မိသားစုအရေးများ

မိသားစုအရေးများ

မန္တလေး

သူ့ယောက်ျား ဖြစ်လာမယ့် အမျိုးသားနဲ့ တွေ့စအချိန်က “အေး” ဟာ မိသားစုကို ထောက်ပံ့ဖို့ ပြည့်တန်ဆာ အလုပ်ကို လုပ်နေခဲ့ရပြီး နှစ်များစွာ ကသောင်းကနင်းဘဝမှာ ကျင်လည်ခဲ့ရလို့ တည်ငြိမ်အေးချမ်းတဲ့ ဘဝကို ငတ်မွတ်နေတဲ့ အချိန်ပါ။ တည်ငြိမ် အေးချမ်းတဲ့ ဘဝကို ထူထောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်မိခဲ့တဲ့ ကာကလပေါ့။ ဒါပေမယ့် ကျွေးရတဲ့ ပါးစပ်ပေါက် တစ်ပေါက်သာ ထပ်တိုးလာပါတယ်။ ပြီးတော့ “အေး” ရှာထားတဲ့ပိုက်ဆံကိုလည်း သုံးသေးတယ်။ “အေး” ပိုက်ဆံရှာပုံ ကိုလည်း တချိန်လုံး အပြစ်ပြောခံနေခံရတယ်။

“အားကိုးရမလား ပေါ့။ သူကလည်း နားလည်ပေးနိုင်တယ် ပေါ့။ ဒါပေမယ့် ယောက်ျားက (နောက်ပိုင်းမှာ) အရမ်း နှိပ်စက်တယ်။ အရမ်း ဆိုးတယ် ပေါ့နော်။ ကျွန်တော် အလုပ် လုပ်နေလည်း ကျွန်တော့်ကို ဒါတွေနဲ့ပဲ (ဒီ အလုပ်တွေနဲ့ပဲ) ပုတ်ခတ်ပြီးတော့ ပြောတယ်။ ဒါပေမယ့် သူ ရှာကျွေးတာလား ဆိုတော့လည်း မဟုတ်ဘူး။ ကျွန်တော် ရှာကျွေးတာကိုပဲ သူ ထိုင်စားခဲ့တာပဲ” 

တဖြည်းဖြည်းနဲ့ ဆဲရေးတိုင်းထွာ စော်ကားတာကနေ အကြမ်းဖက်တာတွေ ပါလာတော့တယ်။ 

“ကျွန်တော် ငှားနေတဲ့ အိမ်မှာလည်း တက်နေတယ် ပေါ့နော်။ သူ မူးလာသမျှကိုလည်း ဒဏ်ခံရတယ်။ အဆိုးဆုံးက ကျွန်တော့် မိဘကို စော်ကားတာ။ ကျွန်တော့် အမေကို လက်သီးနဲ့ ထိုးမလို့ လုပ်တဲ့ အချိန်မှာ ကျွန်တော် ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး” 

အဲဒီ အချိန်က “အေး” အတွက် ထွက်လမ်းကို မြင်ဖို့ အတော်ခက်တဲ့ အချိန်ပေါ့။

“အေး” ရဲ့ ဘဝမှာ ဒုက္ခဆိုတာဟာ ငယ်ငယ်ကလေးကတည်းက တွေ့ကြုံခဲ့ရတာပါ။ ရုန်းလိုက်တိုင်း ပိုပိုပြီး တင်းကျပ်လာတဲ့ နွယ်ပင်တွေ ရစ်ပတ်စုဖွဲ့လာသလိုပါပဲ။ 

“အေး” ရဲ့ ဖေဖေဟာ “အေး” ငယ်ငယ်ကတည်းက မိသားစုကို ပစ်သွားခဲ့ပါတယ်။ “အေး” တို့မှာ ဘာမှ မကျန်ခဲ့ပါဘူး။ စီးပွားရေး အခြေအနေတွေ အလွန်တရာ ဆိုးရွားလာတာကြောင့် “အေး” ရဲ့ မေမေဟာ အကျိုးအမြတ် ပိုများများရတဲ့ အလုပ်အကိုင်ရဖို့ မန္တလေးမြို့ကို ပြောင်းသွားခဲ့ပါတယ်။ 

“အမေကလည်း ကျွန်တော် တို့ကို sex worker အလုပ်နဲ့ ရှာဖွေ ကျွေးမွေးခဲ့တာပဲ။ ဒီလိုမျိုးလုပ်တယ် ဆိုတာကို အမေက ဖွင့်မပြောပါဘူး။ ဒါမယ့် သားသမီးတစ်ယောက် အနေနဲ့ သိတော့သိခဲ့ပါတယ်။ အဲဒီအတွက်လည်း စိတ်မကောင်း အများကြီး ဖြစ်ခဲ့ရတယ်” 

ဒီအလုပ်ကို ရည်တိုအနေနဲ့ လုပ်ဖို့ပါပဲ။ ညမှာ ပြည့်တန်ဆာ အလုပ် လုပ်လို့ ငွေရှာပြီး နေ့ပိုင်းမှာတော့ စက်ချုပ်ပညာကို သင်ပြီး နောက်ဆုံးတော့ စက်ချုပ်ဆိုင်တစ်ဆိုင် ဖွင့်နိုင်ခဲ့ပါတယ်။ 

 သူ့အမျိုးသားက မိသားစုကိုထားသွားတဲ့နောက်မှာ "အေး" မေမေဟာ သူတို့ကို မန္တလေးကို ခေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီလိုအခြေအနေ ဒုက္ခတွေကြားမှာ “အေး” ဟာ ကျောင်းစာကို စိတ်မဝင်စားခဲ့ဘူး။ 

၁၀ တန်းကျတော့ ထပ်တက်မယ့် အစား မြန်မာနိုင်ငံမှာ ညစ်ညမ်းတယ် လို့ နာမည်ရထားတဲ့ ကာရာအိုကေ ကလပ်တွေမှာ အလုပ် စလုပ်ခဲ့ပါတယ်။ ဒီကလပ်တွေမှာ မိန်းကလေးတွေဟာ ဘီယာတွေနဲ့ ပြည့်နေတဲ့ စားပွဲတွေမှာ ပြွတ်သိပ်ထိုင်နေတဲ့ အကုန်လုံးနီးပါး ယောက်ျားတွေချည်း ရှိတဲ့ ပရိတ်သတ် အတွက် ဖျော်ဖြေပေးရတာပါ။ လာတဲ့ သူတွေထဲက တစ်ယောက်ယောက်က မိန်းကလေးတစ်ဦးကို သဘောကျပြီဆိုရင် သဒ္ဓါကြေးပေးရင်း၊ ဒါမှမဟုတ် စားပွဲထိုးကနေတဆင့် ညနေမှာ အတူအချိန်ရဖို့ ညှိနိုင်းတယ်။ 

“အခုအချိန်မှာ အရမ်းနောင်တရတာ ဘာလဲ ဆိုတော့ ကျောင်းကိုကောင်းကောင်း မတက်ခဲ့တာ။ ငါဘာလို့ ပရမ်းပတာတွေ နေခဲ့တာလဲ လို့ အရမ်း နောင်တရတယ်” လို့ ပြောပါတယ်။ 

“ကျွန်တော်က သီချင်းဆိုတာ အရမ်းဝါသနာ ပါတယ်။ ကျောင်းကပွဲတွေ ဘာတွေမှာလည်း သီချင်း ဆိုတယ်။  သီချင်းဆိုချင်တာရယ် ပိုက်ဆံရှာချင်တာရယ်။ ပထမတော့ အမေက မလုပ်စေချင်ဘူး။ သူလို ဘဝမျိုးထဲကို မရောက်စေချင်ဘူး ပေါ့နော်။ ဒါပေမယ့်  ၁၀ တန်းကလည်း ကျတယ်။ ဘာမှလည်း အလုပ် မဖြစ်ဘူး ပေါ့နော်။ အင်း စမ်းဆိုချင်လည်း ဆိုကြည့်ပါ ဆိုတဲ့ ဟာမျိုးနဲ့ ပေါ့နော်။ ဒါမျိုး လုပ်ချင်လို့ မဟုတ်ဘူး။ သီချင်းဆိုချင်ရုံ သက်သက်ပဲ ဆိုပြီးတော့ ပူဆာလို့” 

“ကျွန်တော် ပထမ ဒီ KTV မှာ စင်တင်မှာ ဆိုတုန်းက customer နဲ့ မလိုက်ပါဘူး။ စင်တင်မှာ အေးအေးဆေးဆေးပဲ ဆိုတယ်။ ဒါပေမယ့် စင်တင်ကို လာနေကျ ဧည့်သည် ပေါ့နော်၊ ကျွန်တော်နဲ့ မတိမ်းမယိမ်း ကောင်လေးတယောက်နဲ့ ကျွန်တော် သမီးရည်းစားဖြစ်တယ်။ သမီးရည်းစား ဖြစ်တဲ့ အချိန်မှာ ဆိုတော့ ကျွန်တော် သူနဲ့ ယူဖို့အထိလည်း ဆုံးဖြတ်ထားတယ် ပေါ့နော်။ သူကလည်း ယူမှာ ဆိုပြီးတော့ ပြောခဲ့တယ်။ သူ တယောက်နဲ့ပဲ ကျွန်တော် ဆက်ဆံခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ်ဝန် ရသွားခဲ့တယ်။ သူက ကျွန်တော့်ကို မယူဘူး၊ ထားသွားခဲ့တယ်”

“ကျွန်တော့် မှာ သမီးလေး တယောက် ရှိပါတယ်။ ဒီကလေး အတွက် ရပ်တည်ဖို့လည်း ရှိတယ် ပေါ့နော်” 

တကယ်တော့ မြန်မာနိုင်ငံဟာ အလွန်တရာ သဒ္ဓါတရားကြီးမားပြီး ရက်ရောတဲ့ နိုင်ငံပါ။ လူထုတာဝန်နဲ့ ရက်ရောမှုတွေဟာ များသောအားဖြင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတွေက တဆင့် အလှူအတန်းတွေ အဖြစ်နဲ့ စစ်အစိုးရ လက်ထက်မှာ ခံစားခဲ့ရတဲ့ လူမှုရေးနဲ့ စီးပွားရေး အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်အောင် တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့ပါတယ်။ တကမ္ဘာလုံးမှာ သဘောထား အကြီးဆုံး နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဟာ အညွှန်းတစ်ခုမှာ ၃ နှစ် ဆက်တိုက် ရရှိထား ပါတယ်။ 

ဒါပေမယ့် စစ်အစိုးရလက်အောက်မှာ ဆယ်စုနှစ်များစွာ ကြာလာခဲ့တာမို့ အရပ်သား အဖွဲ့အစည်းတွေဟာ ပြိုလဲသွားခဲ့ရပြီး အခက်အခဲတွေနဲ့ ကြံုတွေ့တဲ့ သူတွေ၊ အဓိကအားဖြင့် အမျိုးသမီးတွေကို ကူညီဖို့ လူမှုရေး အကာအကွယ် အလွန်ရှားပါး ခဲ့ပါတယ်။ 

မိသားစုကို လုပ်ကျွေးဖို့ ပညာလည်း မတတ်၊ သင်တန်းတွေလည်း မတက်ခဲ့ရတဲ့ “အေး” ဟာ သူ့အမေခြေရာနောက် လိုက်ရုံက လွဲလို့ တခြားဘာမှ ရွေးချယ်နိုင်တဲ့ အခွင့်အရေး မရှိဘူးလို့ တွေးထင်ခဲ့ပါတယ်။ သူ့အမေဟာ အိပ်ချ်အိုင်ဗီ ရှိနေတယ် ဆိုတာကို ကြားသိလိုက်ရတဲ့ အချိန်မှာတော့ ဘယ်လို စွန့်စားမှုမျိုးတွေကို တွေ့ကြံုရမလဲ ဆိုတာ “အေး” နားလည်လာခဲ့ပါတယ်။ 

“အရမ်းကြောက်တယ်။ လိုက်ရမှာ အရမ်းကြောက်တယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်မသိတဲ့ တစိမ်းယောက်ျားနဲ့ တညလုံး အတူတူ ရှိနေရမယ့်ဟာ ပေါ့။ ကိုယ် ဘာဖြစ်မှာလဲ...၊ ကိုယ့်ကို သတ်ပစ်လိုက်မှာလား... ပေါ့နော်။ အဲသလိုမျိုး စိုးရိမ်စိတ်တွေ အရမ်းများခဲ့တယ်”

“အဲသလိုနဲ့ နောက်ပိုင်း စင်တင်ကနေ နားပြီးတော့ KTV ဆိုဒ်ထဲကို ပြောင်းခဲ့တယ်။ KTV မှာကကျတော့ စပွန်ဆာ (ပံ့ပိုးပေးသူ) ထားလို့ရတယ် လေ။ စပွန်ဆာ ၃ ယောက်လောက် ထားခဲ့တယ်ပေါ့နော်။ အများကြီးနဲ့တော့ ကျွန်တော် မဆက်ဆံဘူး။ အများကြီးလည်း မလိုက်ဘူး။ အရမ်းကြောက်တတ်လို့။ ပြီးတော့ ညတစ်ညလုံး ခေါ်သွားမယ် ဆိုရင် တော်တော်ကြီး စဉ်းစားပြီးမှ လိုက်တယ်။ အရမ်းခက်ခဲနေတဲ့ အခြေနေမျိုးမှာပဲ လိုက်တယ်” 

“ကိုယ်လည်း ဒီရောဂါ မရအောင်လို့ ပေါ့နော်။ အကာအကွယ်တော့ သုံးတယ်။ ဒါပေမယ့် တချို့ကကျတော့လည်း အဲဒီလို အကာကွယ် မသုံးချင်တာတွေလည်း ရှိတာပေါ့နော်။ အဲ့တော့ အမြဲတမ်းပုံမှန်တော့ သွေးစစ်ဖြစ်တယ်။ အဲ့ဒါကိုတော့ သတိထားပါတယ်” 

ဆိုးရွားတဲ့ အိမ်ထောင်ရေးကနေ ထွက်ခွာဖို့ အတွက်၊ မိသားစုကို ကာကွယ်ဖို့ အတွက် သူ တိုက်ပွဲဝင်မှဖြစ်မယ်လို့ နောက်တော့ နားလည်လာပါတယ်။ 

“ဒါကြောင့်လည်း ဒီဥပဒေသင်တန်းတွေ ကျွန်တော် တက်ခဲ့တာပေါ့နော်။ တရားရုံးကနေ ကျွန်တော် ရအောင်ကွာရှင်းခဲ့တာ။ အခု ကွာရှင်းလိုက်တာ ၁ နှစ်ပေါ့နော်။ အခုချိန်ထိ လိုက်ပြီးတော့ ပြသနာရှာတုန်း ပေါ့နော်။ ဒါပေမယ့် ကျွန်တော် သူ့ကို မကြောက်ဘူး”

လူထုအခြေပြု အဖွဲ့အစည်းမှာ လုပ်ကိုင်ဖို့ လမ်းခရီးဟာ “အေး” အတွက်တော့ အကျိုးအမြတ်တွေ ရရှိခဲ့သလို စိန်ခေါ်မှု တွေလည်း အများကြီး ရှိခဲ့ပါတယ်။ သူ့ကိုယ်သူ မယုံတဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ 

အခုတော့ “အေး” ဟာ အလုပ်လည်း ရှာတွေ့ခဲ့ပြီ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း ရှိလာပါပြီ။ ပြည့်တန်ဆာတွေကို ကူညီတဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လုပ်ကိုင်ရင်းနဲ့ပေါ့။ 

“အခုလောလောဆယ်တော့ အင်ဂျီအို အဖွဲ့လေးမှာ လုပ်တယ်။ စပွန်ဆာရှိတယ် ပေါ့နော်။ သူက ထောက်ပံ့ပေးတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့နော်။ သုံးလောက်ရုံပေါ့။ သူ့မှာလည်း မိသားစုရှိတယ်လေ။ တစ်လကို ၅ သောင်း မဟုတ်ရင်လည်း ၁ သိန်းပေါ့။ အဲဒီဟာနဲ့ ကျွန်တော့်လစာနဲ့ လောက်အောင် သုံးတယ် ပေါ့နော်”

“ကိုယ့်နဲ့ ဘဝတူ သူငယ်ချင်း ဒီ sex worker ကောင်မလေးတွေ ရုံးမှာ meeting လာလာတက်တဲ့ အခါကျရင် ပြောပြတယ်။ လမ်းလျှောက်ဆင်းတဲ့ ညီမလေးတွေ ဆိုရင် သူတို့ကို ဘာမှမဟုတ်ပဲနဲ့ ရဲက ဖမ်းသွားတာတွေ ရှိတယ် ပေါ့နော်။ တော်တော်ခံရတယ်”

“အရင်တုန်းက ရဲဆိုရင် အရမ်းကြောက်တယ်။ အခုရဲစခန်းလည်း လိုက်တယ် သွားတယ်။ ဘာလို့ဖမ်းတာလဲ ဘာပုဒ်မနဲ့ ဖမ်းတာလဲ။ အဲ့လိုမျိုးပေါ့နော်” 

လူထုအခြေပြု အဖွဲ့အစည်းမှာ လုပ်ကိုင်ဖို့ လမ်းခရီးဟာ “အေး” အတွက်တော့ အကျိုးအမြတ်တွေ ရရှိခဲ့သလို စိန်ခေါ်မှု တွေလည်း အများကြီး ရှိခဲ့ပါတယ်။ သူ့ကိုယ်သူ မယုံတဲ့ စိတ်ကြောင့်လည်း ပါပါတယ်။ 

ဒါပေမယ့် ဘန်ကောက်အခြေစိုက် လိင်လုပ်သားများ အာရှပစိဖိတ်ကွန်ယက် (APNSW) မှာ အခု လုပ်နေတဲ့၊ လိင်လုပ်သား တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ ရှေ့ဆောင်လမ်းပြခဲ့သူ မကေသီဝင်းရဲ့ အကြံဉာဏ်ပေးချက်တွေပေါ်မှာ သူ အားတက်ခဲ့ပါတယ်။ 

“ကိုယ့်ရဲ့အနာဂတ်မှာ ယုံကြည်မှုတွေ ရှိလာအောင် အများကြီး ထည့်ပေးခဲ့တယ်။ စိတ်ထဲမှာ ကိုယ့်ဟာကိုယ် အရမ်း အားငယ်တယ်၊ မဖြစ်နိုင်ပါဘူး လို့ ပေါ့နော်။ အမြဲတမ်းတွေးထင်ထားခဲ့တာတွေ ဘာလို့ မဖြစ်ရမှာလဲ ဖြစ်အောင်လုပ်ရမယ် ငါတို့တောင်မှ ဒီလိုပဲ ဖြစ်အောင်လုပ်လာတာ ဆိုတဲ့ စိတ်မျိုးတွေ အများကြီး ထည့်ပေးခဲ့တယ် ပေါ့နော်။ ငါ ပညာမတတ်ဘူးလေ။ ၁၀ တန်းမှ မအောင်တာ ငါ ဘာသွားလုပ်လို့ရမှာလဲ ပေါ့နော်။ ဒါပေမယ့် အစ်မက ပြောတယ်...၊ ပညာတတ်ဖို့ မလိုဘူးတဲ့။ အခု သိခဲ့ရတဲ့ တတ်ခဲ့ရတဲ့ အတွေ့အကြံုတွေက ဘယ်မှာမှ မရှိဘူး။ ဘယ်စာအုပ်ထဲမှာမှ မရှိဘူး တဲ့။ ဒါ ဘဝနဲ့ ရင်းပြီး ရခဲ့တာ တဲ့။ အဲဒီအတွေ့အကြံုတွေကို လက်တွေ့ အသုံးချပါ တဲ့။ ပြီးတော့ နောက် ၅ နှစ်မှာ ကိုယ် ဘာဖြစ်ရမယ် ဆိုတဲ့ အရာတခုကို မွေးပါတဲ့” 

၁၀တန်းအောင်လက်မှတ်လိုမျိုး တရားဝင်ပညာရေး လတ်မှတ်တွေမရှိတာဟာ သူ့အနာဂတ်အတွက် အလုပ်အဆင်ပြေဖို့ အတားအဆီးဖြစ်နိုင်တယ်လို့ "အေး" က အလွန်စိတ်ပူနေပါတယ်။

သူ့လိုမျိုး အမျိုးသမီးလေးတွေရဲ့ ဘဝကို ကူညီလိုတဲ့ ပြင်းပြတဲ့ ဆန္ဒက “အေး” ကို တွန်းပို့နေပါတယ်။ 

“အရင်တုန်းက ကျန်းမာရေးက ဆရာမတွေလာရင် ကိုယ်က လေးလေးစားစား ဆက်ဆံရတဲ့ ဘဝကနေ အခု ကိုယ်က သွားပြီးတော့ သူတို့ကို ပညာသွားပေးတဲ့ အခါကျရင် သူတို့က ‘ဆရာမ’ ဆိုပြီးခေါ်လိုက်ရင် အရမ်းပျော်တယ်။ ဘာနဲ့မှ မလဲနိုင်ဘူး။ သူတို့ကို ဘယ်လောက်ကြီး တစ်နာရီ လောက်ကြာကြာ၊ နှစ်နာရီ လောက်ကြာကြာ သူတို့ မေးချင်တာတွေကို လိုက်ဖြေပေးနေရတာတွေကိုလည်း ပင်ပန်းတယ်လို့ မထင်ဘူး၊ မောတယ်လို့လည်း မထင်ဘူး”

“သူတို့ အတွက် လုပ်ပေးချင်တယ်။ သူတို့ အကျိုးတွေအတွက် လုပ်ပေးချင်တယ်။ ကိုယ်ပြောလိုက်လို့ သူတို့ သိသွားတယ် ဆိုရင် ပျော်တယ်”  

“ကျွန်တော် အခု ပိုက်ဆုံစုနေတယ်။ ကျွန်တော့်အမေနဲ့ ကျွန်တော့်သမီးလေးကို ကိုယ်ပိုင်အိမ်လေးနဲ့ ထားချင်တယ် ပေါ့နော်။ အိမ်ပိုင်လေးနဲ့ ထားချင်တယ်။ ကျွန်တော့် ရည်မှန်းချက်က အရမ်း မကြီးပါဘူး။ အမေ့ကို စျေးဆိုင်လေး တဆိုင် ဖွင့်ပေးချင်တယ်။ ကျွန်တော် ကတော့ ဒီ NGO လောကထဲမှာ နေရာတစ်ခု ရအောင် အလုပ် လုပ်ချင်တယ်။ အဲသလောက် ပါပဲ” 

အသက် ၆ နှစ် ရှိပြီ ဖြစ်တဲ့ သူ့သမီးရဲ့ အနာဂတ်ကောင်းအောင် လုပ်ပေးဖို့လည်း သူဆုံးဖြတ်ထားပါတယ်။ 

“ပညာတတ်  ဖြစ်စေချင်တယ်။ ကိုယ်လို မဖြစ်စေချင်ဘူး။ ဘာမှ ပြင်လို့ မရတဲ့ အချိန်မှာ အကောင်းဆုံးကိုပဲ လုပ်မယ် ပေါ့နော်” 

“သမီးလေး အတွက် ပေါ့နော်။ ဒီအလုပ်တွေ မလုပ်ချင်တော့ဘူး။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ အနာဂတ် ရှိတယ်လေ။ အမေက ကျွန်တော်တို့ကို ဒီလို လုပ်ပြီးတော့ ရှာဖွေကျွေးမွေးခဲ့တာ ဆိုပြီးတော့ အရမ်းလည်း ကျေးဇူးတင်တယ်။ နားလည်း နားလည်တယ်။ ဒါပေမယ့် ကျွန်တော့်သမီးလေးကျရင် ကျွန်တော့်ကို နားလည် မပေးနိုင်မှာ စိုးတယ် ပေါ့နော်။ ဘာလို့လဲ ဆိုတော့ သားသမီးရဲ့ အနာဂတ်မှာ အရိပ်တွေ မထင်စေချင်ဘူး” လို့ မျက်ရည်တွေ တစ်ပေါက်ပေါက်နဲ့ မျက်နှာပေါ် ကျလာပြီး ပြောပါတယ်။ 

သူ့မေမေကိုလည်း သူအိမ်ထောင် ထပ်မပြုတော့ပါဘူး လို့ သံသယပျောက်အောင် ကတိတွေစကားတွေ ပြောခဲ့ရတယ် လို့ ဆိုပါတယ်။ 

“ကျွန်တော့်မှာ အမေနဲ့ သမီးလေး ရှိရင် ရပြီ လို့။ အိမ်ထောင်ပြုဖို့ လုံးဝမစဉ်းစားဘူးလို့။ အမေ စိတ်မပူပါနဲ့လို့” 

 

(ဇန်နဝါရီ ၂၀၁၇ တွင် မေးမြန်းခဲ့ခြင်း)

* အမည်ပြောင်းထားပါတယ်။