ကျွန်တော်သူငယ်ချင်း ပြည်သူ့စစ်သားကြီး

ကျွန်တော်သူငယ်ချင်း ပြည်သူ့စစ်သားကြီး

Kachin

စာရေးသူသည် ကချင်ပြည်နယ် မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

ကျွန်တော်နဲ့သူ သေသေချာချာ စတွေ့တာက အာဏာသိမ်းပြီးနောက်ပိုင်းမှာပါ။  ကချင်ပြည်နယ်က အာဏာပိုင် ဆန္ဒပြပွဲတွေကို ​သတင်းတွေအတူလိုက်၊ ဓါတ်ပုံတွေရိုက်တဲ့ အချိန်တုန်းကပါ။  ခင်မင်တာမကြာသေးပေမယ့် ကျွန်တော်တို့ ဒီအလုပ်တွေလုပ်ရင်း မြန်မြန်ပဲ အဖွဲ့ကျသွားတယ်။  သတင်းထောက်အလုပ်လုပ်ရင်း ဒီလောက်နဲ့မလုံလောက်ရင် ဒီထက်ပိုပြီး တော်လှန်ရေးမှာ ပါဝင်မယ်လို့ ပြောတာကို ကျွန်တော် သတိတရမှတ်မိနေတုန်းပဲ။

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ နေရာမှာ အလွှာပေါင်းစုံ လူတန်းပေါင်းစုံကနေ ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေကြတဲ့အထဲ စာရေးသူရဲ့ သူငယ်ချင်းဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားကြီး တစ်ဦးအကြောင်းကို ပြောပြချင်ပါတယ်။

သူ့နာမည်ကတော့ ကိုနိုင်ထွန်းပါ။ သူဟာ စစ်ကိုင်းဒေသကြီး မှာ ဖွားမြင်ခဲ့တဲ့သူဖြစ်ပြီး အသက်အရွယ်ကတော့ ၃၀ မပြည့်သေးပါဘူး ယ်။ သူဟာ စာရေးစရာ ကဗျာဆရာ တစ်ဦး ဖြစ်သလို အထက်တန်းရှေ့နေ တစ်ဦးလည်း ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အင်္ဂလိပ်ဘာသာပြန်လုပ်ကိုင်ခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်လောက်က သတင်းလောကထဲ ဝင်ရောက်လာခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခုမှာ  ဖားကန့်အခြေစိုက် သတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့နေရင်းမှာပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာသိမ်းတာနဲ့ ကြုံခဲ့ရပါတယ်။ သတင်းသမားဘဝတုန်းကလည်း အာဏာသိမ်းတဲ့အချိန်မှာ ဖြိုခွင်းမှုတွေကြားထဲ ရဲရဲဝံ့ဝံ့ မှတ်တမ်းတွေယူပြီး ပြည်သူအတွက် သတင်းတင်ဆက်ခဲ့သူပါ။

သူရဲ့ ဓါတ်ပုံတွေက ဖားကန့်မှာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းခံရတဲ့အချိန် ရိုက်နိုင်ခဲ့လို့ Social Media မှာလည်း ခေတ်စားခဲ့ပါတယ်။ တစ်ခြားသတင်းတိုက်တွေကိုလည်း အခကြေးငွေမယူဘဲ သူ့ပုံတွေကို ပြန်လည်မျှဝေလေ့ရှိသူပါ။ သူ့ရဲ့လူမှုကွန်ရက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ရေးလေ့ပြောလေ့ရှိပါတယ်။

ဒီလိုနဲ့ စစ်အာဏာသိမ်းပြီး ၂လ လောက်အကြာမှာ  ကျွန်တော်တို့ လွတ်မြောက်နယ်မြေတစ်ခုကို တိမ်းရှောင်သွားတဲ့အခါမှာလည်း ကျွန်တော်တို့ရောက်ပြီး ၁ လလောက်အကြာမှာတော့ သူ့လည်း ကျွန်တော်နေတဲ့ လွတ်မြောက်နယ်မြေကို သူလည်း ရောက်ရှိလာပါတော့တယ်။

သတင်းယူဖို့အတွက်ရောက်လာတာလို့ ပြောပေမယ့် သေချာမေးစမ်းကြည့်တဲ့အခါမှာ PDF လုပ်ဖို့ရောက်လာတာလို့ သူက ဆိုပါတယ်။ သူ့အဲဒီလိုပြောလိုက်တဲ့အချိန်မှာ ခဏအကြာဆွံ့အ ခဲ့ရသလို အရမ်းလည်းလေးစားခဲ့ရပါတယ်။

သူ့ရဲ့လစာငွေ မိသားစု သူ့ရဲ့ အောင်မြင်မှုတွေကိုအကုန်စွန့်ခွာပြီး ရောက်လာ ခဲ့မို့လိုပါ။ အဲဒီအချိန်က စလို့ သူနဲ့ကျနော် ဘဝချင်းမတူတော့ပါဘူး။  ပြည်သူအတွက် ကျွန်တော်ကတော့သတင်းအလုပ်တွေပဲ ဆက်လုပ်နေပေမယ့် သူကတော့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

မတရားမှုတွေကို တွန်းလှန်ဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ စစ်ပညာလာသင်တဲ့ ကိုနိုင်ထွန်းကို မင်းအရာအားလုံးကို စွန့်ခွာပြီး ဘာလို့ စစ်သားလုပ်တာလဲဆိုတော့ “အာဏာရှင်ကို အမြစ်ပြတ်တော်လှန်ချင်တယ်။ ဒီအဆိုးအမွေကို နောက်လာနောက်သားတွေကို မပေးချင်တော့ဘူး။ နောက်ပြီး ငါတို့ပြည်သူတွေရဲ့ သွေးကြွေးတွေကို ဆပ်ချင်လို့” လို့ပြောပြပါတယ်။

ဒီလိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပေးတဲ့ သင်တန်းကို သူတက်ခဲ့ပါတယ်။ သူနဲ့ ဖုန်းပြောဖြစ်တိုင်း သင်တန်းသားဘဝရဲ့ ခက်ခဲပုံတွေ စည်းကမ်းကြီးပုံတွေ ပင်ပန်းမှုတွေကိုပြောပြပါတယ်။ သူအမြဲတမ်းပြောတာက ဘယ်လောက်ပင်ပန်းနေပါစေ ပြည်သူတွေအတွက် ကြိုးစားရမယ်ဆိုတာပါ။

သူသင်တန်း (၂) လပြီးလို့ ပြန်လာတော့ ကျွန်တော်မြင်ဖူးတဲ့ နိုင်ထွန်း မဟုတ်တော့ပါဘူး။ ကျွန်တော်မြင်ဖူးတဲ့ နိုင်ထွန်းဟာ ပါးဖောင်းဖောင်း ခပ်ဝဝနဲ့။ အဲဒီအချိန်တွေ့လိုက်ရတဲ့ နိုင်ထွန်းဟာ ပေါင် ၄၀ လောက်လျော့ကြသွားပြီး ခန္ဓကိုယ်က ကျစ်လစ်လို့။  

ရုပ်ပိုင်းဆိုင်ရာတင် မကပဲ အမူအရာတွေ၊ အလေ့အကျင့်တွေလည်း ပြောင်းသွားပါတယ်။ စစ်သားဖြစ်ပြီးနောက်ပိုင်း နိုင်ထွန်းဟာ ပိုတည်ကြည်လာတယ်။ အရင်လိုအပျော်အပါးတွေ မမက်တော့ဘူး။ အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ဖို့အတွက် သူအမြဲ ခေါင်းထဲတွေးပါတယ်။ သူ့ကို ဒီလိုမြင်ရတော့ လေးစားအားကျရသလို နိုင်ငံတော်မှာ ဒီလိုစစ်သားကောင်းတွေ များများရှိရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။

သူ့ဟာ သင်တန်းတက်ပြီးတော့ တစ်လကျော်လောက်မှာတော့ ရှေ့တန်းစစ်မြေပြင်ကို သွားရပါပြီ။ စစ်တိုက်ဖို့အတွက်ကို ရွေးချယ်ခဲ့တဲ့အတွက် ရှေ့တန်းကို မြန်မြန်သွားနိုင်အောင် ကြိုးစားခဲ့တာပါ။ ရှေ့တန်းစသွားတဲ့နေ့ကလည်း “သူငယ်ချင်း ငါ့ပြည်သူလူထု လွတ်လပ်ဖို့ အနာဂါတ်တိုင်းပြည်လှပဖို့ ငါတိုက်ပွဲဝင်ဖို့ သွားတော့မယ်” လို့ သူပြောခဲ့ပါတယ်။

သူရှေ့တန်းသွားပြီး တစ်လကျော်လောက်ကြာတဲ့ အခါ ဖုန်းလိုင်းရတဲ့နေရာကနေ သူတိုက်ပွဲဝင်နေတဲ့ အကြောင်း သူ့ကိုစိတ်မပူဖို့ အကြောင်းကြားလာပါတယ်။

သူနဲ့ ပြောနေရင်းမှာပဲ ခဏနေ စစ်ကြောင်းပြန်ထွက်ရတော့မယ့်အကြောင်းပြောပါတယ်။“သိမ်းစရာရှိတာသိမ်းပြီး အောင်ပွဲနဲ့အတူ ပြန်လာခဲ့မယ် သူငယ်ချင်း။ အရေးတော်ပုံအောင်ရမည်” လို့ ပြောပြီး ဖုန်းချသွားပြီး သူစစ်ကြောင်းဆက်လက်ထွက်ခွာခဲ့ပါတယ်။

ကျွန်တော်ကတော့ မိုးလင်းတိုင်း သူငယ်ချင်းရဲ့ လိုင်းစိမ်းနေတဲ့ Messenger လေးကို ကြည့်ဖြစ်ပါတယ်။ လိုင်းမစိမ်းဘဲ ရက်တွေကြာလာရင် စိတ်ပူမိတာအမှန်ပါပဲ။ ဒီကနေ့ အချိန်ထိတော့ သူဟာ စစ်ကိုင်းတိုင်းထဲက စစ်မြေပြင်တစ်နေရာမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲပါ။ သူ့အကြာင်းကို မီဒီယာမှာ ဖော်ပြဖို့ ကျွန်တော်ခွင့်တောင်းခဲ့ပြီး သူ့သမိုင်းအတွက် ကျန်ခဲ့မယ့်အရာဖြစ်တယ်ဆိုပြီး သူ့ခွင့်ပြုပေးခဲ့ပါတယ်။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။