အညာငါးပိချက်

အညာငါးပိချက်

မန္တလေး

အညာငါးပိချက်ဟာ မြန်မာနိုင်ငံက၊ အထူးသဖြင့်တော့ မြန်မာနိုင်ငံ အလယ်ပိုင်းက အိမ်တွေရဲ့ ထမင်းပွဲတွေမှာ မြင်နေကျ ဟင်းတစ်ခွက်ပါ။ အိမ်တိုင်းလိုလိုမှာ သူတို့ရဲ့ အထူးချက်နည်းလည်း ရှိပါတယ်။ တချို့က ပုဇွန်ခြောက်များများ ထည့်တယ်၊ တချို့က ငါးပိ ပိုထည့်တယ်။

ဒီ ချက်ပုံချက်နည်းကတော့ မန္တလေးမြို့က မိသားစုတစ်စုရဲ့ မျိုးဆက်များစွာ ချက်ပြုတ်လာတဲ့ နည်းပဲ ဖြစ်ပါတယ်။ ဒီနည်းဟာ ၁၉၉၀ နှစ်လွန် ခေတ်တွေမှာ မြန်မာနိုင်ငံရဲ့ အထင်ကရ အလွန် လေးစားရတဲ့ စာရေးဆရာမ လူထုဒေါ်အမာရဲ့ ရေးသားမှုကြောင့် နိုင်ငံကျော်ခဲ့ရတဲ့ နည်းပါ။ မဂ္ဂဇင်းတစ်ခုထဲမှာ ဒေါ်အမာက သူနဲ့ သူ့ငယ်ချင်း ဒေါ်မိမိလေးတို့ စကားစမည် ပြောကြတာကို အခြေခံထားပြီး ရေးခဲ့တဲ့ဆောင်းပါး ပါ။ ဆောင်းပါးထဲမှာ ဒေါ်မိမိလေးက သူ့မိသားစုကို မကြာခင်ကမှ ချက်ကျွေးခဲ့တဲ့ ဒီမန္တလေးငါးပိချက် အကြောင်း ပါပါတယ်။ 

ဒေါ်မိမိလေးဟာ အခုဆို အသက် ၉၇ နှစ် ရှိပါပြီ။ သူ့ရဲ့ မန္တလေးငါးပိချက် ချက်နည်းကို သူ့ရဲ့ မြေးမတစ်ဦး ဖြစ်တဲ့ မသစ်သစ်ဝင်းက ဆက်လက်ပြီး ချက်နေတုန်းပါ။ ကျွန်မတို့ကိုလည်း သူကပဲ ချက်ကျွေးခဲ့တာပါ။ ဒီဟင်းရဲ့ လျှိုု့ဝှက်ချက် ကတော့ ငါးမြင်းငါးပိတစ်ကို သုံးတာလို့ သူက ဆိုပါတယ်။ 

ပါဝင်သောပစ္စည်းများ
ငါးမြင်းငါးပိတစ် Cat fish fermented and salted in big earthen containers (about 250g, cubed) 
ခရမ်းချဉ်သီး (Tomatoes)
ကြက်သွန်နီ (Shallots )
ပုဇွန်ခြောက် (Dried Prawns)
ပဲဆီ (Peanut Oil)
ဆနွင်း (Pinch of turmeric)
ငံပြာရည် (Fish sauce)
ငရုတ်သီးစိမ်း (Fresh chilies)
ဆား (Salt )

ကြက်သွန်နီ ၆ ဥကို ပါးပါး လှီးပါ။ အလယ်အလတ် အရွယ်ရှိတဲ့ ခရမ်းချဉ်သီး ၁၀ လုံးကို အစေ့တွေကို ညှစ်ထုတ်ပါ။ အစေ့တွေ ပါရင် ဟင်းက အရမ်းချဉ်သွားတတ်တာကြောင့်ပါ။ ပြီးတော့ ခရမ်းချဉ်သီးတွေကို နုတ်နုတ်စဉ်းပါ။ 

ဒယ်အိုးထဲမှာ ပဲဆီ များများထည့်ပြီး ဆီကျက်တဲ့ အထိတည်ပါ။ ဆီပူလာတဲ့ အခါ ကြက်သွန်နီကို နနွင်း အနည်းငယ်နဲ့ ရောပြီး ကြော်ပါ။ ဆီသတ်တယ်လို့ ခေါ်ပါတယ်။ 

ပုဇွန်ခြောက်ကို လက် ၂ ဆုတ်စာလောက် ခပ်များများ ထည့်လိုက်ပါ။ ငရုတ်သီးစိမ်း လတ်လတ်ဆတ်ဆတ်တွေကို သင့်တော်သလောက် ထည့်ပြီး ခရမ်းချဉ်သီးတွေနဲ့ ရေကြော်ပါ။ ရေအနည်းငယ်ထည့်ပြီး ဆီပြန်လာတဲ့ အထိ ဖုံးပြီး နှပ်ပါ။ နာရီဝက်ခန့် စောင့်ရပါမယ်။ 

ရေခန်းသွားပြီး ဆီပြန်လာတဲ့အချိန်မှာတော့ အတုံးလေးတွေတုံးထားတဲ့ ငါးမြင်းငါးပိတစ်ကို ထည့်ပါ။ ဆားနဲ့ ငံပြာရည်ကို သင့်တင့်သလို ထည့်ပါ။ 

နံနံပင် လတ်လတ်ဆတ်ဆတ်နဲ့ အုပ်ပြီးတော့ ဆက်ချက်ပါ။ လိုအပ်သလို မွှေပေးပြီး ခေတ္တဖုံးအုပ်ထားပါ။ မကြာမီ ထမင်းနဲ့ပဲ ဖြစ်ဖြစ် အသီးအရွက်ပြုတ်တွေနဲ့ပဲ ဖြစ်ဖြစ် တို့မြှုပ်စားကြတဲ့ အညာငါးပိချက် ရပါပြီ။ 

 

(၂၀၁၆ အောက်တိုဘာတွင် ရိုက်ကူးခဲ့ခြင်း)