး တနေ့ အိမ်ပြန်ရရင် သတင်းပညာနဲ့ ပြန်ချင်တယ်လို့ ဆိုပါတယ်။ 

အခုလို ခေတ် ကာလ မှာ မျိုးဆက်သစ် သတင်းသမား တွေ လိုအပ်ပါတယ်။ ဒီလို လူငယ် တွေ ကို အသက်မွေးဝမ်း အလုပ်လည်း ဖြစ်  သတင်း အတတ် ပညာနဲ့ တိုင်းပြည် အပြောင်း အလဲ အတွက် ပါဝင် ကြ သူလူငယ် တွေ  အဖြစ် နဲ့ မြင်ရတဲ့အခါ ဝမ်းသာ ပီတိဖြစ်မိနေပါ တော့တယ်။

၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အကျပ်အတည်းတွေနဲ့ ခုခံတော်လှန်မှုတွေရဲ့ အရှိန်က တနှစ်ထက် တနှစ် ပိုမြင့်  လာပါတယ်။ ၊ လူငယ်တွေ အတွက် ပညာသင်ကြားခွင့်၊ အလုပ်အကိုင်ရှာဖွေခွင့် စတဲ့ အနာဂတ်က ပိုပြီး ပျောက်ဆုံး လာတယ်။ ​ဒါပေမယ့် ဒီလိုအကျပ် အတည်း မျိုးစုံကြားကနေ ဖောက်ထွက် ရှင်သန် နေကြတဲ့ မြန်မာလူငယ်တွေကို တွေ့ရတဲ့အခါ ကျနော်တို့ အံဩ လေးစား ရတယ်။

(အယ်ဒီတာမှတ်ချက် - လွန်ခဲ့သော ၁၈ လအတွင်း သတင်းမီဒီယာလုပ်ငန်းအတွက် ရန်ပုံငွေ ဖြတ်တောက်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့သောကြောင့် အောင်အောင်နှင့် သူငယ်ချင်းများသည် ၎င်းတို့၏လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ကြခြင်း ရှိမရှိကို မသေချာပါ။)

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။