စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
KA လို့အတိုကောက်ခေါ်ကြတဲ့ ကရင်နီတပ်မတော်ရဲ့စခန်းတခုမှာ ကျွန်မတည်းပြီး သတင်းယူခဲ့တုန်းက အဖြစ်အပျက်တွေကို မှတ်မှတ်ထင်ထင်ရှိတုန်းပဲ။
အဲဒီတုန်းက ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းပဲရှိသေးတော့ လူငယ်တော်တော်များများ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်မယ်ဆိုပြီး ပြင်ဆင်နေကြတဲ့ကာလပေ့ါ။ စိမ်းစိုနေတဲ့တောင်တန်းတွေကြား မှာ သဘာဝအလှတွေခံစားဖို့လည်းကျွန်မတို့ သတိမရကြပါဘူး။ လူငယ်တွေလည်း ဘောလုံးအကျီဘောင်းဘီတွေနဲ့ စစ်သင်တန်းမှာ လေ့ကျင့်နေကြသလို ကျွန်မလည်း သူတို့လေ့ကျင့်နေပုံကို မှတ်တမ်းတင်ရိုက်ကူးဖို့ အလုပ်များနေခဲ့ တယ်။
စစ်သင်တန်းဆိုလို့ ရုပ်ရှင်တွေထဲမြင်နေကျ တူညီဝတ်စုံတွေနဲ့မဟုတ်ပါဘူး။ အိမ်က ပါလာတဲ့ ကိုယ့်အဝတ်ကိုယ်ဝတ်ကြတာပါပဲ။ လေ့ကျင့်ရေးက အတော်ပြင်းထန်တယ်။ ဒီလူငယ်တွေက သူတို့အတော်ပင်ပန်းကြပုံရပေမဲ့ သူတို့မျက်နှာက စိတ်အားတက်ကြွမှုကိုတော့ ကျွန်မမြင်ရတယ်။ စစ်အာဏာရှင်ကိုပြန်တိုက်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုတွေကို ဖြတ်ကျော်နေကြတယ်။
အဲဒီစခန်းမှာ အချိန်တခုနေခဲ့တော့ သူတို့တွေအတော်များများနဲ့ ကျွန်မရင်းနှီးသွားပါတယ်။ သူတို့တွေထဲမှာ ခူးဗွီးဆိုတဲ့ ကောင်လေးလည်းပါတယ်။ ခူးဗွီးနဲ့ ကျွန်မက စခန်းကနေ စပြီးခင်မင် သိကျွမ်းခဲ့ကြတာ။ နောက်တော့ သူအွန်လိုင်းသုံးလို့ရတဲ့အခါမျိုးဆို အွန်လိုင်းမှာလည်း စကားပြောဖြစ်ခဲ့ကြတယ်။
သူက လွိုင်ကော်သား။ အာဏာမသိမ်းခင်က အထက်တန်းကျောင်းသားလေးပဲ။ ကျွန်မနဲ့တွေ့တော့ သူ့အသက်က ၂၁ နှစ်ပဲရှိသေးတယ်။ အသားညိုညို ပိန်ပိန်ပါးပါးလေးပဲ။ သူက နည်းပညာနဲ့ပတ်သတ်ပြီး အတော်စိတ် ဝင်စားတယ်။ အရင်ထဲက သူ့အိမ်နဲ့ နီးစပ်ရာတွေဆို လျှပ်စစ်နဲ့ပတ်သတ်တဲ့ကိစ္စတွေ လိုက်ကူညီပေးတယ်။ စက်တွေ ကိရိယာတွေပြင်ရတာ သူအတော်ဝါသနာပါတယ်။ မိဘတွေရဲ့တောင်ယာလုပ်ငန်းတွေမှာလည်း သူကကူညီလုပ်ကိုင် ပေးပေါ့ါ။
အာဏာသိမ်းတော့ တနိုင်ငံလုံးနည်းတူ ကျွန်မတို့ဘဝတွေပြောင်းလဲသွားတယ်။ ခူးဗွီးလည်းအတူတူပဲ။ တကယ်တော့ အာဏာမသိမ်းခင်က လွိုင်ကော်မြို့လေးက လှလှပပ အေးအေးချမ်းချမ်းလေးရှိခဲ့တာမဟုတ်လား။ စစ်ကောင်စီရဲ့ ဆိုးညစ်ယုတ်မာမှုတွေ သူ့မြို့လေးကိုရောက်လာတော့ လူငယ်ပီပီ သူတို့သူငယ်ချင်းတစု လက်နက်ကိုင်မယ်ဆိုပြီး KA ထဲဝင်လာကြတယ်။ လက်နက်ကိုင်ဖို့၊ စစ်တိုက်ဖို့ဆိုတာတွေကို အာဏာမသိမ်းခင်ကထိ တခါမှတောင်စဉ်းစားမိကြမှာ မဟုတ်ဘူး။
အခုဆို ခူးဗွီးနေခဲ့တဲ့ လွိုင်ကော်မြို့ပေါ်က အိမ်လည်းမရှိတော့ဘူး။ လွိုင်ကော်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်တွေ တိုက်ပွဲဖြစ် ကြတဲ့ကာလက သူ့အိမ်လည်းပါသွားတယ်။ အဲဒီအချိန်သူက ရဲဘော်ဖြစ် တာ ၁ နှစ်ကျော်လောက်ရှိပြီ။
“အိမ်သာကလွဲ အကုန်ပြာဖြစ်သွားတာပဲ” တဲ့ သူကပြောတယ်။ တဆင့်ကြားရတဲ့ကျွန်မတောင် အတော်လေးစိတ်ထိ ခိုက်ရတယ်။ အိမ်လေ။ အိမ်ဆိုတာ ကျွန်မတို့အားလုံးအတွက် အဆောက်အဦးတစ်ခုထက် ပိုစမြဲ မဟုတ်လား။ ဘဝတခု လုံးပဲလေ။ သူ့အိမ် ဘယ်လိုမီးလောင်သွားမှန်းတောင် သူသေချာမသိပါဘူး။ လက်နက်ကြီးကြောင့်လို့ ထင်တာပဲတဲ့။ ကျွန်မတို့ဘဝတွေပျက်စီးဆုံးရှုံးဖို့ အဲ့ဒီလောက်လွယ်ရသလားလို့ ခံပြင်းမိတယ်။
အိမ် မီးထဲပါသွားတော့ သူ့မိဘတွေသိုလှောင်စုဆောင်းထားတဲ့ ရိက္ခာတွေကော ပိုင်ဆိုင်သမျှစည်းစိမ်တွေကော တမဟုတ်ချင်းပြာဖြစ်သွားတယ်။ တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်ကြတဲ့ဒေသဖြစ်လေတော့ မြို့ကြီးတွေမှာ လိုမဟုတ်ဘူး။ တောင်ယာလေးလုပ်၊ ထွက်တဲ့ကောက်ပဲသီးနှံလေး နောက်ရာသီထပ်ပျိုးဖို့၊ မိသားစုစားသောက်ဖို့ သိုလှောင်ထားကြတယ်။ အဲဒီကမှပိုတာလေးရောင်းချပြီး အိမ်အတွက်လိုတာလေး တွေဝယ်ကြရတာ။ ခုတော့ အကုန်ဆုံးရှုံးပြီး အကုန်သဲထဲရေသွန်ဖြစ်ကြရပြီ။
နေချင်းညချင်းပဲ သူ့မိသားစုလည်း အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်။ စစ်ရှောင်စခန်းမှာသွားနေရတယ်။ အဲဒီအချိန်ကစ ခူးဗွီးတယောက် အရင်ထက်စိတ်ထိခိုက်နာကြင်ရတဲ့ကာလတွေစတယ်။ သူ့မိဘတွေက စစ်ရှောင်စခန်းမှာနေပြီး ရှိတဲ့ တောင်ယာလေးပြန်လုပ်တယ်။ ဒါပေမဲ့ အကုန်အသစ်ကပြန်စရတာပဲ။ ကျောင်းနေအရွယ်သူ့ညီမလေး ၂ ယောက်ရဲ့ ပညာရေးအတွက်လည်း ခက်ခဲသွားတယ်။ ဒီအချိန်သားကြီးဖြစ်တဲ့သူက မိသားစုရဲ့အဝေးမှာဆိုတော့ သူနာကြင်နေခဲ့ရတာကို ကျွန်မကိုပြောပြတယ်။ စနောက်ပြီး အမြဲပြုံးနေတတ်တဲ့ ခူးဗွီးက အဲဒီကာလမှာ မျက်နှာ မသာမယာနဲ့ အမြဲမှိုင်တွေနေခဲ့တာ။
“မယုံနိုင်ခဲ့ဘူးဗျာ ကျနော်ရင်ဆိုင်ဖို့ အရမ်းခက်တယ်။ ကျနော့်မိသားစုက စစ်ရှောင်ရတယ်။ ကျနော်အဲဒီအချိန်က မိသားစုရဲ့ အဝေးမှာရှိနေတော့ သူတို့ကို ကူညီနိုင်တာ ဘာမှမရှိခဲ့ဘူး” တဲ့။
ဒီကြားထဲ ကရင်နီပြည်တခုလုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်နေတော့ သူ့အိမ်ကိုဆက်သွယ်လို့က မရ။ ဘာဖြစ်နေလို့ ဖြစ်နေမှန်းမသိရ။ ဒါပေမယ့် အခက်ခဲတွေကြားကပဲ ရအောင်ဆက်သွယ်ပြီး မိသားစုတွေ အချင်းချင်း ရှိတဲ့အားအင်လေးတွေနဲ့ တဦးနဲ့တဦးအားပေးရင်း ဒီကာလကို ကျော်ဖြတ်ခဲ့ရတယ်လို့ ခူးဗွီးက ကျွန်မကို ပြောပြတယ်။ အိမ်မပြန်နိုင်တဲ့ ပြန်လို့မရတဲ့ခံစားချက် ဘယ်လောက်ဆိုးလဲဆိုတာ ကျွန်မကောင်းကောင်း ကိုယ်ချင်းစာနိုင်တယ်။
ခူးဗွီးလည်း ခုဆိုရဲဘော်ကြီးဖြစ်နေတာ ၃ နှစ်ရှိပြီပေါ့။ ရှေ့တန်းတိုက်ပွဲတွေလည်း အတော်လေးတိုက်ပြီးပြီ။ သူနဲ့ အတူရှိခဲ့တဲ့ သူငယ်ချင်းရဲဘော်တွေလည်း တယောက်ပြီးတယောက် ဆုံးပါးသွားကြပြီ။ တချို့လည်း ကိုယ်လက်အင်္ဂါ မစုံတော့ဘူး။ တကယ်တော့ ဒီအဖြစ်အပျက်တွေက ခူးဗွီးတို့လိုအရွယ်တွေအတွက် ရက်စက်လွန်း ရာကျပါတယ်။ ရှေ့တန်းတိုက်ပွဲတခါသွားတိုင်း အဲဒီနေ့ဟာ ကိုယ့်နောက်ဆုံးနေ့ပဲဖြစ်သွားမလား ကိုယ့်ဘေးက သူငယ်ချင်းကိုပဲ နောက်ဆုံးတွေ့ရမယ့်နေ့လားဆိုတဲ့ အတွေးက တွေးမိတာတောင် ရက်စက် လွန်းရာကျပါတယ်။ ကျွန်မတို့လူငယ်တွေဟာ ဝါသနာပါရာတခုခုကို ရူးရူးသွပ်သွပ်လုပ်နေရမယ့် အရွယ်တွေမှာ သတ်နေဖြတ်နေရတယ်။ ဒီအဖြစ်အပျက်တွေကို ခူးဗွီးတို့လိုအရွယ် လူငယ်လေးတွေ တကယ်ကို ရင်ဆိုင်နေကြရတယ်။
တခါက ခူးဗွီးတို့အဖွဲ့ စစ်ကောင်စီတပ်စခန်းတခုကိုသိမ်းဖို့သွားကြတယ်။ သူတို့ရောက်သွားချိန် အရင်ရှေ့က သွားတဲ့ အဖွဲ့က သူ့သူငယ်ချင်းတွေ တိုက်ပွဲကျသွားကြပြီ။ ဒီအဖြစ်အပျက်က သူ့ရဲ့ စိတ်ကို ထိတ်လန့် နေစေခဲ့ တယ်။ နောက်ပိုင်း တိုက်ပွဲတွေမှာ သူ့နားက ဖြတ်ပြေးနေတဲ့ ကျည်ဆန်တွေက သူ့အသက်ကို နုတ်ယူနိုင်တယ်ဆိုတဲ့အတွေးက သူ့စိတ်ကိုအမြဲခြောက်လန့်နေတယ်လို့ ခူးဗွီးက ကျွန်မကို ပြောတယ်။
ဒီလောက်ဆိုးဝါးလွန်းလှတဲ့အခြေအနေကြီးကနေ ခူးဗွီးတယောက်ရုန်းထွက်မလား မေးရင်လည်း သူလုံးဝစွန့်ခွာဖို့ စိတ်ကူးမရှိပါဘူး။ ဒီနိုင်ငံရေးအခြေအနေကြီးကနေ အကုန်လုံးကရုန်းထွက်ချင်နေပြီ။ ထိခိုက်မှု တွေရှိလည်းရှိပါ စေတော့ ဒီတိုက်ပွဲ တိုက်မှကိုရမယ်ဆိုတဲ့စိတ်က ခူးဗွီးကိုလွှမ်းမိုးထားတယ်။ ဒါက ခူးဗွီးတဦးပဲ အိမ် ပြန်ရမှာမဟုတ် ဘူးလေ အကုန်လုံးအိမ်ပြန်နိုင်မှာ။
ခူးဗွီးမှာ တော်လှန်ရေးပြီးရင် သူဝါသနာပါတဲ့ နည်းပညာနဲ့ပတ်သတ်တာ သင်ပြီးကိုယ်ပိုင် လုပ်ငန်းလေး လုပ်မယ်ဆိုတဲ့ အိပ်မက်လေးက ရှိနေတုန်းပဲ။ ပြာကျသွားတဲ့အိမ်လေးနေရာမှာ ပိုကောင်းတဲ့အိမ်လေးတလုံး ပြန်ဆောက်မယ် မိသား စုကိုစောင့်ရှောက်မယ်ဆိုတဲ့ အာသီသပြင်းပြနေတုန်းပဲ။
တော်လှန်ရေးက ဘယ်တော့ပြီးမလဲခူးဗွီးလည်းမသိသလို ကျွန်မလည်းမသိဘူး။ ပြီးခဲ့ရင်တော့ ခူးဗွီးအိပ်မက် တွေပြည့်မှာပဲ သူ့လိုပဲ အားလုံးရဲ့အိပ်မက်တွေလည်း ပြည့်မှာပေါ့ါ။ အားလုံးအိမ်ပြန်နိုင်ကြမှာပေါ့။ အဲဒီကျ ခူးဗွီးဆိုင်မှာ ကျွန်မ လျှပ်စစ်ပစ္စည်းတခုခုသွားပြင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောချင်ပါသေးတယ်။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။