စောင့်ရှောက်ပြုစုပေးတဲ့ဘဝ

စောင့်ရှောက်ပြုစုပေးတဲ့ဘဝ

ရန်ကုန်

မြန်မာနိုင်ငံက ကလေးငယ်ရှိတဲ့ မိသားစုတွေမှာ အိမ်မှာ အတူတူနေပြီး ကလေးထိန်း ခန့်ထားတာဟာ အထူးအဆန်း မဟုတ်သလို ချမ်းသာတဲ့ အခွင့်ထူးခံတွေ အတွက် သက်သက်လည်း မဟုတ်ပါဘူး။ 

စက်မှုဇုန်တွေ၊ စက်ရုံကြီးတွေ အများအပြား မပေါ်ခင်က ဆိုရင် မြန်မာနိုင်ငံ တဝှမ်းမှာ ရှိတဲ့ ကျေးလက်ဒေသက မိန်းကလေးတွေ၊ အမျိုးသမီးငယ်တွေ အတွက်တော့ အိမ်အကူ အလုပ်ဟာ အလုပ်တွေ ရှားပါးတဲ့ အထဲက အခွင့်အရေး တစ်ခုပါ။ ရန်ကုန်၊ မန္တလေးနဲ့ နီးစပ်ရာမြို့ကြီးတွေကို သွားရောက်ပြီး အိမ်ကြီးတွေမှာ ထမင်းချက်၊ သန့်ရှင်းရေး အလုပ်တွေ အခုချိန်အထိ လုပ်ကြပါတယ်။ ပညာနည်းနည်း တတ်သူတွေက မီးဖိုချောင် မဝင်ရဘဲ ကလေးတွေကို စောင့်ရှောက်တဲ့ အလုပ်ကို ရတတ်တယ်။ 

ဒီလို နေထိုင်လုပ်ကိုင်ရာကနေ မိသားစုတွေနဲ့ ချစ်ခင်ရင်းနှီး အနှောင်အဖွဲ့တွေ ဖြစ်ပြီး ကလေးတွေ ကြီးပြင်းသွားရင်တောင်မှ အိမ်မှာ မှီခိုအနေနဲ့ ဆက်လက်ပြီး နေထိုင်ဖြစ် သွားကြတာမျိုးလည်း ရှိပါတယ်။ ဒီလို မဟုတ်ဘဲ ဒုက္ခခံရတဲ့သူတွေလည်း အများအပြား ပါပဲ။ တိုးတက်တဲ့ အနောက်ပိုင်းနိုင်ငံတွေမှာ ဆိုရင် အိမ်အကူတွေနဲ့ သူတို့ရဲ့ အလုပ်ခွင် အခြေအနေကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ မရှိသေးပါဘူး။ ခွင့်ယူဖို့ ခွင့်ပြုပေးတာ၊ အလုပ်ချိန် သတ်မှတ်တာ၊ အပိုဆုကြေးငွေ စတာတွေကို အလုပ်ရှင်ကပဲ ဆုံးဖြတ်တာပါ။ အဲဒီအတွက်ကြောင့်လည်း မတရား နှိပ်စက်မှုတွေ ဖြစ်ပေါ်လာ ပါတယ်။ ပျော်ရွှင်ဖို့ ကောင်းတဲ့ အိမ်တွေမှာတောင် အစိုးရရဲ့ လူမှုရေး (social safety net) အကူအညီ စီမံကိန်း မရှိတဲ့ နိုင်ငံ တစ်နိုင်ငံမှာ လုပ်သားတွေဟာ သူတို့ရဲ့ အိပ်ဖို့ တစ်နေရာစာရဖို့ အလုပ်ရှင်တွေ အပေါ်မှာသာ မှီခိုနေရပါတယ်။

ဒေါ်သန်းသန်းဟာ  ရန်ကုန်မြို့ပြင်လေးမှာ ရှိတဲ့ ရွာကနေ ပထမဦးဆုံး ထွက်လာချိန်မှာ စိတ်ရောဂါဖြစ်နေတဲ့ အမျိုးတစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့ ပါ။ အဲဒီကနေမှ လူစိမ်းတွေရဲ့ အိမ်ကို ကလေးထိန်းဖို့ ရောက်လာခဲ့တာပါ။ ဆယ်စုနှစ် ငါးနှစ်နီးပါး တောင်ရှိပေမယ့်လည်း ဒေါ်သန်းသန်းကတော့ သူ့တစ်သက်တာ နီးပါး ကြည့်ရှုပေးခဲ့တဲ့ ဒီကလေးသုံးယောက်ရဲ့ အိမ်မှာ အခုချိန်အထိ ရှိနေတုန်းပါပဲ။ သူတစ်သက်လုံး ကြည့်ရှုပေးခဲ့တဲ့ ကလေးတွေကတော့ သူ့ကို မိသားစုဝင် တစ်ယောက်အနေနဲ့ မြင်ကြပါတယ်။

ဒေါ်သန်းသန်း နှင့် သူ့အနှစ်ခြိုက်ဆုံး အစားအစာများ

“ဒီအိမ်ကို စပြီးရောက်စတုန်းက ကလေးတွေ ထိန်းဖို့ ရောက်လာတာ။ ဒါပေမယ့် ကိုယ်ချက်ပြုတ်ထားကို စားတဲ့သူတွေက မြိန်ရင် သဘောကျတော့ တဖြည်းဖြည်းနဲ့ ထမင်းချက်ပါ ဖြစ်သွားတာ။

“ရောက်ခါစတုံးက သန်းသန်း အသက်က ၃၀ နှောင်းပိုင်း လောက်မှာပေါ့။ အလတ်ကလေးက မွေးပြီးလို့ ၆ ပတ်ပဲရှိသေးတယ်။ အငယ်ဆုံးလေးကို မွေးတောင် မမွေးသေးဘူး။ အခုတော့ အကုန်လုံးက လူကြီးတွေဖြစ်ပြီး နိုင်ငံခြားမှာ နေနေကြပြီ။ 

“သန်းသန်းလာခဲ့တဲ့ ကရင်ရွာကလေးက ရန်ကုန်မြို့ပြင်က။ ရွာကအခုဆိ အရမ်းကို ပြောင်းလဲသွားပြီ။ အရင်တုန်းကဆို ရွာကိုရောက်ဖို့ စပါးကွင်းတွေနဲ့ လယ်ကန်သင်းရိုးတွေကို ဖြတ်ရတယ်။ အခုတော့ လမ်းပေါက်နေပြီ။ 

“ရွာက မိန်းကလေးတွေက အိမ်တွေသွားပြီး အထိန်းမလုပ်ကြတော့ဘူး။ စက်ရုံတွေမှာ အလုပ် လုပ်ကြတယ်။ သန်းသန်းတို့ ခေတ်တုန်းက စက်ရုံတွေ ရှိခဲ့ရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူခန့်မှန်းနိုင်မလဲ။ သန်းသန်းလဲ လုပ်ချင် လုပ်ဖြစ်မှာပေါ့"

Typical Burmese dishes that could be seen in most homes

“ဒီဟင်းတွေက အိမ်တော်တော်များများမှာ အမြဲတွေ့နေကျ ဗမာဟင်းတွေပေါ့။ အများအားဖြင့်တော့ နွမ်းပါးတဲ့ မိသားစု နေအိမ်တွေမှာ တွေ့ရလေ့ ရှိတယ်။သန်းသန်းလည်း ငယ်ငယ်ကလေးကတည်းက ဒီဟင်းတွေ စားပြီးကြီးလာတာ။ 

“ကိုယ်စောင့်ရှောက်ရတဲ့ ကလေးတွေကိုလည်း ကျွေးတယ်။ ဒီတော့ သူတို့လည်း ဒါတွေစားပြီး ကြီးပြင်းလာကြတာ။

“ဟင်းတွေထဲမှာ ငါးပိရေကျိုပါတယ်။ ငါးပိကို စျေးကနေ ဝယ်လို့ရတယ်။ ပြီးရင် ရေနွေးနဲ့ ငရုတ်သီးမှုန့် ထည့်လိုက်ရုံပဲ။ အသီးအရွက် လတ်လတ်ဆတ်ဆတ်၊ ဒါမှမဟုတ် ပြုတ်ထားတာနဲ့စားတယ်။ တို့စရာပေါ့။ တစ်ချို့လူတွေက ငါးပိကို နံတယ်ပေါ့၊ ဆင်းရဲသားအစားအစာပေါ့ ဆိုပြီး နှာခေါင်းရှုံ့ကြတယ်။ သန်းသန်းကတော့ အရမ်းကြိုက်တယ်။ 

“ဗမာထမင်းဝိုင်းမှာဆို အရည်သောက် တစ်ခွက်မပါရင် မပြည့်စုံဘူး။ အဲဒါက ဒီဟင်းတွေထဲကလို ချဉ်ရည်ဟင်းလည်းဖြစ်နိုင်တယ်၊ ဟင်းခါးလိုမျိုးလည်းဖြစ်နိုင်တယ်။ ဒီဟာ ချဉ်ပေါင်ဟင်း။ ချဉ်ပေါင်ရွက်နဲ့ချက်ပြီးတော့ အချဉ်ဓာတ်က မန်ကျည်းသီးကနေရတာ။ 

 

(၂၀၁၅ အောက်တိုဘာ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)