မိရိုးဖလာ မင်္ဂလာခမ်းဝင်ပစ္စည်းများ

မိရိုးဖလာ မင်္ဂလာခမ်းဝင်ပစ္စည်းများ

ပြင်ဦးလွင်၊ မန္တလေး

ဒေါ်ကယ်မလာလာမာဟာ သူ့လက်ပေါ်က  ဓားရဲ့ အလေးချိန်ကို ကိုင်ဆကြည့်ရင်းနဲ့ ဆရာမတစ်ဦး အဖြစ် လုပ်ကိုင်လာတာ ဆယ်စုနှစ်များစွာ ကြာခဲ့လို့ အကျင့်ရနေတဲ့ နွေးထွေးတဲ့ အပြုံးနဲ့ ကျွန်မတို့ကို ဒီဓားအကြောင်း ရှင်းပြပါတယ်။

ငွေနဲ့ လုပ်ထားတဲ့ ဒီဓားမြှောင် (dagger) ဟာ လေးလံပြီး အနုစိတ်ပါတယ်။ ဆင်စွယ်နဲ့ လုပ်ထားတဲ့ လက်ကိုင်ဟာ ကွေးကောက်ပြီး သွေးလို တောက်တောက်နီနေတဲ့ အစနဲ့ ပတ်ထားပါတယ်။ တောက်ပြောင်နေတဲ့ ဓားအိမ် ပေါ်မှာ တော့ လှပတဲ့ ပုံတွေ ဖော်ထားပါတယ်။ ပန်းပွင့်တွေ၊ နွယ်ပင်တွေက အလယ်မှာ ရှိပြီး အတောင်ပံကို ဖြန့်လို့  ပျံသန်းနေပုံ ရတဲ့ လိပ်ပြာလေးကို ဝန်းရံထားပါတယ်။

ဒီ ဂေါ်ရခါးဓားမြှောင်ဟာ ပြင်ဦးလွင်မြို့ပေါ်က ဒီရပ်ကွက်ထဲမှာ ကျန်ရှိနေသေးတဲ့ တစ်ခုတည်းသော ဓားမြှောင်ပါ။ ၁၈၀၀ ခုနှစ်အတွင်းက  ဗြိတိသျှ စစ်တပ်တွေမှာ စစ်သားအဖြစ် တာဝန်ထမ်းဆောင်ဖို့ နီပေါနိုင်ငံကနေ ရောက်လာတဲ့ ဘိုးဘေးဘီဘင်တွေ ကနေ ဆင်းသက်လာတဲ့ ဒီရပ်ကွက်အသိုင်းအဝိုင်းမှာတော့ ဒီဓားမြှောင်ဟာ အလွန်အရေးပါတဲ့ အမွေအနှစ် ပါပဲ။

ဂေါ်ရခါးအသိုင်းအဝိုင်းမှာ ဒီဓားမြှောင်ဟာ အလွန်အရေးပါတဲ့ အမွေအနှစ် ပါပဲ။

“ခူးခူးရီးလို့ ခေါ်တာပေါ့ နော်။ အဖိုးလက်ထက် ကတည်းက။ အဖိုးကနေပြန် တစ်ခါ အဖေ့ကို ပေးခဲ့တာ” လို့ သူက ပြောပါတယ်။

ပင်စင်ယူလိုက်ပြီ ဖြစ်တဲ့ ဒေါ်ကယ်မလာဟာ အပျိုကြီးတစ်ဦး ဖြစ်ပေမယ့် သူသိမ်းထားတဲ့၊ အလွန် တန်ဖိုးထားရတဲ့ အမွေအနှစ်ဟာ ဒီဒေသက ဂေါ်ရခါးလူမျိုးတွေရဲ့ မင်္ဂလာဆောင် ပွဲတိုင်းမှာ အဓိက ပါဝင်ရပါတယ်။

“မင်္ဂလာဆောင် ဖြစ်တိုင်း ဖြစ်တိုင်း ဒီကနေ ငှားပြီးတော့မှ ယူသွားကြတယ်။ ဂေါ်ရခါးလူမျိုးတွေရဲ့ သတို့သားက ဒီလို ထည့်ရတယ် မဟုတ်လား” လို့  ဓားကို တမြတ်တနိုး ကိုင်တွယ်ရင်း ပြောပါတယ်။

“ဟိုတစ်ခါတုန်းက ဝယ်ချင်တဲ့ လူတွေလည်း ရှိတယ်။ ဒေါ်လာနဲ့ ဝယ်ချင်တယ် ဆိုပြီးတော့။ မရောင်းဘူး”

ဂေါ်ရခါးလူမျိုးတွေရဲ့ သတို့သားက မင်္ဂလာဆောင်ရင် ဒီဓားမြှောင်ကို လွယ်ရပါတယ်။

မန္တလေးကနေ မိုင် ၄၀ လောက် ကွာဝေးတဲ့ ပြင်ဦးလွင်ဟာ ရာသီဥတု ချမ်းမြေ့တဲ့ တောင်ပေါ်မြို့ကလေးဖြစ်ပြီး နီပေါလူလူမျိုးတွေ အများအပြား ရှိတဲ့ နေရာလို့ လူသိများပါတယ်။ များသောအားဖြင့် သူတို့တွေဟာ မြို့ပေါ်မှာ ၁၈၉၀ ခုနှစ်တွေ လောက်ကတည်းက ရှိနေတဲ့ ဂေါ်ရခါးရိုင်ဖယ်တပ် ၁၀ ကနေ ဆင်းသက် ပေါက်ဖွားလာသူတွေပါ။

“ကျွန်မတို့ အဖေကတော့ အရင်တုန်းက အင်္ဂလိပ်စစ်တပ်ထဲ ခဏဝင်လိုက်သေးတယ်။ ဦးလေးတွေ အကုန်လုံး စစ်တပ်ထဲကနေ ထွက်တဲ့ ဟာတွေပဲ။ စစ်တပ်အမျိုးတွေပဲ”

“အဖိုးအဘွားတွေ ကတော့ နီပေါ ကနေလာတာ။ ကျန်တဲ့ လူတွေ ကျတော့ ဒီမှာပဲမွေးဖွားကြတာပေါ့နော်”

ဒေါ်ကယ်မလာရဲ့ အဖိုးနဲ့ အဖွား။ ဒီဓာတ်ပုံကို ဒေါ်ကယ်မလာရဲ့ အဖေနဲ့ အကိုအကြီးဆုံးတို့ရဲ့ ဝင်ငွေနဲ့၊ ကိုယ်ပိုင်လုပ်အားနဲ့ တည်ဆောက်ထားတဲ့ လေဝင်လေထွက်ကောင်းတဲ့ တစ်ထပ်တိုင်ကလေးထဲက နံရံပေါ်မှာ တွေ့ရတာပါ။ ဒီအုတ်တွေ အနီရောင်သုတ်ပြီး သစ်သားတွေ ဘောင်ကွတ်ပြီး ဆောက်ထားတဲ့ အိမ်ကလေးမှာ အခုတော့ ဒေါ်ကယ်မလာရယ်၊ သူ့ရဲ့ အမေအိုကြီးရယ် နေကြပါတယ်။

မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ နောက်ထပ် ပစ္စည်းတစ်ခုကို သူ ထုတ်ပြပြန်ပါတယ်။ ဒါလေးကတော့ သူ့အမေ (ဘီနာဒေဝီ) နဲ့ အဖေ (ခီရှန်လားမား) တို့ရဲ့ ၁၉၄၈ ခုနှစ် ဒီဇင်ဘာ နေ့လယ်ခင်း တစ်ခုမှာ ကျင်းပတဲ့ မင်္ဂလာဆောင်ကို ဖိတ်ကြားတဲ့ ဖိတ်စာ စာရွက် အသေးလေးပါပဲ။

ဒေါ်ကယ်မလာဟာ သူ့မိဘတွေရဲ့ မင်္ဂလာခမ်းဝင် တန်းဖိုးထားရတာတွေကို သူ့တစ်သက်နီးပါး ရိုသေစွာ ကြည့်ရှု ထိန်းသိမ်း လာသူပါ။

ဒေါ်ကယ်မလာဟာ သူ့မိဘတွေရဲ့ မင်္ဂလာခမ်းဝင် တန်းဖိုးထားရတာတွေကို သူ့တစ်သက်နီးပါး ရိုသေစွာ ကြည့်ရှု ထိန်းသိမ်း လာသူပါ။

သူ့မိဘတွေဟာ ၁၉၄၈ မှာ အိမ်ထောင်ပြုခဲ့ကြပါတယ်။

“မောင်နှမ ၁၁ ယောက်။ အများကြီးပဲ။ ကျွန်မတို့က ဒီရွာမှာပဲ မွေးတာ။ ဒါက အရင်တုန်းကတော့ ရွာပေါ့နော်။ Jhillbasty (ဂျေးလ်ဗတ်စတီ) လို့ခေါ်တယ်။ များသောအားဖြင့် ဂေါ်ရခါးလူမျိုးနေတဲ့ ရွာပါပဲ”

“အရင်တုန်းကတော့ တဲလေးတွေ ပေါ့။ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ဘူး။ အခုတော့ အခြေခံ လှုမှုရေး စားဝတ်နေရေးတွေ ဘာတွေလည်း အကုန်လုံး တိုးတက်ပါတယ်”

“အမြင်တွေ ကျယ်လာတာပေါ့ နော်။ ပညာလည်း ကလေးလေးတွေကို သင်ပေးတယ်။ အရင်တုန်းက ဆိုလို့ ရှိရင် ဒီကျွန်မတို့ အမျိုးတွေ ဂေါ်ရခါးလူမျိုးမှာ ဆိုလို့ ရှိရင်လေ ပညာရေးကို သိပ်မဦးစားပေးဘူးလေ”
သူ့မိသားစုကတော့ ထူးခြားပါတယ်။

“အဖေက ကိုယ်ပိုင်ကား မောင်းတာ။ ကုန်ကားတွေ ပေါ့။ မေမြို့ (ပြင်ဦးလွင်ရဲ့ ယခင်အမည်) ကနေ မန္တလေး ကုန်ပို့တာ။ ကျွန်မ အလုပ်သွားလုပ်တဲ့ နေရာတွေ၊ အဲ့ဒီရွာတွေမှာ သွားပြီးတော့မှပေါ့ နော်။ ပြောင်းဖူးတို့ ဂျုံတို့ အဲဒီ အဓိက ထွက်သီးနှံတွေ ပေါ့။ နောက်ပြီးတော့မှ ဂျင်းတို့ မြေပဲတို့ ဘာတို့။ အဲ့ဒါတွေ အကုန်လုံး တင်ပြီးတော့မှ မန္တလေးကို သွားတာ”

“အဖေက ကားမောင်းရင်း ကျွန်မတို့ကို ပညာသင်ပေးတာ။ အဖေက နည်းနည်း ပိုက်ဆံရှာနိုင်တဲ့ အခါကျတော့ ကျွန်မတို့ (မိန်းကလေးတွေ) ကို ဒီ (St. Joseph) ကွန်ဗင့် ကျောင်းမှာ နေတာ။ ယောက်ျားလေးတွေကျတော့ St. Albert မှာ”

ဒီအချိန်တွေကို ဒေါ်ကယ်မလာဟာ နှစ်ခြိုက်စွာနဲ့ သတိတရ အောက်မေ့တတ်ပါတယ်။ အာဏာသိမ်းပြီး ဦးနေဝင်းရဲ့ စစ်အစိုးရ တက်လာတဲ့ ၁၉၆၀ နှစ်လွန် ခေတ်တွေမှာ နိုင်ငံခြားက အရှိန်အဝါတွေကို ရပ်တန့်စေပြီး တိုင်းရင်းသား ဘာသာစကားတွေကို ကျောင်းခန်းထဲ ကနေ ပိတ်ပင်ပြီးတဲ့ နောက်မှာ ပညာရေးဟာ တဖြည်းဖြည်းနဲ့ ကျဆင်း ယိုယွင်းလာ ပါတော့တယ်။

ကျောင်းစာသင်ခန်းတွေမှာလည်း ဒေါ်ကယ်မလာတို့တုန်းက တစ်ခန်းကို ကျောင်းသားဦးရေ ၂၀၊ ၃၀ ခန့်သာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အခန်းတစ်ခန်းကို ကျောင်းသား ရ၀ လောက်အထိ များပြားလာပါတယ်။ ဒါကြောင့် စာသင်ကောင်းဖို့ အတွက် ဆရာမတွေ အတွက် အတော်ကို ဖိအားပေးခံရပါတယ်။

“ခရစ်ယာန် သာသနာပြုကျောင်း တွေပေါ့ နော်။ missionary ကျောင်းတွေ။ ကျွန်မတို့ ဒုတိယတန်း ရောက်တဲ့ အခါကျတာ့ ပြည်သူပိုင်သိမ်းလိုက်တာ။ ၁၉၆၂ နောက်ပိုင်းကျတော့ အစိုးရကျောင်း ဖြစ်သွားတာ။ အစိုးရကျောင်း ဖြစ်ပေမယ့်လည်း ယောက်ျားလေးတွေ မရောသေးဘူး။ ကျွန်မတို့ ဆယ်တန်းအောင်တဲ့ အထိကို မိန်းကလေးကျောင်း ကနေ အောင်သွားလိုက်တာ” 

“နောက် ဒီပြင်ဦးလွင်ကျတော့ ဘယ်လို ဖြစ်သွားသလဲ ဆိုတော့ ကျွန်မတို့ သင်တဲ့အချိန်မှာ လူဦးရေများသွားတယ် ဆိုတာက ဘော်ဒါမြို့လို ဖြစ်သွားတာ။ ရှမ်းပြည်နယ်က လာတဲ့ ကလေးလေးတွေ မှန်သမျှ အကုန်လုံး ဒီမှာ လာနေကြ တာ”  

ပညာရေးလောကရဲ့ ဒီလို အခက်အခဲတွေကြားထဲက ဒေါ်ကယ်မလာဟာ ကိုယ်ပိုင် အလုပ် လုပ်လေ့ရှိတဲ့ မိသားစုရဲ့ ပုံစံနောက် မလိုက်ဘဲ သူ့ဘဝကို ဆရာမအလုပ်နဲ့ မြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ငယ်ငယ်ကတည်းကလေ ကိုယ်က ဟို… ဆရာလုပ်ရမှ။ ဘယ်နေရာ မဆို သူငယ်ချင်းတွေ ဆိုလို့ ရှိရင်လည်း ကိုယ်က ဦးဆောင်ရမှ။ နောက်ဆုံး ၁၀ တန်းကလည်း အောင်တဲ့ အခါကျတော့ ဪ… ကျောင်းဆရာမ လုပ်တာပဲ ကောင်းပါတယ်လေ ဆိုပြီးတော့မှ ကျောင်းဆရာမ လုပ်လိုက်တာ”  

သီရိသံဃာသင်ဃလင်းဂွမ်ဗါ တိဘက်ဗုဒ္ဓဘာသာဘုရားကျောင်း။ မြန်မာနိုင်ငံမှာ တိဘက် မဟာရဏ ကျောင်းတိုက် ၂ တိုက်ပဲ ရှိပါတယ်။ ဒီ ၁၉၃၅ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီပြင်ဦးလွင်က ကျောင်းရယ်၊ မကြာသေးမီ ကမှ မြစ်ကြီးနာမှာ ဆောက်ထားတဲ့ ကျောင်းရယ်ပါ။

တိတ်ဆိတ်ငြိမ်းချမ်းတဲ့ တိဘက်မဟာရဏ ဗုဒ္ဓဘာသာကျောင်းတိုက်ဟာ မေမြို့ရဲ့ မြို့ပြင်ရပ်ကွက်လေး တစ်ခုမှာ ရှိပါတယ်။ ဒေါ်ကယ်မလာရဲ့ အိမ်ကနေ မော်တော်ဆိုင်ကယ်နဲ့ သွားမယ် ဆိုရင် မိနစ်အနည်းငယ်ပဲ မောင်းရပါတယ်။ လမ်းကြိုလမ်းကြားတွေက ဖြတ်ပြီး မြေအမြင့်လေးပေါ်မှာ ရှိတဲ့ ဒီကျောင်းဟာ ဒေါ်ကယ်မလာရဲ့ မိသားစုနဲ့ ဆွေမျိုးတွေက နှစ်ပေါင်းများစွာ ကြီးကြပ်လာတာပါ။

ဂေါ်ရခါး အသိုင်းအဝိုင်းကို ခေတ်မီတဲ့ အတွေးအခေါ်တွေ၊ လုပ်ကိုင်မှုတွေကို ပြသတဲ့အခါမှာ အစပိုင်းတုန်းက အခက်အခဲလေးတွေ အတော်ရှိခဲ့တယ် လို့ ဒေါ်ကယ်မလာက ဆိုပါတယ်။

“အခက်ခဲကျတော့ အများကြီး ရှိတယ်။ ဒီကျွန်မတို့ရဲ့ လားမားအမျိုး အနွယ်တွေထဲမှာ ဆိုလို့ ရှိရင် မိဘတွေအနေနဲ့ သိပ်ပြီးတော့ ပညာတတ် အသိုင်းဝိုင်းတွေ လိုမျိုးတွေ မဟုတ်တဲ့အခါကျတော့ ကလေးလေးတွေကို အားလုံး ပါ၀င်အောင် ဆောင်ရွက်နိုင်ဖို့ ကျတော့ အခက်အခဲတွေ အများကြီး ရှိတာပေါ့။ ရှေးလူကြီးတွေ ဆိုတော့လေ  အမြင်မကျယ်ဘူး ပေါ့။ အခုနောက်ပိုင်းကတော့ တော်တော်လေး ကြိုးစားပြီးတော့မှ လမ်းပြခဲ့တဲ့ အတွက်ကြောင့် မို့လို့ တော်တော်လေးတော့ တိုးတက်မှုတွေ ရှိလာခဲ့ပြီ”

“ဒီဂွမ်ဗာမှာ လားမားအမျိုးအနွယ်တွေရဲ့ သားသမီးတွေကို ဆယ်တန်းအောင်တယ် ဆိုလို့ရှိရင်လည်း ပညာရေးကို အားပေးတဲ့ သဘောနဲ့ ဆုချီးမြှင့်ပွဲတွေ ဘာတွေလည်း လုပ်ပေးလိုက်တယ်။ ကျွန်မ ရောက်ပြီးမှ ဆုပေးပွဲတွေ လုပ်ပေးလိုက်တာ” 

ဒီကျောင်းဟာ ဒေါ်ကယ်မလာရဲ့ မိသားစုနဲ့ ဆွေမျိုးတွေက နှစ်ပေါင်းများစွာ ကြီးကြပ်လာတာပါ။

သူကိုယ်တိုင် အိမ်ထောင်မပြု၊ သားသမီး မရှိခဲ့ပေမယ့် ဆရာမ လုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက်မှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေရဲ့ ဘဝမှာ အရေးပါ အရာရောက်တဲ့ နေရာမှာ နေခဲ့ရပါတယ်။

“ကျွန်မ ဒီဟိုခိုရွာမှာ ပထမ ဦးဆုံး အလုပ် လုပ်တဲ့အခါကျတော့…First postings ၁၉၇၇ မှာသွားပြီး အလုပ် လုပ်လိုက်တာ။ အဲ့ဒီမှာ ရှမ်းဓနုလေးတွေ ပေါ့။ အဲဒီသူရဲ့ အမေက မုဆိုးမ အကြော်သည်၊ ကလေးက ၄ တန်းမှာ နောင်ချိုမြို့နယ် တစ်မြို့နယ်လုံးမှာ ဆုရတဲ့ အခါကျတော့ တော်တယ်။ သူ့ကို အမေက ကျောင်းမထားနိုင်ဘူး မထားနိုင်တဲ့ အခါ ဆရာမကိုယ်တိုင် မွေးစားလိုက်တယ်။ အိမ်မှာပဲ ခေါ်ပြီးတော့မှ ထားလိုက်တယ်။ ကျောင်းမှာပဲ နေရင်းနေရင်းနဲ့ ဆယ်တန်းစာမေးပွဲကို သူက သမိုင်းဂုဏ်ထူးနဲ့ အောင်သွားတယ်” လို့သူက ဂုဏ်ယူစွာနဲ့ ပြောပြ ပါတယ်။ 

"စစ်တပ်ထဲ ဝင်ပြီးတော့မှ ဗိုလ်ကြီး ဖြစ်သွားတယ်။ သူက အိမ်ထောင်တွေ ဘာတွေ ကျပြီးတော့မှ ကလေးလေးတွေ လည်း အကုန်လုံး ရပြီးတော့မှ သားသမီးတွေနဲ့ မြေးတောင်ရနေပြီ။ ဟိုခိုရွာမှာပဲ နေပြီးတော့မှ အိမ်မှာ လာပြီးတော့ ကန်တော့ ပါတယ်။ သားသမီးတွေနဲ့ အကုန်လုံး”

“ကိုယ်ကတော့ သူ့ဘဝ ကောင်းစားစေချင်လို့ သာလျှင် ကိုယ်က လုပ်ပေးလိုက်တာပါ။ မျှော်ကိုး ပြီးတော့မှတော့ ကိုယ်ရစေချင်တဲ့ ဆန္ဒတော့ မရှိပါဘူး။ ဒါပေသိ အဲဒီလိုလေး သိတတ်တဲ့ ကလေးလေးတွေ လာပြီးတော့မှ ကန်တော့လိုက်တဲ့ အခါကျတော့မှလည်း တစ်ကယ့်ကို ပီတိပေါ့ ခံစားရတယ်” 

“ပညာဒါနသဘောမျိုးပေါ့။ မရှိတဲ့ ကလေးလေးတွေ ခေါ်ပြီးတော့မှ စာသင်ပေးလိုက်တယ်။ အဆောင်လေးတွေ ဘာတွေထား”

“ဟိုတစ်လောတုန်းကပဲ US ကနေလာပြီးတော့မှ ကလေးတစ်ယောက် ကန်တော့သွားတယ်။ မိန်းမပါ ပါတယ်။ ကလေးနှစ်ယောက် ပါတယ်။ ဆရာမ ကျေးဇူး မမေ့ပါဘူးတဲ့”

“ဒီကလေးလေးတွေလေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာ မသင်ရတဲ့အခါကျတော့ သူတို့ရဲ့ဘဝကို ကြည့်ပြီးတော့မှ သနားတာလေ နော်။ ဒါဟာ ပညာ မတတ်ရင် တစ်ကယ့်ကို လူညွန့်တုံးသလို ဖြစ်သွားမှာလေနော်”

“ပညာမတတ်ဘူး ဆိုရင် မျက်စိကန်းတာတွေနဲ့ အတူတူပဲလေ နော်။ ပညာတတ်မှ ကောင်းတယ် ဆိုပြီးတော့မှ သင်ပေးလိုက်တယ်။ သားသမီးတွေ တစ်ဖွဲ့ပေါ့လေ။ ကိုယ်က ဒါကို ၀မ်းသာပိတိပေါ့ နော်”

 

(အောက်တိုဘာ ၂၀၁၆ တွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း)