ရန်ကုန်မြို့လယ် ပန်းဆိုးတန်းပေါ်က ဦးအောင်စိုးမင်းရဲ့ ပန်းချီပြခန်းတွေမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ ရှိပါတယ်။ နံရံပေါ်မှာရော၊ ချောင်ကြားတွေမှာပါ ပန်းချီကားတွေက အပြည့်ပါပဲ။ ရှေးဟောင်း သေတ္တာတွေထဲမှာ မြန်မာနိုင်ငံရဲ့ အမှတ်တရတွေနဲ့ ပြည့်နှက်နေပါတယ်။ စစ်အစိုးရတက်ပြီး ရုပ်ရှင်ရုံတွေ ချုံးချုံးမကျသွားခင်အချိန် ခဏတာအတွင်း လွတ်လပ်တဲ့ နိုင်ငံတော် အချိန်က ရုပ်ရှင်ပိုစတာတွေ၊ ဗြိတိသျှခေတ်တုန်းက ထုတ်ဝေခဲ့တဲ့ မြို့ပြမြေပုံတွေ၊ တကယ် ဖြစ်မလာပေမယ့် ပိုမိုဝင့်ကြွားတဲ့ ဘဝကို ရနိုင်ကြောင်း ကတိပေးနေတဲ့ ချောမွတ်တောက်ပနေတဲ့ မဂ္ဂဇင်းတွေထဲက ကြော်ငြာတွေ အစုံအစုံပါပဲ။
အတိတ်က ရှေးဟောင်းပစ္စည်းတွေကို တသက်တာ စုဆောင်းခဲ့တဲ့ ဦးအောင်စိုးမင်းဟာ ဒီအမွေအနှစ်တွေ ဖုန် မတက်အောင် ကြိုးပမ်းနေပါတယ်။
ဆင်ဆာ ဖြတ်တောက်မှုတွေ အလွန် ကျပ်တည်းနေတဲ့ အချိန်မှာ မြန်မာနိုင်ငံရဲ့ ခေတ်ပြိုင်အနုပညာ မြင်ကွင်းကို အသက်ဝင်လာစေသူ ဖြစ်ပြီး အနုပညာကို စိတ်ဝင်စားသူ လူငယ်တွေကိုလည်း သင်ပြပေးခဲ့ပါတယ်။ ဒီအတွက်လည်း အာဏာပိုင်တွေရဲ့ အနှောင့်အယှက်ပေးခံရတာ၊ စစ်ဆေးမေးမြန်းခံရတာ မကြာခဏပါပဲ။ ထောင်မကြဘူးပေမယ့် ထွက်ပြေးရ၊ စိတ်မလုံမခြုံဖြစ်ရတာတွေဟာ ၁၉၈၈ သူလူငယ်ဘဝ ကတည်းကစပြီး နှစ် ၂၀ နီးပါးလောက် ခံစားခဲ့ရပါတယ်။
သမိုင်းစာအုပ်တွေကို သိမ်းဆည်းထားပြီး ပြတိုက်တွေဟာ ဝါဒဖြန့်ချိရေး သက်သက် အတွက်သာ လုပ်ခဲ့တဲ့ ဆယ်စုနှစ်များစွာ စစ်အစိုးရ လက်အောက် နေခဲ့ရလို့ အနုပညာနဲ့ သမိုင်းကို စိတ်ဝင်စားမှု လျော့နည်းသွားတဲ့ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စိတ်ကို ပြောင်းအောင် ဦးအောင်စိုးမင်းဟာ သူတစ်ဦးတည်း တတ်နိုင်သမျှ လှုပ်ရှားလုပ်ကိုင် နေပါတယ်။
သူများတွေ အတွက် တစ်သက်တာ လုပ်ရမယ့် အလုပ်မျိုးကို ဦးအောင်စိုးမင်းဟာ အမြဲတမ်း တစ်ခုပြီး တစ်ခု လုပ်နေတတ် ပါတယ်။ နောက်ဆုံး ပရောဂျက်ကတော့ လင်းပွင့်သမိုင်းလို့ ခေါ်ပါတယ်။ သာမာန်ပြည်သူတွေ အတွက် အတူတူ ခံစားခဲ့ရတဲ့ အတိတ်အကြောင်းတွေ ပိုသိမြင်လာအောင် ဒေသအလိုက် ဓာတ်ပုံတွေ၊ စာရွက်စာတမ်းတွေနဲ့ ပုံရိပ်တွေက ပြောတဲ့သမိုင်းတွေကို အသုံးပြုပြီး ကြောက်ရွံ့ခြင်းမရှိတဲ့ သမိုင်းကို ဆိုလိုတာပါ။
“ကိုယ့်ရဲ့ ခြေချတဲ့ မြေဟာ ကိုယ့် သမိုင်းပဲ။ ကိုယ်လမ်းလျှောက်နေတဲ့ မြေပြင်ဟာ သမိုင်းပဲ။ အဲဒီ သမိုင်းကိုမှ သေချာ မသိဘဲနဲ့ creativity (ဖန်တီး) လို့ မရဘူး။ ကိုယ့်လူ့အဖွဲ့အစည်းရဲ့ဝိဉာဉ်က ဘာလဲ၊ ကိုယ့်အဖွဲ့အစည်းရဲ့ ဝိဉာဉ်ကို ကိုယ် ဘယ်လို နားလည်အောင်လုပ်မလဲ”
“ဒီအနုပညာနဲ့ ကိုယ့် လူ့အဖွဲ့အစည်းနဲ့ ကြားမှာ အင်မတန်မှ ကြီးမားပြီး အင်မတန် နက်ရှိုင်းတဲ့ ဆက်သွယ်ချက် ရှိတယ်။ ပြီးခဲ့တဲ့ ၁၉၈၀ ကျော်လောက်ကနေ ၂၀၁၀ လောက်အထိ ကော်ပီခေတ်ပဲ။ အကုန်လုံးက ဒီကော်ပီသီချင်းတွေ ဆိုကြ တယ်။ ရုပ်ရှင်လည်း ဒီအတိုင်းပဲ၊ ထိုင်းကားတွေ့ရင် ထိုင်းကား ခိုးချတယ်၊ ကုလားကား တွေ့ရင် ကုလားကား ခိုးချတယ်၊ တရုတ်ကားတွေ့ရင် တရုတ်ကား ခိုးချတယ်။ ဒီ နှစ် ၃၀ လောက် ကာလတခုမှာ အနုပညာပုံသဏ္ဌာန် တစ်ခုကို ကျနော် မဖန်တီးနိုင်ဘူး ဆိုရင် ကျနော်တို့ လူ့အဖွဲ့အစည်း တခုခုတော့ မှားနေပြီ၊ တော်တော့ကို လွဲနေပြီ”
“အဲ့လိုမျိုး လုပ်နေရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်း ဘယ်လို သွားလုပ်မလဲ။ ဒီ အနုပညာဆိုတဲ့ သဘောတရားတွေ နောက်ကွယ်မှာ ရှိတဲ့ အယူအဆတွေ၊ အဲ့ဒါတွေ မရှိဘဲနဲ့ ကိုယ့်တိုင်းပြည်ကို ဘယ်လို တည်ဆောက်မှာလဲ ပေါ့။ ကိုယ့်ရဲ့ အနုပညာ မဖန်တီးနိုင်ဘူး ဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ကိုယ်ပိုင် ယုံကြည်ချက် အရမ်းနည်းမယ်”
“ကျွန်တော် ငယ်ငယ်လေးထဲက အနုပညာအလုပ်ပဲ လုပ်မယ်ပေါ့။ ပန်းချီဆရာလုပ်မယ်၊ ဒါမှမဟုတ် ရုပ်ပြစာအုပ်တွေ အရမ်း ခေတ်စားတော့ ရုပ်ပြရေးတဲ့သူ ဖြစ်ချင်တယ်။ ကျောင်းတတ်တဲ့ ကာလမှာရော ကျောင်းပြီးတဲ့ကာလမှာရော (ချောက်မြို့က AGTI မှာ Mechanical အင်ဂျင်နီယာသင်တန်း တက်ခဲ့တာ) အနုပညာလှုပ်ရှားမှုတွေ ရှိတာပေါ့။ (ကျောင်းပြီးတော့) စာရေးတယ်၊ ဇာတ်ညွှန်းတွေ ရေးတယ်၊ နောက် စာအုပ်ထုတ်ဝေရေးလုပ်တယ်၊ စာပေလုပ်ငန်း လုပ်တယ်၊ ရုပ်ရှင်ရိုက်တယ်၊ ရုပ်ရှင်ဇာတ်ညွှန်းရေးတယ် စသဖြင့်ပေါ့”
“အနုပညာ အသိုင်းအဝိုင်းနဲ့ ကျွန်တော်နဲ့က တလျှောက်လုံး ဆက်စပ်မှု ရှိတယ်။ ပန်းချီဆရာတွေဆိုလည်း သိတဲ့ သူတွေ များတယ်။ အဲ့ဒီတုန်းက ဒီပန်းချီဆရာ တော်တော်များများ ဘယ်လိုရပ်တည်ရလဲ ဆို စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေနဲ့ ရပ်တည်ရတာ။ ဂျာနယ်တွေ မဂ္ဂဇင်းတွေ periodical တွေ illustration ရေးပြီး ရပ်တည်ရတာ။ ပန်းချီကားကို ရောင်းပြီး ရပ်တည်နိုင်တဲ့ ပန်းချီဆရာက အဲဒီတုန်းက အင်မတန်ရှားတယ်”
“၁၉၈၀ ကျော်ကနေ ၂၀၀၀ ကျော်ထိ အဲဒီ အတိုင်းပဲ ဖြစ်နေတာပေါ့။ အဲဒီတုန်းက အရမ်းနာမည်ကြီးတဲ့ ပန်းချီဆရာဆို အများကြီး ထွက်မလာသေးဘူး”
“ပြီးတော့ အဲဒီ အချိန်တုန်းက မြန်မာ့ပန်းချီ အတော်များများဟာ ကျေးလက်ဒေသ အကြောင်း ဆွဲထားတာတို့၊ ရဟန်း သံဃာပုံတွေပါ။ ဒီအကြောင်းအရာတွေကနေ သွေဖည်ချင်တဲ့ ပန်းချီဆရာတွေ အတွက်ကတော့ အာဏာပိုင်တွေနဲ့ ရင်ဆိုင်ရပါတယ်”
“အဲဒီအချိန်တုန်းက Censorship လည်း အင်မတန့်ကို ပြင်းထန်တယ် ပြောရမယ်။ အရောင်ဆွဲတာတောင်မှ အနီရောင်များ ရင် ပြခွင့် မပြုတာတို့၊ နောက်တစ်ခါ အဝါရောင်ဆိုလို့ရှိရင် အဝါရောင် သံဃာအရေးခင်းကို ရည်ညွှန်းတယ်လို့ပြောပြီးတော့ ပိတ်တာတို့ စသဖြင့်ပေါ့။ အဲဒီ လိုဟာမျိုးတွေလည်း အများကြီး ရှိခဲ့ဖူးတယ်”
"တစ်ခါမှထောင်မကျဘူးဘူး။ ဒါပေမယ့် ကိုယ်လုပ်တဲ့လုပ်ငန်းတွေကို နှောင့်ယှက်တာကတော့ ရှိတယ်။ ဘာပဲလုပ်လုပ်"
"၈၈၊ ၈၉ မှာစာကြည့်တိုက်ဖွင့်တော့ သူတို့က detain လုပ်ချင်တယ်။ ဖွင့်တော့မပြောဘူး ဒါပေမယ့် စာကြည့်တိုက်ကို ပျက်အောင်လုပ်ချင်တဲ့သဘောပေါ့။ ထွက်ပြေးရတယ်။ အဲဒီတုန်းက အသက် ၁၈၊ ၁၉ နှစ်ပဲရှိသေးတယ်"
"စာပေဟောပြောပွဲတွေလုပ်တော့လည်း အနှောင့်အယှက်ရှိတယ်။ ၂၀၀၇ Saffron Revolution မှာလည်း အစစ်အဆေးခံခဲ့ရတယ်။ သူငယ်ချင်းတွေထဲမှာ အဖမ်းခံရသူတွေရှိတယ်။ ဒါပေမယ့် gallery နောက် တစိုက်မတ်မတ် လုပ်ပြီး အနုပညာဘက် ပိုအားသာသွားတော့ နဲနဲရပ်သွားတယ်။ အနုနိုင်ငံရေးလုပ်နေတဲ့ သဘောပါပဲ"
“ပန်းဆိုးတန်း Gallery က ကျနော်တို့ စခဲ့တဲ့အချိန်တုန်းက ဒီတိုင်းပြည်က တော်တော်များများ ပိတ်ထားတဲ့ အချိန်ပေါ့။ ပြင်ပ မိတ်ဆွေအနေနဲ့ ဝယ်တာ မရှိဘူး။ ၂၀၀၇-၂၀၀၈ က။ ဖွင့်တာကတော့ saffron revolution (ရွှေဝါရောင် တော်လှန်ရေး) ပြီးသွားမှ ဖွင့်ဖြစ်တာ။ ပြင်ဆင်နေတာက အကြာကြီးပဲ။ တကယ်ကို အင်မတန်ကြပ်နေတဲ့ အချိန်”
“ဒီတိုင်းပြည်ရဲ့ အနုပညာကို ကိုယ့်ဆီက လူတွေက ပထမဆုံး ဦးစားပေးတတ်တဲ့ အကျင့်ရအောင်လုပ်ရမယ်။ ပန်းချီပြခန်း သက်သက် မဟုတ်ဘဲနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုမျိုးစုံ လုပ်လိုက်တာပေါ့။ ကဗျာလက်ရေး ပြပွဲတွေလည်း လုပ်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြပွဲတွေလည်း လုပ်တယ်။ နောက် မြန်မာ muse မြန်မာမေဆိုပြီး မြန်မာ အမျိုးသမီးတွေ ဝတ်အစားဆင်ယင်ပုံ၊ အဲဒါမျိုးဟာလေးတွေလည်း လုပ်တယ် ဆိုတော့ နောက်ဆုံးတော့ တဖြည်းဖြည်းနဲ့ ပထမ ၁ နှစ် လောက်ကတည်းက ပွဲပေါင်း ၅၀ လောက် လုပ်လိုက်တယ်။ ဒုတိယ ၁ နှစ်လောက်လည်း ရောက်ရော ပွဲပေါင်းများစွာ လုပ်လိုက်တာပေါ့။ အဲလို လုပ်လိုက်တဲ့ အတွက် ဘာပဲပြောပြော စိတ်ဝင်စားမှု (ရှိလာတယ်)။ နောက်တခုက မီဒီယာ coverage တွေလည်း ပါတယ်”
“အဲဒီအချိန်က စလိုက်ပြီးတော့ လုပ်လိုက်တဲ့ ဟာက ဒီဘက်ကျတော့ ပန်းချီပြခန်းတွေလည်း အများကြီး ထွက်လာတယ် ပေါ့။ ကျနော်ထင်တယ် ပန်းချီပြခန်း ယဉ်ကျေးမှုလေး တစ်ခု ပုံစံပြောင်းသွားတယ် ပေါ့”
“အရင်တုန်းက ဆိုရင် အစိုးရ မကျေနပ်ရင် လမ်းပေါ်ထွက်တာပဲ ရှိမယ်။ ဆန္ဒပြတဲ့ ပုံစံနဲ့ သွားတာ ရှိတယ်။ အခုကျတော့ နောက်တဆင့်ပေါ့၊ အနုပညာကို ကြားခံထားတာ ဖြစ်တဲ့ အတွက် အနုပညာကနေ တဆင့် အဆင့်ဆင့်ပြောလို့ ရတဲ့ဟာ တွေလည်း ဖြစ်လာတော့ Gallery တစ်ခုဟာ ရိုးရိုးတန်းတန်း ပန်းချီကားတွေ အနုပညာပစ္စည်းတွေ ချိတ်ထားတာ သက်သက် မဟုတ်ဘဲနဲ့ လူတွေရဲ့ ခံစားချက်ကို ဖော်ထုတ်တဲ့ နေရာတစ်ခု ဖြစ်လာတယ် ဆိုလို့ရှိရင် ကျွန်တော်ထင်တယ် အယူအဆ သဘာအရရော၊ နောက်တစ်ခု တိုင်းပြည် အနေနဲ့ရော ဒီ ပန်းချီပြခန်းတွေက ထူးထူးခြားခြား ဖြစ်လာတယ်လို့ ပြောလို့ ရတယ်။ ဒါပြောင်းလဲသွားတာပေါ့”
“အဓိက ဖြစ်စေချင်တာက ကိုယ့်လူ့အဖွဲ့အစည်းရဲ့ ဘယ်နေရာမှာ မဆို အနုပညာ ရှိစေချင်တာ၊။ every corner in my country ပေါ့။ ကျွန်တော်တို့က အိမ်မှာ ဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာ ဖြစ်ဖြစ်၊ ဟိုတယ်မှာဖြစ်ဖြစ်၊ ဘုရား ကျောင်းကန်မှာ ဖြစ်ဖြစ် အနုပညာလက်ရာ ရှိတယ်ဆိုတာ ဖြစ်စေချင်တယ်။ ဒီခရီးကိုက အဝေးကြီးပဲ လျှောက်ရ ဦးမယ်။ အနုပညာကို ခံစားတတ်လာအောင် ပြီးရင် လူ့အဖွဲ့အစည်းတွေမှာ မြို့တွေ၊ ရွာတွေမှာ ပြတိုက်ကလေးတွေ ဖြစ်လာအောင်၊ ပြီးလို့ရှိရင် အဲ့မှာ function တွေ ဖြစ်အောင်၊ သူတို့ရဲ့ creativity အတွက် ပေါ့”
ဦးအောင်ကို သူ့အတွက် အမြတ်နိုးရဆုံးပစ္စည်းတစ်ခုကို ပြပါဆိုတော့ ဗြိတိလျှ ကိုလိုနီခေတ်အစတုန်းက ရေးထားတဲ့ ဒီပန်းချီကားကို ထုတ်ပြပါတယ်။
“သူ့ထက်သာတဲ့ ပိုပြီး အပြစ်ကင်းစင်တဲ့ ပန်းချီကားတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် ဒါက favorite ပဲ။ လူ့ အစည်းအရုံးကို ပြန်ရှာမယ် ဆိုရင် ဒါက အချိန်တစ်ချိန်ကို ကွင်းကွင်းကွက်ကွက် ပြတယ်”
“ဒီပန်းချီကားကို တွေ့တွေ့ချင်း ကျွန်တော်သဘောကျခဲ့တာ။ သူက အရမ်းကို ထူးခြားပြီး အတုမရှိ၊ အတူလည်း မရှိနိုင်တဲ့ ပန်းချီကားပါ”
“မြန်မာတစ်နိုင်ငံလုံးကို ကိုလိုနီ အုပ်ချုပ်ရေး စတင်ခဲ့တဲ့ ၁၈၉၀ ခုနှစ်တွေတုန်းက ရေးဆွဲခဲ့တာ ဖြစ်တယ်။ အုပ်ချုပ်မှု စည်းကမ်းအသစ်နဲ့ စီးပွားရေးစနစ်အသစ်တွေကို မြန်မာ ပြည်သူတွေ လိုက်လျောညီထွေအောင် ကြိုးစားနေတဲ့ အချိန်ပေါ့”
“မြန်မာပန်းချီဆရာတွေဟာ အရင်တုန်းက ပါစပက်တစ် (Perspective) လို့ ခေါ်တဲ့ အရာဝတ္ထုတွေရဲ့ နီးဝေးအမြင်ကို ပဂတိ အတိုင်း ပုံဖော် ရေးဆွဲနည်းကို မသုံးကြဘူး။ ဒီပန်းချီကားမှာလည်း ပန်းချီဆရာဟာ ဒီနည်းကို စတင်လေ့လာ နေပြီး အံဝင်ခွင်ကျ မဖြစ်သေးဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ ပန်းချီကားထဲမှာ အရာရာဟာ ထူးဆန်းနေတယ်။ ကျွန်တော် သဘောအကျဆုံးသော ပန်းချီကား တစ်ချပ်ပါ။ သူ့ထက်ပိုပြီး ပြီးပြည့်စုံ တဲ့ပန်းချီကားတွေလည်း ရှိနေနိုင်ပါတယ်။ ဒါပေမယ့် ဒီကားက ပုံပြင်တွေ ဇာတ်လမ်းတွေ အများကြီး ပြောပြနေတယ်။ အဲဒါကြောင့် ကျွန်တော်သဘောကျတာ”
“ဦးထုပ် ဆိုတာဟာ အမြော်အမြင် ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ၁၉ ရာစုနှစ်က အရာရှိတွေရဲ့ အမှတ်အသားတွေပါ။ ဒါပေမ့ယ် ဒီပန်းချီကားမှာ စိတ်ဝင်စားစရာကောင်းတာက သူက သူ့ရဲ့ဦးထုပ်ကို ဘေးမှာ ချထားတယ်။ ဒါဟာ အပန်းဖြေနေတာ၊ ရုံးချိန်ပြင်ပမှာ လို့တွေးလို့ ရပေမယ့် သူ့ရဲ့ သားမွေးဝတ်ရုံနဲ့ ခွေးဘီလူးကိုတော့ ဟန်ပြနေလေရဲ့။ အင်္ဂလိပ် အစိုးရ လက်အောက်မှာ လုပ်နေတယ် ဆိုတာကို ပြတာလည်း ဖြစ်နိုင်တယ်”
“သူ့မျက်နှာနဲ့ ခွေးလေးရဲ့ မျက်နှာတွေက အဖြူအမည်းဆိုတာ တွေ့ရတယ်။ ဒါဟာ မြန်မာပြည်မှာ အဲဒီတုန်းက အသစ် အဆန်းဖြစ်နေတဲ့ ဓာတ်ပုံပညာရဲ့ သြဇာလွှမ်းမိုးမှုကြောင့် ပါ”
“ဓာတ်ပုံတွေကို ပထမဦးဆုံး စတင်ပြသတဲ့ အချိန်တုန်းက ဆိုရင် လူတွေ တုန်လှုပ်ချောက်ချား သွားကြတယ်။ သရဲ တစ္ဆေတွေ့တယ်လို့ ထင်လို့လည်း ဖြစ်ချင်ဖြစ်မှာ ပေါ့”
“ဒီ ပန်းချီကားဟာ ဒီအမျိုးသားရဲ့ မိသားစုဝင်ဆီက ရတာပါ။ သူတို့ ဆက်လက်ပြီး မထိန်းသိမ်းနိုင်တော့လို့ ကျွန်တော့်ကို ရောင်းလိုက်တာပါ။ ကျွန်တော်ကတော့ ဒီပန်းချီကားကို သိမ်းထားတယ်”
“လူအများစုဟာ သူတို့ရဲ့ အတိတ်တွေ၊ အတွေးအခေါ်တွေ၊ သူတို့ရဲ့ဝတ်စားဆင်ရင်မှုတွေ၊ ဒါမှမဟုတ် သူတို့ရဲ့ ခံစားချက် စတာတွေကို ထိန်းသိမ်းဖို့ အလွန်အရေးကြီး ပါတယ်။ ဒါကြော့င်မို့လို့ ပြတိုက်တွေဟာ အလွန်အရေးပါ ပါတယ်။ ပြတိုက်တွေဟာ ကျွန်တော်တို့ရဲ့ လူမှုဝန်းကျင် ကွန်ရက်ထဲမှာ ရှိပါစေလို့ ကျွန်တော် တကယ် ဆုတောင်းတယ်။ လူထုကလည်း ပြတိုက်ဆိုတာဟာ အသစ်နဲ့ အဟောင်းကို ဆက်စပ်ပေးနေတဲ့၊ ရောင်ပြထင်ဟပ်ပေး နေတဲ့၊ မှန်တစ်ချပ်လို့ မြင်ပါစေလို့ ဆုတောင်းတယ်”
“တကယ့် သမိုင်းအစစ်တွေ အများစုက ပြည်သူတွေကြားမှာပဲ ရှိတာပါ”
(နိုဝင်ဘာ ၂၀၁၅ နှင့် အောက်တိုဘာ ၂၀၁၆ တွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)
r 2016)