လူထုစာကြည့်တိုက်ဟာ အလွန်ကျပ်တည်းစွာ နေထိုင်ခဲ့ရတဲ့ စစ်အစိုးရအဆက်ဆက်ရဲ့ လက်အောက်က မကြာခင်ကမှ လွတ်မြောက်လာတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုး အတွက်ကတော့ ရှားပါးပြီး အလွန်တရာ အဖိုးတန် နေရာတစ်ခု ပါ။ နိုင်ငံရဲ့ အကျော်ကြားဆုံး စာရေးဆရာ ဇနီးမောင်နှံရဲ့ တစ်သက်တာမှာ စုဆောင်းလာခဲ့တဲ့ စာအုပ်တွေ၊ စာမူတွေကို တွေ့နိုင်တဲ့ ဒီစာကြည့်တိုက်ဟာ မြန်မာနိုင်ငံက ရှားရှားပါးပါး ခေတ်မီစာကြည့်တိုက် တစ်ခုလည်း ဖြစ်ပါတယ်။
လူထုဦးလှ (၁၉၁၀ − ၁၉၈၂) နဲ့ သူ့ရဲ့ ဇနီး လူထုဒေါ်အမာဟာ လက်ဝဲဘက် နိုင်ငံရေး အားသန်တဲ့ လူထု သတင်းစာကို ၁၉၄၅ ခုနှစ်မှာ ကိုယ်တိုင် တည်ထောင်ခဲ့ပြီး စစ်အစိုးရအောက်မှာ ခက်ခက်ခဲခဲနဲ့ ရှင်သန်ဖို့ ကြိုးစားခဲ့ရပါတယ်။ သူတို့ရဲ့ အရေးအသားတွေကို မကြည်ဖြူတဲ့ အစိုးရအဆက်ဆက်နဲ့ တွေ့ကြုံခဲ့ရပြီး မကြာခဏ နှောင့်ယှက်မှုတွေ၊ အချုပ်အနှောင် ခံရတာတွေ ဖြစ်ခဲ့ပါတယ်။ မိသားစုဝင် တချို့တောင် အချုပ်အနှောင် ခံရတဲ့ အထဲမှာ ပါပါတယ်။
သူတို့ရဲ့ စာအုပ်တွေဟာ စစ်အစိုးရ၊ မီးဒဏ်နဲ့ နှစ်စဉ်နှစ်တိုင်း ကြုံရတဲ့ မိုးဒဏ်တွေကို ကြံ့ကြံ့ခံပြီး ရှင်သန်ခဲ့ရတာပါ။ ဒီစာအုပ်တွေကိုတော့ သူတို့ရဲ့ သမီး ဆရာဝန်နဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာသန်းရင်မာက စောင့်ရှောက်ပြီး စာကြည့်တိုက်ကိုလnည်း ကြီးကြပ်နေတာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပါပြီ။
“ဒီစာကြည့်တိုက်ဟာ ကျွန်မတို့ မိသားစုအတွက် အရမ်းကို တန်ဖိုးထားရတဲ့ အရာပါ။ ဒါဟာ ဒီတိုင်းပြည်အတွက် ပါ”လို့ လူထုဂျာနယ် အကုန်လုံးအပြင် အခြားသတင်းစာတွေနဲ့ ရှားပါးစာအုပ်တွေကို ထိန်းသိမ်းတဲ့ အနေနဲ့ ကွန်ပြူတာပေါ်မှာ ဖတ်လို့ ရအောင် ဒစ်ဂျစ်တိုက်စ် လုပ်တာကို ကြီးကြပ်ပေးနေတဲ့ ဒေါ်သန်းရင်မာက ဆိုပါတယ်။
“အခုတော့ အင်တာနက်ခေတ် ဖြစ်နေပါပြီ၊ လူတွေဟာ ကွန်ပြူတာပေါ်က စာကြည့်တိုက်တွေ အသုံးပြုတာကို အကျင့်ရ နေပါပြီ၊ ဆိုပေမယ့် မြန်မာနိုင်ငံမှာတော့ စာဖတ်ရင် စာအုပ်တွေ အသုံးပြုပြီး ဖတ်တုန်းပါ။ ဒီ စာကြည့်တိုက်ကို လူငယ်တွေ အများအပြား လာပြီး စာဖတ်ကြတာကို ကျွန်မ တွေ့ရတယ်။ သူတို့ အတွက် အရမ်း အသုံးဝင်နေတုန်းပါ။ စာအုပ်တွေကို ချစ်ခင်နှစ်သက်တဲ့ မျိုးဆက်သစ်တွေကိုလည်း ကျွန်မတို့က အလွန်လိုလားပါတယ်။ ဒီကနေမှ သူတို့ရဲ့ ရည်ရွယ်ချက်တွေ၊ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်တယ် လေ”
“ကျွန်မ မိဘတွေဖြစ်တဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့က သူတို့ တစ်သက်လုံး စာအုပ်တွေကို စုဆောင်းလာတာပါ။ သတင်းစာဟောင်းတွေ၊ စာအုပ်တွေပေါ့။ သူတို့ သူငယ်ချင်းတွေ အမှတ်တရ လတ်မှတ် ရေးထိုးပေးထားတဲ့ စာအုပ်တွေလည်း သူတို့က သိမ်းထားတယ်။ အဲဒီစာအုပ်တွေ ကျွန်မတို့ဆီမှာ ရှိသေးတယ်”
“ဒီစာအုပ်တွေကို သူတို့က အိမ်က သံသေတ္တာကြီးတွေထဲမှာ သိမ်းထားတာ။ ပြီးရင် အဖေက တစ်နှစ် တစ်ခါ၊ တစ်နှစ် နှစ်ခါ ရယ်လို့ ထုတ်ပြီး နေလှန်းတယ်။ အကောင်တွေ မစားအောင်၊ မဖျက်ဆီးအောင်ပေါ့”
“ဒီ ကိုလိုနီခေတ် အစဦးပိုင်းက ထွက်ခဲ့တဲ့ ရှေးသတင်းစာတွေရော၊ သူတို့ စုဆောင်းထားသမျှ စာပေတွေရောဟာ မျိုးဆက်သစ်တွေ သမိုင်းရေးတဲ့ အခါမှာ ကိုးကားလို့ ရဖို့ အတွက်၊ စာပေရေးဖို့ အတွက်၊ အသုံးဝင်လိမ့်မယ်လို့ သူတို့ နှစ်ယောက်စလုံးက ယူဆခဲ့တယ်”
“ကျွန်မ အဖေနဲ့ အမေက အရမ်း အလုပ် လုပ်တဲ့သူတွေ။ သူတို့ အိပ်ရာပေါ်မှာ နားနေတာတို့၊ သီချင်းနားထောင်တာတို့ တစ်ခါမှာ မတွေ့ခဲ့ရဘူး။ သူတို့မှာ နားချိန်ရယ်လို့ မရှိဘူး။ အမြဲတန်း ထိုင်ပြီးစာပဲ ရေးနေကြတာ”
“သတင်းစာ လုပ်နေတုန်းက ဆိုရင် ညမိုးအရမ်းချုပ်တဲ့ အထိ အလုပ် လုပ်ကြတယ်။ မနက် ၄ နာရီလောက် သတင်းစာထွက်လာမှ အဖေက အိပ်ရာဝင်တယ်။ “အဆင်ပြေရဲ့လား” ဆိုပြီး သူ သိချင်တယ် လေ”
“(အဖေက) ရှေးအခါက အောက်ပြည်အောက်ရွာ ဆိုတဲ့ စာအုပ်တစ်အုပ် ရေးဖူးတယ်။ (၁၉၈၂) အဖေဆုံးသွားတော့မှ အမေက အဲဒီစာအုပ်ကို ထုတ်ဝေခဲ့တယ်။ သူကိုးကားသမျှတွေက သူစုဆောင်းထားခဲ့တဲ့ သတင်းစာဟောင်းတွေ ထဲကချည်းပဲ။ ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းကနဲ့ ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ မြန်မာပြည်အကြောင်းတွေလည်း ရေးခဲ့တယ်”
“ကျွန်မတို့ အရမ်းကံကောင်းတာက ၁၉၈၄ ခုနှစ်မှာ မန္တလေးမြို့ သုံးပုံတစ်ပုံကုန်သွားတဲ့ ဦးကျားကြီးမီးလို့ နံမယ်ကျော်ခဲ့တဲ့ မီးထဲမှာ ဒီ (စုဆောင်းထားတာတွေ) ဟာတွေ ပါမသွားတာပဲ။ ပုံနှိပ်စက်နဲ့ စာအုပ်ဆိုင်တွေ ပါသွားတယ်။ အိမ်နဲ့ စာအုပ်တွေပဲ ကျန်ခဲ့တယ်”
စုဆောင်းထားတဲ့ စာအုပ်တွေ အများအပြားဟာ စစ်အစိုးရရဲ့ အရမ်းပြင်းထန်တဲ့ ဆင်ဆာဖြတ်တောက်မှု အုပ်ချုပ်ရေး အောက်မှာ ရှင်သန်ခဲ့ရတာကို သက်သေပြလို့ နေပါတယ်။ စာအုပ်၊ သတင်းစာ အပြင် သီချင်း စာသားတွေက အစ မထုတ်ဝေခင်မှာ စစ်ဆေးဖို့ တင်ရပါတယ်။ မှင်နီနဲ့ ခြစ်ထားတဲ့ စာမူတွေ၊ ဆင်ဆာတွေဆီက ဖြုတ်ဖို့၊ ပြောင်းဖို့ အမိန့်တွေ တွေ့ရပါတယ်။ ထုတ်ဝေပြီးတာတောင်မှ စာအုပ်တွေဟာ စစ်အာဏာပိုင်တွေရဲ့ ဖြတ်တောက်ခြင်းက မကင်းလွတ်သေး ပါဘူး။ ငွေမှင်သုတ်ပြီး စာတွေကို ပိတ်၊ တခါတလေ စက္ကူတွေကို ကော်နဲ့ကပ်ပြီး ပြည်သူတွေ ဖတ်လို့ မရအောင်လည်း လုပ်တတ် ပါတယ်။ ဆင်ဆာဥပဒေဟာ ၂၀၁၂ မှာ ပြောင်းလဲသွားပေမယ့် မြန်မာနိုင်ငံဟာ စာပေလွပ်လပ်ရေးမှာ နောက်ကျနေဆဲ ပါ။
အရင်အစိုးရခေတ်တွေ တုန်းက စည်းမျဉ်းစည်းကမ်းတွေ အရ ဆိုရင် စုဆောင်းထားတာတွေ အကုန်လုံးကို အလိုမတူပဲ အစိုးရလက်ထဲကို လုံးလုံးအပ် လိုက်ရမယ့် အခြေအနေတွေ ဖြစ်ပေါ်နိုင်ခဲ့ပါတယ်။ ဒီစည်းမျဉ်း စည်းကမ်းတွေကို မကြာခင်က ပြန်လည် ပြုပြင်လိုက်ပေမယ့် လူထုစာကြည့်တိုက်ကတော့ သူရဲ့ လွတ်လပ်ခွင့်ကို ဆက်လက်ယူထား ပါတယ်။
“အများစာကြည့်တိုက်တော့ ဘယ်တော့မှ ဖြစ်မယ်လို့ မထင်ပါဘူး။ အစိုးရပြောင်းသွားပြီး စာကြည့်တိုက်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ပြောင်းလဲ သွားမယ် ဆိုပေမယ့် စုဆောင်းထားတဲ့ စာပေတွေ ပိုပြီး လုံခြုံအောင်အတွက် ရည်ညွှန်း စာကြည့်တိုက် အဖြစ်နဲ့ ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်”
သူ့မိဘတွေ စာပေတွေကို မြတ်နိုးစွဲလမ်းကြောင်း၊ သူတို့ စုဆောင်းထားတဲ့ စာအုပ်တွေကို မျိုးဆက်သစ်တွေ အတွက် ထိန်းသိမ်းပေးထားတဲ့ အကြောင်း ပြောရင်း ဝဲလာတဲ့ မျက်ရည်တွေကို မျက်တောင် တဖျတ်ဖျတ်ခတ်ပြီး တိတ်သွားစေ ပါတယ်။
“သူတို့ရဲ့ ကလေးတွေနဲ့ တတိယမျိုးဆက်တွေက သူတို့ရဲ့ စုဆောင်းမှုတွေကို တတ်နိုင်သလောက် ကြိုးစားပြီး ထိန်းသိမ်း ပေးထားတာ၊ နိုင်ငံအတွက် အကူအညီပေးတာကို သူတို့သာ သိရင် အလွန်ဝမ်းသာပြီး စိတ်ကျေနပ်မှာပါ” လို့ ဒေါ်သန်းရင်မာက ဆိုပါတယ်။ မောင်နှမတွေ ၅ ယောက်ထဲမှာ သူမ တစ်ဦးတည်းသာ စာအုပ်တွေကို ကြည့်ရှု စောင့်ရှောက်ပြီး စာကြည့်တိုက်ကို မောင်းနှင်နေသူ ပါ။ ဒေါက်တာ သန်းရင်မာဟာ ဒုတိယကလေးဖြစ်ပြီး သမီးအကြီးဆုံးလည်း ဖြစ်ပါတယ်။ မောင်အငယ်ဆုံးက နိုင်ငံကျော်စာရေးဆရာ ညီပုလေးပါ။
“သားအကြီးဆုံးက အသက်ရှည်ရှည် နေမသွားရဘူး။ အသက် ၂၇ နှစ် အရွယ်မှာပဲ တောထဲမှာ ဆုံးသွားတယ်။ ကျောင်းသားလှုပ်ရှားရေး ကတဆင့် အိမ်ကနေ၊ ကျောင်းကနေ ထွက်ပြေးသွားရလို့ အဲဒီမှာ ဆုံးသွားတာ”
“ကျွန်မရဲ့ မောင်အငယ်ကလည်း အိမ်မှာ မရှိဘူးလေး။ ၁၉၇၅ မှာ ထွက်ပြေးသွားရပြီး တရုတ်ပြည်မှာပဲ ရှိသေးတာကိုး။ အဲဒီတော့ ကျွန်မရဲ့ တာဝန် ဖြစ်သွားတာပေါ့”
“၂၀၀၃ မှာ ကျွန်မ ပင်စင်ယူကတည်းက ဒီစာကြည့်တိုက်မှာ အလုပ် လုပ်ခဲ့တာ။ ဒီစာကြည့်တိုက် အတွက်၊ ပန်းခြံအတွက်၊ သန့်ရှင်းရေးအတွက် ကျွန်မ တာဝန်ယူဖြစ်တယ်”
ဒေါက်တာသန်းရင်မာဟာ မိဘတွေနဲ့ အစ်ကိုမောင်တွေရဲ့ စာပေလမ်းနောက်ကို လိုက်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့မိဘဲနဲ့ ဆေးလောကထဲကို ဝင်လာခဲ့ပါတယ်။
“ကျွန်မက ဆရာဝန်ဖြစ်ရတာကို အလွန် ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဒေသက လူတွေ အများကြီးကို ကူညီပေးနိုင်လို့”
“ကျွန်မက စာသိပ်ဖတ်ရတာ အရမ်း ဝါသနာပါသူ မဟုတ်ဘူး” လို့ ရယ်ရင်းနဲ့ ပြောပါတယ်။
“ကျွန်မက စာကြိုးစားတယ်၊ သင်ခန်းစာတွေကို လုပ်ရတယ်။ ဒါပေမယ့် ကျွန်မကြီးပြင်းလာတာက စာအုပ်တွေ၊ ဂျာနယ်တွေနဲ့ ပြည့်နှက်နေတဲ့ အိမ်မှာဆိုတော့ ဖတ်တော့ ဖတ်ဖြစ်ပါတယ်”
“ကျွန်မ အကြိုက်ဆုံးစာအုပ်တွေကို အိပ်ရာနားမှာ ထားတယ်။ ကျွန်မ မိဘတွေ၊ ကျွန်မသားနဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေ ရေးတဲ့ စာအုပ်တွေ ပေါ့။ သူငယ်ချင်းတွေဆီက ကဗျာတွေကိုလည်း ကျွန်မ စုဆောင်းဖူးတယ်။ သူတို့ကို သတိရရင် ဖတ်တယ် လေ။ ။”
(၂၀၁၆ စက်တင်ဘာတွင် တွေ့ဆုံမေးမြန်းခြင်း)