မမေ့နိုင်တဲ့ နေ့တနေ့

မမေ့နိုင်တဲ့ နေ့တနေ့

ရှမ်းပြည်နယ်

စာရေးသူသည် ရှမ်းပြည်နယ် အခြေစိုက် သတင်းသမား တဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။

၂၀၂၁ နွေရာသီ။ ရှမ်းပြည်နယ် မြို့တစ်မြို့၊  စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု စုရပ် တနေရာ။ 

လူငယ်အများစု ပါဝင်တဲ့ လူစုလူဝေးဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒ ထုတ်ဖော်ဖို့ ပြင်ဆင်နေကြတယ်။ ‌

ကျနော်တ‌စ်ယောက်ထဲသတင်း မှတ်တမ်းရယူဖို့ ရောက်လာခဲ့တယ်။ ဘေးဘီ ဝေ့ကြည့်လိုက်တော့ စီနီယာ အစ်ကို တ‌စ်ယောက်နဲ့ မြို့အခြေစိုက် ဌာနက အသိ ကောင်လေး နှစ်ယောက်ကို တွေ့တယ်။

ကျနော်က  ပြေးပေါက် လမ်းတွေ မသိဘူး။ လမ်း မကျွမ်းဘူး။ တကယ်လို့ ပြေးရ ပြုရမယ်ဆိုရင် ခေါ်အုံးနော်လို့ သူတို့ကို ကြိုပြီး အဖော် ညှိထားလိုက်တယ်။

ရှုထောင့်စုံကနေ ဗွီဒီယိုရုပ်ကဒ်နဲ့ ၊ ဓါတ်ပုံတွေ ရိုက်နေချိန်မှာပဲ ရဲကားနဲ့  စစ်ကားတွေ အုပ်လိုက် ရောက်လာကြတယ်။ လက်နက် အပြည့်အစုံနဲ့။

ဆန္ဒဖော်ထုတ်ဖော်နေတဲ့ လူစုကလည်း ရဲနဲ့ စစ်တပ်က ပစ်ခတ် ဖြိုခွင်းလာရင် ကာကွယ်ဖို့အတွက်  အဆင်သင့် အနေအထား ရှိနေကြတယ်။ ရေပုံး၊ ရေစိုအဝတ်တွေ၊ တချို့က ကိုကာကိုလာဗူး၊ ရေသန့်ဗူးတွေ ဆောင်ထားကြတယ်။

ဆန္ဒထုတ်ဖော်နေတဲ့ လူထုက "စစ်အာဏာရှင်စနစ် အလိုမရှိ၊ ပြည်သူ့ အာဏာ ပြည်သူ့ပြန်ပေး...." စသဖြင့် တောင်းဆို ဆန္ဒ ဖော်ထုတ် နေကြတယ်။

မိနစ် အနည်းငယ် အကြာမှာပဲ စစ်သားနဲ့ ရဲတွေက လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေ တရစပ် ပစ်ထည့် ကြတယ်။ ဆန္ဒပြနေကြတဲ့သူတွေလည်း ရေစိုအဝတ်တွေနဲ့ မျက်ရည်ယိုဗုံးသီး တွေပေါ် ပစ်အုပ်လိုက် ကြတယ်။ ရေတွေလောင်းကြတယ်။ ရေစိုအဝတ်နဲ့ ရေတွေ ထိမိသွားတဲ့ ဗုံး သီးတွေကတော့ မီးခိုးတိတ် သွားကြတယ်။

ဆန္ဒပြ လူစုကြီးဟာ  ရဲ နဲ့ စစ်သားတွေ ပစ်လိုက်တဲ့ မျက်ရည်ယိုဗုံးကို ပြန်လည် အန်တု ငြိမ်းသတ်ရင်း၊ ဆန္ဒပြ တောင်းဆို အော်ဟစ်ရင်း နောက်ဆုတ် ပြေးလွှားသွားကြပါတယ်။​ မျက်ရည်ယိုဗုံးတွေက များပြီး မီးခိုးမှိုင်းတွေ  အုံးဆိုင်းသွားတော့ ဘာမှ မမြင်ရတော့ဘူး။​ အသက်ရှူရခက် လာတယ်။ မျက်စိစပ်၊ မျက်ရည်တွေလည်း ကျလာတယ်။

မီးခိုးလုံးတွေကြားထဲမှာပဲ ရဲ နဲ့ စစ်သားတွေက သေနတ် အစစ်တွေနဲ့ ပစ်လာတယ်။ ထိတဲ့ သူတွေထိကုန်တယ်။ ။ လူအုပ်က ဘေးလွှတ်ရာ ပြေးလွှားကြရင်း လူစု ကွဲလာတယ်။ ကျနော်လည်း မျက်ရည်ယိုဗုံး ရှူမိတာကြောင့် မျက်စိစပ်၊ အသက်ရှူလည်း ကြပ်လာတယ်။ ဘေးလွှတ်ရာ လိုက်ပြေးတယ်။ ဘာကိုမှ ကောင်းကောင်း မမြင်ရတော့ဘူး။ ရှေ့က ပြေးနေတဲ့လူရဲ့ ခြေဖနောင့်ကိုပဲ မြင်ရတယ်။ မြင်ရသေးတဲ့ ဘယ်သူမှန်းမသိတဲ့သူရဲ့  ဖနောင့်ကို ကြည့်ပြီး ကင်မရာ ဖွင့်ထားပြီး နောက်က လိုက်ပြေးရတယ်။

ပြေးရင်း ပြေးရင်းနဲ့ ကျနော့ လုပ်ဖော်ကိုင်ဘက် သတင်းထောက်တွေလည်း တ‌စ်ယောက်မှ မတွေ့ရ တော့ဘူး။ လူငယ်တချို့ တံခါးပွင့်နေတဲ့ နေအိမ်တချို့ထဲ ပြေးဝင်တယ်။ ဒဏ်ရာရ လူနာ တစ်ယောက်ကိုလည်း မ လာကြတာ တွေ့ရတယ်။ လူနာကို ဆေးကြောပြီး ခဏနေတော့လူနာတင်ကားနဲ့ လာခေါ်သွားကြတယ်။ 

ရဲနဲ့ စစ်သားတွေက လမ်းမပေါ်တင်မကပဲ ဘုန်းကြီးကျောင်းဝင်းထဲ၊ စာသင်ကျောင်းထဲနဲ့ သူများ အိမ်ခြံဝင်းတွေထဲပါ မျက်ရည်ယိုဗုံးတွေ တရစပ် ပစ်ထည့်နေ ကြတယ်။

အသက်ရှူရတာလည်း လည်ချောင်းထဲမှာ စပ်ဖျင်းဖျင်း၊ မျက်လုံးတွေစပ်ပြီး မျက်ရည် တဝဲဝဲ နဲ့ ကျနော် အပါအဝင် မိန်းကလေးနဲ့  ယောက်ျားလေး လေး၊ ငါးယောက် သူများ အိမ်ခန်းမှာ တစ်နာရီနီးပါးလောက် တိတ်တိတ်လေး ပုန်းနေကြတယ်။ ပုန်းနေရင်း ပတ်ဝန်းကျင်ကိုလည်း  နားစွင့်ရသေးတယ်။ အသံတွေ တော်တော် ငြိမ်သွားတော့ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတယ်။ နောက်ဆုံး ကျနော်နဲ့ မိန်းကလေး တစ်ယောက်ပဲ ကျန်တယ်။

ကျနော်တို့ နှစ်ယောက်က ဘာမှ မသိ။ ဘေး ဝန်းကျင်မှာလည်း ဘယ်သူမှ မရှိ။ အိမ်ခန်းထဲနေရတာ အိမ်ရှင်ကို အားနာ တော့ ဝင်းတံခါးအပြင် မြောင်း အုတ်ဘောင်ပေါ် ထိုင်ပြီး ဘယ်ကနေဘယ်လို ပြန်ရမလဲ၊ အခြေအနေ ဘယ်သူ သွားကြည့် မလဲ တိုင်ပင် ကြတယ်။ ခက်တာက ကျနော့် ဆိုင်ကယ်က စစ်သားတွေ စောင့်နေတဲ့ နေရာမှာ ထားထားခဲ့မိတာ ဖြစ်နေတယ်။ အိမ်ကဝေးတော့ လမ်းလျှောက် ပြန်လို့လည်း မဖြစ်ဘူး။

ကျနော် အခြေအနေကို သွားကြည့်လိုက်တယ်။ ငြိမ်နေကြောင်း ပြောပြတော့ အဲဒီ မိန်းကလေးက လမ်းကြား ဖြတ်လမ်းကနေ လမ်းလျှောက်ပြန်သွားတယ်။ ကျနော် တ‌စ်ယောက်ထဲ ကျန်နေခဲ့တော့ အဲဒီနား ခေါ်က်တုံ့ခေါက်ပြန် လမ်းလျှောက်မိတယ်။ ဆိုင်ကယ်ဦးထုပ်မှာ PRESS ဆိုတဲ့ စာသားက အထင်းသား ကပ်ထားတယ်။ ဒီဦးထုပ်ဆောင်းလို့လည် မဖြစ်။ ဘယ်လို လုပ်ရင် ကောင်းမလဲ စဉ်းစားတယ်။

နောက်ဆုံးတော့ ဘာဖြစ်ဖြစ် စစ်သားတွေ စောင့်နေရင်လည်း အဲဒီ မှာ ဆိုင်ကယ် ယူပြီး ပြန်ဖို့ ဆုံးဖြတ်   လိုက်တယ်။ ကျနော်ဝတ်လာတဲ့ အပေါ်ထပ်‌မိုးကာ အနွေးထည်နဲ့ ဆိုင်ကယ်ဦးထုပ်ကို ပတ်လိုက်တယ်။ စစ်‌သားတွေစောင့်နေတဲ့ နေရာကို  ဘာမမသိသလို ဟန်မပျက် တည့်တည့် လျှောက်လာခဲ့တယ်။

အဲဒီနားမှာ ကျနော့် ဆိုင်ကယ်နဲ့ စစ်သားတွေပဲ ရှိတော့တယ်။ စိတ်ထဲမှာတော့ ထင့်ခနဲ စိတ်ပူ စိုးရိမ် သွားတယ်။ ဒါပေမယ့် ခပ်တည်တည်နဲ့ ဟန်မပျက်စေဘဲ အေးအေးဆေးဆေး ဆိုင်ကယ် သော့ဖွင့် ဖြေးဖြေးလေး မောင်းထွက်လာခဲ့လိုက်တယ်။ နည်းနည်း လှမ်းသွားတော့ ဆိုင်ကယ် လီဘာ တင်ပြီး အသားကုန် မောင်းခဲ့ လိုက်တယ်။ တော်သေးတယ်။ နောက်နေ့ကျတော့ အဲဒီနား လူငယ်တွေ အများကြီး အဖမ်းခံခဲ့ရတယ် လို့ ပြန်သိရတယ်။ ကျနော် လွတ်ခဲ့တယ်။

သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။