စစ် ကဗျာဆရာ

စစ် ကဗျာဆရာ

တံတားဦး၊ မန္တလေး။

ပဋိပက္ခကြားက မွေးဖွားလာတဲ့ ဦးကိုလေး (အင်းဝဂုဏ်ရည်) ဟာ အသက် ၁၀ နှစ် မပြည့်ခင်မှာပဲ အမြောက်သံတွေကို ကောင်းကောင်း မှတ်မိနေပါပြီ။ ၁၉၄၂ မှာ အမျိုးသားရေးအဖွဲ့တွေရဲ့ အကူအညီနဲ့ ဂျပန်စစ်တပ်ဟာ ဗြိတိသျှကိုလိုနီ တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တဲ့အခါမှာ မြန်မာနိုင်ငံဟာလည်း ဒုတိယကမ္ဘာ့စစ် မီးကြီးအတွင်း ပါသွားပါတော့တယ်။ 

ငယ်ငယ်ကလေးကတည်းက ဘီ-၅၂ လေယာဉ်တွေ ခေါင်းပေါ်မှာ အော်မြည်ပျံသန်းသွားတာ၊ ဗုံးကြဲခံထားရတဲ့ မြေပြင်ပေါ်မှာ လူသေအလောင်းတွေပုံ နေတာတွေကို အခုအချိန်အထိ ကွက်ကွက်ကွင်းကွင်း အမှတ်တရ ရှိနေပါ သေးတယ်။ ဒီလို မြင်ကွင်းတွေကြောင့် အသက်ကြီးလာတဲ့ အခါမှာ သူ့ရဲ့ကဗျာတွေ၊ လှုပ်ရှားမှုတွေဟာ မြန်မာနိုင်ငံက ပြည်တွင်းစစ်ပွဲများစွာကို ချုပ်ငြိမ်းအောင် ဆန္ဒတွေ ဖော်ပြနေတာ တွေ့ရပါတယ်။ 

ဦးကိုလေးဟာ သူ့အနုပညာကို စတင်ပျိုးထောင်ပေးလိုက်တဲ့ ကျောင်းရဲ့ နံမည် “အင်းဝဂုဏ်ရည်” ဆိုတာကို ယူခဲ့ပါတယ်။  သူ့ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပွဲတွေ တက်တာတွေကြောင့် စစ်အစိုးရက အမျက်ဒေါသ ဖြစ်ပြီး သူ့ရဲ့ ကဗျာတွေကို နှစ် ၂၀ ကျော်ကြာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ 

NLD အစိုးရလက်အောက်မှာ အခုတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဝေလို့ ရပါပြီ။ သားသမီး ရ ယောက် ရှိတဲ့ အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဦးကိုလေးဟာ သူငယ်ငယ်ကလိုပဲ အားမာန်နဲ့ သတ္တိ အခုချိန်အထိ ရှိနေဆဲပါ။ 

ဦးကိုလေးရဲ့ အင်းဝဂုဏ်ရည် ပုံနှိပ်တိုက်

“တို့ဟာ တို့ဘဝကို မိုင်းအသံတွေနဲ့ စဖွင့်လိုက်တာ။ ဂျပန်ခေတ်မှာ ၆ နှစ်၊ ရ နှစ် (ရှိပြီ)။ ဂျပန်ခေတ်မှာ ၃ နှစ် ကျောင်းနေ ခဲ့ရတာ။ ၁၉၄၂ မှာ ၁၊ ၂၊ ၃၊ ၄ ရေးတတ်ပြီ။ ၁၉၄၈ မော်တာပစ်သံ၊ အီးဝိုင်သံ၊ စက်ကလေးသံ စက်ကြီးသံ၊ ပစ္စတိုသံ ရိုင်ဖယ်သံ၊ အသံတိုင်းကို ခွဲတတ်ပြီ”  

“ဂျပန့်ခေတ်မှာ လေကြောင်းဆင်းတဲ့ အခါ ကိုယ်က အိမ်အပေါ် တက်ပြေးတယ်။ လက်ထဲမှာ လုံချည်အသစ် စွပ်ကျယ်အင်္ကျီအသစ် တပတ်ရစ်” 

“B 29 ကြီး။ ကိုယ်မှတ်မိတယ်။ ဒီဒီဒီဒီနဲ့။ ဗုံးကြဲလေယာဉ်ပျံကြီး။ တစ်နေ့သားကျတော့ အဖေက မတွန့်ဘူး၊ မတွန့်တော့ ကိုယ်က ကစားနေတာ၊ ဟဲ့ကောင် B 29 လာပြီ ဆိုပြီး ဗုံးခိုကျင်းထဲဝင် ပုန်းရတာပေါ့၊ ပုန်း(ပြီး) တော့…၊ တက်ကြည့်တော့ အဖေအိပ်တဲ့ တစ်ယောက်အိပ် ကော်ဇောလေး ဒက် ဒက် ဒက် ကျည်ဆန်ရာ သုံးချက်။ သားအဖ ၂ ယောက် ခါးပြတ်ပြီး သေမှာဗျ။ သိမ်းထားတယ် (အဲဒီ) ကော်ဇော၊ အခုရှိတယ်၊ အဲဒါ ကံကောင်းလို့ မသေတာ။ ငါတို့ဟာ အဲဒီလောက် တိုက်ပွဲတွေ သေနတ်သံတွေ မိုင်းသံတွေ ကြားထဲ ကြီးခဲ့ရတဲ့ ကောင်ကွ”  

“၁၉၄၂  ဒုတိယကမ္ဘာစစ်ကြီး စတော့မယ် အလုပ်၊ အင်္ဂလိပ်တွေက အောင်မြင်စွာ ဆုတ်ခွာတယ် ဆိုပြီးတော့...၊ အင်းဝတံတားကြီး အများခေါ်တော့ စစ်ကိုင်းတံတားပေါ့၊ မှတ်မိသလောက်  ၃ နာရီနဲ့ ၁၂ မိနစ်လောက် မိုင်းနဲ့ခွဲတာ ‘အုန်း အုန်း’ နဲ့။ မိုင်းအသံကြီး နှစ်သံ ကြားရတယ်။ (အဲဒီမှာ) ဆူနာမီကို အဓိပ္ပာယ် သိတယ်။ ဒုတ္ထဝတီမြစ်က ကိုယ့်အိမ်ခေါင်းရင်း တောင်ကနေ မြောက်ကို စီးတာ။ ဧရာဝတီက အရှေ့ကနေ အနောက်။ အဲဒီမှာ ဆန်တက်လာတဲ့ လှေတွေရော၊ ငှက်တွေရော၊ ကြိုးတွေရော ပြတ်ပြီးတော့ ဆန်တက်လာတာ။ ကိုယ့်အိမ်မှာ ရှိတဲ့ မှန်တွေ အကုန်ကွဲတာ။ ဟာ ငါတို့ ဘဝက မိုင်းနဲ့ ဖွင့်တာပါလား” 

“အသက် ၅၀ ပြည့်တဲ့ နေ့။ နောက်ပြန် ကြည့်ပြီး သမင်လည်ပြန် ကြည့်ပြီး ကဗျာရေးကြည့်တာ။ နံမယ်က နှစ် ၅၀ မှတ်တိုင်များ”

၇၅ နှစ် မှတ်တိုင်များ ဆိုပြီးတော့လည်း လွန်ခဲ့တဲ့ ၅ နှစ်က ပြန်ထုတ်ခဲ့ပါတယ်။ 

 

“ဧရာဝတီမှာ

ကာနယ်စလေဒင် ၊ ဂျင်နရယ် ပရင်ဒါဂတ်စ်

ကြက်ခြေခတ် အလံ ၊ ကြွားကြွားကြီး ပျံလို့

ဆန်တက်လာတဲ့နောက် ၊ 

နှစ်ငါးဆယ်မြောက်တဲ့ခါ

ငါ လူ့ပြည်ရောက်တယ်။ 

 

ဒို့ဗမာတစ်ခွင် သခင် ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့် 

မျှို့ရတနာသဘင် အကြင် ဗြဟ္မစိုရ် ဇော်ကသိုဏ်းတွေနှင့်

ပလ္လင်ဗဟိုသော်တနှိုင်းပေပ ဇမ္ဗူ့သမိုင်း ပျော်စရာအခြေ

အိုကွယ် သခင်ကိုယ်တော်မှိုင်းရယ်လို့ လူတိုင်းခေါ်ကြစေ

မသေတဲ့ အဘိုး၊ ဘယ်တော့မှ မသေတဲ့ အဘိုး

နှိုးတော့ နိုးချိန်

ငါ အမေ့အိမ်ရောက်တယ်။ 

 

၁၉၄၂ 

စစ်

တစ် နှစ် သုံး လေး ရေးတက်ပြီ။ 

၁၉၄၈ 

မော်တာသံပစ် အီးဝိုင်သံ

စက်ကလေးသံ စက်ကြီးသံ

ပစ္စတိုသံ ရိုင်ဖယ်သံ

အသံတိုင်းကို ခွဲတတ်ပြီ။   

 

ဘုရားနား ငါးလောင်း

ချောင်းဘေး လေးလောင်း

သင်္ချိုင်းကုန်း သုံးလောင်း

အလောင်းကြည့် ကျောင်းပျက်

တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်

ကျောင်းအုပ်ကြီးရဲ့  ကြိမ်ဒဏ် 

ကျောကော့အောင် ခံခဲ့ရ

ဆရာမကလည်း 

နားရွက်ဆွဲ ထိုင် ထ တဲ့

ဪ ကာလ ကာလ။   

 

သုတ်သုတ်စား ဝါးမနေနဲ့ 

အမေရဲ့ သွန်သင်ချက် 

ဒီတစ်သက် ဖျက်မရ 

ဪ ကာလ ကာလ။ 

 

ဘုရားကြို ဘုရားကြား

ကျောင်းကြို ကျောင်းကြား

ခြံကြို ခြံကြား

ရှောင်ရှား အိပ်ခဲ့ရ 

ဪ ကာလ ကာလ။ 

 

ကျွဲညီနောင် ချွေးတပ်

အမတ် လဲဗီး

ပြူစောထီးစသော 

အတ္တောအက္ခရ သညတော

ကျောစိမ့်အောင် တောခဲ့ကြ

ဪ ကာလ ကာလ။ 

 

သားပျောက်တဲ့ မိခင်

လင်ပျောက်တဲ့ မိန်းမ

ငိုဖို့ သတိမရ

ကာမ ဓန ဘဝ

စစ်မီးထဲ ပြာကျ   

ဪ ကာလ ကာလ။ 

 

အို မွှေးပန်း ငြိမ်ချမ်း

ငြိမ်ချမ်း မွှေးပန်း 

နမ်းပါရစေ ငါ မသေခင်

မြင်ပါရစေ ငါ မသေခင် 

ကြားပါရစေ ငါ မသေခင်။ ။ 

မန္တလေးမြို့ စာသင်ကျောင်းတစ်ခုမှ စာသင်ခုံများ

“ငါတို့ လာကတည်းက political power grows from the barrel of the gun (နိုင်ငံရေးအာဏာဆိုတာ သေနတ် ပြောင်းဝကနေ လာတာ). We must support whatever the enemy opposes. We must oppose whatever the enemy supports. (ငါတို့ရန်သူဆန့်ကျင်တာတွေကို ငါတို့ကပံ့ပိုးမယ်၊ ငါတို့ရန်သူ ပံ့ပိုးသမျှကို ငါတို့ဆန့်ကျင်မယ်) ဒါတွေ လုပ်လာတာ” 

“မစု (ဒေါ်အောင်ဆန်းစုကြည်က) က non-violence အကြမ်းမဖက်ဘူး။ တို့က မကြိုက်တော့ဘူး။ သူက ထပ်ပြောတယ်၊ လာမည့် next generation ကို အမွေ မပေးခဲ့ချင်ပါဘူး တဲ့။ ဟာ ဟုတ်တယ်ကွာ၊ တို့လည်း အဲဒီကနေ အကျွတ်တရား ရသွားတယ်၊ ကြာချင်ကြာမှာပါ၊ ကျွန်မတို့ နာမှာပါ တဲ့။ အသေခံချင် ခံရမှာပဲလေ ဆိုတော့ သဘောတူတာပေါ့” 

“တို့လည်း ကံကောင်းလို့ မသေတာ။ အဲဒီတော့ ဒီနေ့အထိအောင် ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးကို တို့လောက် ရပ်ချင်တာ တို့ရှိမှာ ပေါ့” 

“(ငယ်ငယ်တုန်းက အိမ်မှာ) ရေနံဆီမီးနဲ့ ထွန်းရတယ်။ ဝင်းပေါက် ဟိုဘက်တစ်တိုင် ဒီဘက်တစ်တိုင်။ ကိုယ့်တာဝန်က ရေနံဆီ နေ့တိုင်း ဖြည့်ရတယ်။ အဖိုးက “ငါ့သားရယ် ကုသိုလ်ရတယ်ကွ။ နံပါတ်တစ်က ခရီးသွားတွေ အတွက် မြွေပါး ကင်းပါးကို ဒီအလင်းရောင်လေးက မြင်ရတယ် ကွ။ ကိုယ့်အတွက်လည်း လူဆိုးသူခိုးက ဒီအလင်းရောင်ရှိတော့ သိပ် မကပ်ရဲဘူး ကွ။ ကိုယ့်အတွက်ရော အတ္တာဟိတ ပရဟိတ နှစ်ခုစလုံး ရပါတယ်။ (ကိုယ့်အလုပ်နဲ့) အလင်းပေးချင်တယ်၊ မီဒီယာဆိုတာ အဲဒီ မီးလိုပဲ” 

“ကလေးတွေ အမွေဆက်ခံချင်တာ ကဗျာပဲလေ။ ကဗျာထဲမှာ ရသရှိတယ်၊ ရသရှိရင် တိုင်းပြည် တည်ဆောက်လို့ ရတယ်၊ လူလည်း ယဉ်ကျေးလို့ ရတယ်”

မန္တလေးတောင် နေဝင်ချိုန်

“အဖေက အင်းဝဂုဏ်ရည် ပျက်တော့ ညမှာမီးခွက်ကြီးနဲ့ ရေနံချေး မှင်ကြီးတွေက သီးလို့။ မီးခိုးကြီးတွေက အူလို့။ မဟာဇနက္က နေ့တိုင်းသူ့ကို စာဖတ်ပြရတယ်။ ထစ်နေတဲ့ နေရာတွေ ထောက်ပေးတယ်။ မဟာဇနက္က မင်းကြီး တောထွက်တော့ မိဖုရား နောက်က ကောက်ကောက်နဲ့ လိုက်လာ၊ နောက်ဆုံးပိတ်ရောက်တဲ့အခါ ဖတ်ဆို မြက်ပင်လေးဆွဲ၊ ဟောဒီမယ် မိဖုရား ဒီမြက်က ပြန်ဆက်လို့ မရတော့ဘူး၊ မင်းနဲ့ငါနဲ့လည်း ပြန်ဆက်လို့ မရတော့ဘူး၊ စိတ်လေးထားပြီး မိဖုရား နေရစ်ခဲ့တော့။ (ကိုယ်) ငိုလိုက်တာ။ ငယ်ငယ်ကစပြီး ရသခံစားတတ်တာ။ အဲဒီက အစ ပေါ့ဗျာ။ အဖေ့ကျေးဇူး မှတ်မိတယ်” 

“မှတ်မိတယ်။ အော် ကဗျာဆရာဖြစ်မယ့်ကောင် (ဆိုပြီး) အဖေကလည်း ပြုံးတယ်” 

ပညာရေးတွေ ကျဆင်းသွားတာဟာ အရင် စစ်အစိုးရလက်ထက်ကြောင့် လို့ ဦးကိုလေးက ဆိုပါတယ်။ 

“ကလေး ရ ယောက်အဖေ ကွ။ သမီး ၄ ယောက်၊ သား ၃ ယောက်။ တနေ့ သမီးကို "သမီးဖြေနိုင်လား မဖြေနိုင်ရင် ခိုးချလေ တီချာကို ငါးရာပေး တဲ့”၊ “အဖေ ပေးရမလားတဲ့”၊ “ငါ့သမီး ဖြေနိုင်လား” “ဖြေနိုင်ပါတယ်”” 

“ခိုးချဖို့ booklet လို့ခေါ်တယ်။ ဒီလို အခေါက်ခေါက်လေးတွေ၊ အဲဒါတွေ ရောင်းစားတဲ့သူ သူဌေးဖြစ်တယ်။ မန္တလေးတက္ကသိုလ်တွေ ရတနာပုံတက္ကသိုလ်တွေ အထကတွေ အားလုံးပြည့်နေတာပဲ”

“(စစ်အစိုးရက) သိတယ်။ မိန်းကို ဆွဲဖြုတ်တာ။ အဲဒါ education (ပညာ) ပဲ။ education (ပညာ) မရှိတော့ knowledge (အသိ) မရှိဘူး၊ knowledge (အသိ) မရှိတော့ reasonable (ကျိုး-ကြောင်းဆီးလျော်မှု) မဖြစ်ဘူး၊ reasonable (ကျိုး-ကြောင်း ဆီးလျော်မှု) မဖြစ်ရင် သူတို့ ပြောတာ အကုန်ယုံ။ အာဏာရှင်တွေက ပညာမတတ်အောင် လုပ်တာ ဒါပါ။ သူတို့ အုပ်ချုပ်လို့ကောင်းတယ် ပေါ့။ ဒါပဲကွ” 

“သူတို့ ဖြီးတာတွေ၊ လိမ်တာဟာ အပတ်စေ့သွားတဲ့ အခါ သူတို့ ငါးပါးမှောက်တာပဲ။ လိမ်တဲ့သူ ပြန်ပတ်တယ်။ တွေ့လား သိပ်လိမ်တာ မကောင်းဘူး။ ဒီတခု လိမ်ရင် နောက်တခုနဲ့ ထပ်ပြီး ပြန်လည်တယ်၊ အဲဒါလေးက တဖြည်းဖြည်း ပြန်ပြေ လာတဲ့ အခါ မင်းတို့ပြန်ပတ်။ လောကကြီးမှာ ရိုးသားခြင်းဟာ အကောင်းဆုံးပဲ” 

 

(စက်တင်ဘာ ၂၀၁၆ တွင်တွေ့ဆုံမေးမြန်းခဲ့ခြင်း)