စာရေးသူသည် ရှမ်းပြည်နယ် အခြေစိုက် သတင်းသမား တဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။
2021 စစ် အာဏာသိမ်းပြီးနောက် လေးနှစ်အကြာ ၂၀၂၅ မှာ အခြေအနေတွေက အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါပြီ။ တော်လှန်ရေးအဖွဲ့တွေပိုမို အင်အားကောင်းလာပြီး တိုင်းရင်းသားလက်နက်ကိုင်တွနဲ့အတူ မြို့တွေ တမြို့ပြီးတမြို့ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ လားရှိုးမြို့အပါအဝင် မြို့အများစုဟာ တော်လှန်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်လာကြပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့ အရေးအပါဆိုး နယ်စပ်မြို့တစ်မြို့ကိုတော့ စစ်ကာင်စီက အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ သူ့လက်အောက်မှာ ရှိနေဆဲဖြစ်တဲ့ နယ်စပ်မြို့ကြီးတွေကိုလည်း ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ပါဘူး။ ခိုးမှု၊ ဓါးပြတိုက်မှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ပြည့်နှက်နေပြီး ပြည်သူ အချင်းချင်း အကူအညီပေးဖို့ကိုတောင် ကြောက်ရွံ့နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ မြို့သူမြို့သားတွေနဲ့ နယ်စပ်မြို့ဖြစ်တဲ့အတွက် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့သူတွေဟာ အကူအညီပေးဖို့နဲ့ ဖေးမဖို့မဖြစ်နိုင်ဘဲ အချင်းချင်း သံသယနဲ့ နေထိုင်နေကြပါတယ်။
မြို့က ဒေသခံတွေဟာ တရုတ်နိုင်ငံဘက်အခြမ်းနဲ့ မြန်မာနိုင်ငံဘက်ခြမ်း နယ်စပ်ဂိတ်တွေကို တရားဝင် အဝင်အထွက် အသွားအလာ လုပ်လို့ရပါတယ်။ နှစ်နိုင်ငံ ထိစပ်နေတဲ့ ခရိုင်မှာ နေထိုင်တဲ့ ဒေသခံတွေကို နှစ်နိုင်င်ငံစလုံးက နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် ထုတ်ပေးပါတယ်။ ဒါပေမယ့် နိုင်ငံတွင်းက ပဋိပက္ခတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် တရုတ်နယ်စပ်ကို ပြောင်းရွှေ့လာကြတဲ့ လူတွေ များလာတဲ့အခါ အခါတိုင်း ဒေသခံတွေအနေနဲ့ အလွယ်တကူ ဝင်ထွက်လို့ရတဲ့ နယ်စပ်ဂိတ်တွေကို ဝင်ထွက်သွားလာဖို့ ခက်ခဲလာပါတယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား အကူးအသန်းလုပ်ဖို့ လူများလွန်းတာကြောင့် တန်းစီ ဝင်ထွက်ရတာ၊ တနိုင်တပိုင် လက်ဆွဲ အထုပ်အပိုးတွေကိုပါ အထူးကြပ်မတ် စစ်ဆေးခံနေရတာတွေကြောင့် နေ့စဉ်ဘဝဟာ ပိုပြီး ခက်ခဲလာပါတယ်။
ကျနော့်အတွေ့အကြုံတခု ဆိုရင် တရုတ်နိုင်ငံဘက် သွားပြီး အပြန်မှာ မိတ်ဆွေတယောက်က သူ့ရဲ့ အဝတ်အစား၊ ဖိနပ်၊ အိပ်ယာခင်းတွေကို လူကြုံပါးလိုက်ပါတယ်။
ဒီ လူကြုံပါးလိုက်တဲ့ အထုပ်နဲ့ မြန်မာဘက်ခြမ်းကို ပြန်ထွက်ဖို့ ကျနော် နယ်စပ်ဂိတ်ကို လာတဲ့အချိန်မှာ လူ အရမ်းများနေပါပြီ။ မြန်မာဘက် ပြန်ဝင်ဖို့ တန်းစီနေတဲ့ လူတယောက်ကို "ဒီနေ့ ထွက်ဖို့ အချိန်မီနိုင်သေးလား" လို့ ကျနော်မေးကြည့်တော့ သူက "ဒီနေ့ ထွက်နိုင်ဖို့ မသေချာဘူး။ နောက်ကျနေပြီ။ တန်းစီလည်း တစ်ည အိပ်ရမယ်။ မနက် အစောပိုင်း ဆိုရင်တော့ ထွက်ရဖို့ သေချာတယ်" လို့ ပြောပါတယ်။ ဒါနဲ့ နောက် ၂ ရက်နေမှ ပြန်ထွက်ဖို့ ကျနော် ဆုံး ဖြတ်ခဲ့တယ်။
ကျနော် ပြန်ထွက်မယ့်ရက် ၂၀၂၅ နှစ်အစပိုင်းက မနက်တခုမှာ နယ်စပ်ဂိတ်ကို အစောဆုံး ရောက်အောင်လာခဲ့တယ်။ ကျနော် ရောက်တဲ့အချိန်မှာ လူ ရာချီ တန်းစီ နေကြပြီ။ ကျနော်လည်း ဝင် တန်းစီရင်း တရုတ်ဘက်ဂိတ်ဝ ရောက်တဲ့အချိန်မှာ တရုတ်ရဲမေ တယောက်က ကျနော်ဆွဲလာတဲ့ လူကြုံပါး အထုပ်ကြီးကို မြင်တာနဲ့ ဘာမှ မကြည့်ပဲ ပြန်လှည့်ခိုင်းတယ်။
တကယ်တမ်းဆိုရင်တော့ ပစ္စည်းအသစ်တွေကို အများကြီး မသယ်ခိုင်းတာကို ကျနော် သိပါတယ်။ အခုက ကျနော်က သူငယ်ချင်းရဲ့ အဝတ်အစား၊ အိပ်ရာလိပ်တွေ သယ်လာတာဖြစ်တယ်။ သူက သေသေချာချာ မကြည့်ပဲ အထုပ်မြင်တာနဲ့ ပြန်လှည့်ခိုင်းတဲ့ သဘော။ ကျနော့်မှာ အသစ်တွေ မဟုတ်တဲ့အကြောင်း ကိုယ်ဝတ်ကိုယ်စားတွေသာ ဖြစ်ကြောင်း ရှင်းပြခွင့် မရှိပါဘူး။ ကျနော့်လိုပဲ တခြားသူတွေလည်း ပြန်လှည့်ကြရတယ်။
အဲဒီလို ဘာလို့ တရုတ်ဂိတ်မှာ စစ်ဆေးရေး တင်းကြပ်ရတာလဲ ဆိုတော့ မြန်မာ စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင်တွေကို ကုန်စည် ဖြတ်တောက်လို တာကြောင့် တရုတ် အနေနဲ့ ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ သယ်ဆောင်ခွင့်ပေးဖို့ သွားရောက် ညှိနှိုင်းထားတာရှိတယ်လို့ ကုန်တင်ယာဥ်မောင်း တယောက်က ပြောပြလို့ သိရပါတယ်။ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တခုလုံး နီးပါးကို တိုင်းရင်းသားလက်နက်ကိုင် တပ်တွေက ထိန်းချုပ်နိုင်သွားတဲ့အခါ မြန်မာစစ်တပ်အနေနဲ့ တရုတ်နိုင်ငံရဲ့ အကူအညီကို ရယူဖို့ကလွဲပြီး တခြားနည်းလမ်းမရှိပါဘူး။ ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းကို စိုးမိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ရှမ်းမြောက်နေပြည်သူတွေကို စစ်ဘေးဒဏ် ပိုမို ခံစားရဖို့နဲ့ အထောက်အပံ့ ဖြတ်တောက်ဖို့ အတွက် အစားအသာက် ကုန်ပစ္စည်းစတာတွေကို တရုတ်နိုင်ငံကနေ တင်သွင်းလို့မရအောင် ပြုလုပ်တာ ဖြစ်ပါတယ်။
အဲ့ဒီနေ့က ကျနော်လည်း အဲဒီ ရဲမေ ဂျူတီချိန်းတဲ့ အထိ စောင့်ပြီး နယ်စပ်ကို ဖြတ်ရတယ်။အသစ် တာဝန်ကျတဲ့ ရဲကတော့ အထုပ်ဖွင့်ကြည့်ပြီး အဟောင်း ဆိုတော့ ကျနော့်ကို ပေးဖြတ်လိုက်ပါတယ်။
မြန်မာဘက်ခြမ်း ရောက်တော့နယ်စပ် ဂိတ်ဝမှာပဲ အိတ်ကို ခဏထားခဲ့ပြီး ကျနော် အပ်ထားခဲ့တဲ့ ဆိုင်ကယ် သွားယူတယ်။ ဆိုင်ကယ်နဲ့ ဂိတ်ကို ပြန်လာပြီး အထုပ်ကို ဆိုင်ကယ် ကယ်ရီယာမှာ ချည်ဖို့အတွက် ကျနော့်မှာ ဆိုင်ကယ်ကြိုး ပါမလာပါဘူး။ ဆိုင်ကယ်ကြိုး လိုက်ရှာဝယ်တာလည်း မရ။ သုံးဘီးလည်ငှားမရ ဖြစ်နေတော့ ကျနော့် အိတ်ကြီးကို ဆိုင်ကယ်ပေါ် ဒီတိုင်း တင်ပြီး အိတ်ကြိုးကို ရင်ဘတ်မှာ သိုင်းပြီး စီးလာခဲ့လိုက်ရတယ်။
ကျနော့် နေရာနဲ့ မနီးမဝေး ကုန်းတက် တနေရာကို ရောက်တော့ ဆိုင်ကယ်မှာ ကြိုးနဲ့ ချည်မထားပဲ တင်ရုံတင်ထားတဲ့ အိတ်က စောင်းလာတယ်။ ကျ တော့မယ် ဆိုတာ ကျနော်က သိလိုက်လို့ ဆိုင်ကယ်ကို လမ်းဘေးနား ရပ်ပြီး အိတ်ကို နေရာပြန်ချဖို့ဖို့ ပြင်နေတုန်း အိတ်က ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျလာတယ်။ အိတ်ရဲ့ကြိုးက ကျနော့်ကိုယ်မှာ သိုင်းထားတဲ့အတွက် အိတ်ကြီး ပြုတ်ကျတဲ့အခါ သူ့ အလေးချိန်နဲ့ ကျနော့် ကိုပါ ဆွဲချလိုက်သလို ဖြစ်သွားတယ်။ ကျနော့်ကလည်း လမ်းဘေးမြာင်းနားကပ်ရပ်ထားတော့ အိတ်နဲ့အတူ ကျနော်ပါ မြောင်းထဲကျသွားတော့တယ်။ကျနော်က ဆိုင်ကယ်ကို ခွထားဆဲ ဖြစ်နေတော့ ဆိုင်ကယ်ပါ ကျနော့်အပါ် ထပ်ကျလာတော့တယ်။
ဆိုင်ကယ် ခြေနင်းက ရာဘာတုံး တဝက်ပဲ ရှိတော့တာကြောင့် သံက တဝက် ပေါ်နေတယ်။ အဲဒီ သံချောင်းက ကျနော့် ခြေသလုံးထဲ စိုက်ဝင်သွားတယ်။ ဆိုင်ကယ် လက်ကိုင် တဖက်က ကျနော့် ဒူးနား လာထောက်တယ်။ ခြေတဖက် လုံးဝ လှုပ်မရတော့။ ဆိုင်ကယ် ဦးထုပ်လည်း တစစီ။
ကျနော်လည်း အကူအညီ ရလိုရငြား လမ်း ဖြတ်သွား ဖြတ်လာ လူတွေကို အော်ခေါ် အကူအညီ လှမ်းတောင်းတယ်။ ဘယ်သူမှ လာမကူကြပါ။တချို့က မနီးမဝေး ကနေ လှမ်းကြည့်နေကြတယ်။ နာရီဝက် နီးပါး ကျနော် အကူအညီတောင်း အော်ခေါ်နေဆဲ။ တော်တော်လေး ကြာတော့မှပရာဒို တစီး ကျနော့် အနောက်ဘက် ကနေ ရောက်လာပြီး ကျနော့်ကို ဆင်းဆယ်ပြီး လမ်းဘေးနား တင်ပေးတယ်။ အထုပ်တွေလည်း ကောက်ပေးတယ်။ အဲဒီအချိန်ကျမှ ခုက ကြည့်နေတဲ့ လူတွေ ရောက်လာကြတယ်။ ကျနော့် ခြေထောက်ကတော့ လုံးဝ ထောက်မရတော့ပါဘူး။
"ကျနော်တို့က အမှုပတ်မှာစိုးလို့ လာမကူရဲတာ။ ဒီမှာက တခုခု ဆို ဘယ်သူမှ မကူရဲဘူး။ ဓမြတိုက်ခံရတာတို့၊ ပစ်ခတ်ခံ ရတာတို့ ဖြစ်နေမှာ စိုးလို့" လို့ အမျိုး သမီး တယောက်က ကျနော့်ကို ပြောတယ်။
ကျနော်က အံ့သြသွားတယ်။ "ကျနော် အထုပ် ကျလာလို့ ကိုယ့်ဘာသာ ကိုယ်လဲသွားတာပါ" လို့ ထပ်ရှင်းပြလိုက်တော့ ဘေးနား လောင်းကစားရုံ အဆောက်အဦးက လုံခြုံရေး ပြည်သူ့စစ် တယောက်ကလည်း ရောက်လာတယ်။
ကျနော့်နား ရောက်လာတဲ့ လူတွေက စိုနေတဲ့ အဝတ်အစားတွေလဲပြီး ဆေးခန်းပို့ပေးဖို့ အရေးပေါ်ကား ခေါ်ပေးကြတယ်။ ဒါပေမယ့် အရေးပေါ်ကားက ၁ နာရီ နီးပါး ထိ ရောက်မလာပါဘူး/ ယောက်ျားလျာ တယောက်က ကျနော့်ကို ဆိုင်ကယ်နဲ့တင်ပြီး ဆေးခန်း လိုက်ရှာတယ်။ လမ်းမှာ အရေးပေါ်ကားနဲ့ ဆုံတယ်။ အဲ့တော့မှ ကျနော် အရေးပေါ်ကားနဲ့ ပုဂ္ဂလိက တေးရုံကို ရောက်သွားတယ်။
ကျနော် အကူအညီရလို့တော်ပါသေးတယ်။ ဈေးမှာ ဓါးမြတိုက်ခံရတဲ့ အဒေါ် တယောက်ဆိုရင် လူအများ ရှိနေပေမယ့် ကူညီမယ့်သူ မရှိပဲ အကုန်ပါသွားခဲ့ပါတယ်။
"ကျွန်မ တရုတ် ငွေလဲပြီး ဈေးထဲ ခဏ ဝင်တာ၊ လွယ်အိတ်ကြိုးကို ခေါင်းမှာ တင်ပြီး လာခဲ့တာ။ ဆိုင်ကယ်နဲ့ ယောက်ျားလေး ၂ ယောက် ဆွဲ ဖြုတ်ယူပြီး မောင်းပြေးသွားတယ်။ ဘေးက လူတွေလည်း ကြည့်နေတာ ဘယ်သူမှ မကူညီရဲဘူး။ သူတို့လည်း တခုခု လုပ်ခံရမှာ ကြောက်လို့ ပေါ့အေ" လို့ သူက ပြောပါတယ်။
ရှိသမျှ ပိုက်ဆံ အကုန်၊ မှတ်ပုံတင်၊ နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်ပါ ပါသွားတယ်လို့ သူက ပြောပြပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ပြန်လျှောက်ဖို့ ရဲစခန်းမှာ သွားပြောတော့ ဓမြတ်ုက်ခံရတယ်လို့ မပြောနဲ့။ ပျောက်သွားတယ်လို့ ပြောရတယ်လို့ ရဲ စခန်းတာဝန်ရှိ တယောက်က ပြန်ပြောပြီး ထောက်ခံ စာလဲ မရခဲ့ဘူး လို့ သူက ပြောပြပါတယ်။
ရဲ စခန်းကတောင် ဘာမှ တာဝန်မယူ နိုင်ပဲ ပြည်သူတွေက ဘယ်သူ့ကို အားကိုးလို့ အားကိုရမှန်းမသိ၊ နေချင်စရာ မကောင်းတော့တဲ့ ကြောက်စရာ ကောင်းတဲ့ မြို့ ဖြစ်လာပြီလို့ သူက ပြောပါတယ်။
ကျနော်ဟာ ပြင်ပ လူနာခန်းက ကုတင်မှာ ခြေထာက်က သွေးသံရဲရဲ စီးကျနေတယ်။ ဘာမှ လုပ်မပေးသေး။ ဆရာဝန် မလာသေးလို့လို့ ပြောတယ်။
တစ်နာရီ နီးပါး စောင့်ပြီးတော့ ဆရာဝန်ရောက်လာတယ်။ ကျနော့် ခြေထောက်ကို မကြည့်လို့ရမတဲ့ အတွက် ဓါတ်မှန် ရိုက်ရမယ်လို့ ပြောတယ်။ဓါတ်မှန်ရိုက်ရမယ့် ဆရာမ မရောက်သေးလို့တဲ့။ ထပ်စောင့်ရပြန်ပါလေရော။ ဓါတ်မှန် ရိုက်ပြီး နာရီ ဝက်လောက် ကြာမှပဲ အဖြေထွက်တော့ ဒဏ်ရာ စဆေးတယ်။ ချုပ်တယ်။ ကျောက်ပတ်တီး စည်းတယ်။ အရေ redးပေါ် လူနာ တယောက် အတွက် ဆေးကုရဖို့ နေ့တပိုင်း စောင့်လိုက်ရတယ်။
"ပြည်သူ့တေးရုံမှာဆို ဒီထက် ပိုဆိုးတယ်" လို့ ဆေးရုံမှာ ဆုံတဲ့ အမျိုးသမီး တယောက်က ပြောတယ်။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။





