အသံမရှိသူများအတွက် မားမားမတ်မတ်

အသံမရှိသူများအတွက် မားမားမတ်မတ်

ရန်ကုန်

အချိန်ကတော့ ၁၉၉၉ ခုနှစ်။ “ထောင်ဝင် တံခါးပေါက်မှာ ရောက်နေတယ်” လို့ စကားကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးလေး မချယ်ရီဇာဟောင်ဟာ မြန်မာနိင်ငံက အလွန်တရာမွန်းကျပ်တဲ့ စစ်အာဏာပိုင် အစိုးရရဲ့ လက်အောက်က ထွက်ပြေးပြီး နယ်စပ်ကို ရောက်နေတဲ့ အချိန်ပေါ့။ 

ချင်းပြည်နယ်ရဲ့ ရင်တစ်ထိတ်ထိတ် ခုန်စေတဲ့ မတ်စောက်တဲ့ တောင်ကြောလမ်းတွေရဲ့ဘေးမှာ ဖောက်ထားတဲ့ တောင်ကမ်းပါးတွေ ပြိုကျ ပျက်စီးနေတဲ့ လမ်းတွေပေါ်မှာ အားတင်းပြီးသွားနေတဲ့ ဂျစ်ပ်ကားကို သူတို့ဟာ နေ့ရက်များစွာ စီးနင်းရပါတယ်။ ဒါပေမယ့် ဝေးလံခေါင်ဖျားတဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို အရောက်မှာ စစ်တပ်က သူတို့စီးလာတဲ့ ကားကို ချောဆွဲလိုက်တာကြောင့် ကျန်တဲ့ ခရီးလမ်းကို တစ်ရွာတည်းက လာတဲ့ အသက်ပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူ သူတို့ရဲ့ ခြေထောက်ကို အားပြုပြီး တောင်တက်လမ်းကို မဖြစ်မနေ ဆက်လက်လျှောက်လှမ်းရပါတော့တယ်။ 

၂ ရက်ကြာ တောင်တက်လမ်းကို လမ်းလျှောက် တက်လှမ်းခဲ့ရပြီး အိန္ဒိယနယ်စပ်ကို ရောက်တဲ့ အချိန်မှာ ကြမ်းတမ်းတဲ့လမ်းမှာ လျှောက်လာရတဲ့ သူ့တို့နှစ်ဦးရဲ့ ခြေထောက်တွေဟာ ဖောင်းပွလို့။ ချက်ချင်းပဲ စစ်တပ်က လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ သူတို့ တန်းတိုးပြီး သူတို့ရဲ့ စာရွက်စာတမ်းတွေ အသိမ်းခံလိုက်ရ ပါတယ်။ 

“ညကျရင် နင်တို့ မှတ်ပုံတင်ကို ပြန်လာယူ” လို့ သူတို့က ပြောတယ်” လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်လောက်က ကြုံခဲ့ရတဲ့ ခရီးကို ပြန်လည် သတိရရင်း မချယ်ရီက ဆိုပါတယ်။ 

“ကျွန်မက အဲဒီတုန်းက အတော်ကို နုံတာ။ ‘ကျွန်မတို့ ပြန်သွားပြီး မှတ်ပုံတင်ပြန်သွားယူသင့်တယ်’ လို့ အသက်ပိုကြီးတဲ့ အမျိုးသမီးကို ကျွန်မကပြောတော့ သူက ‘မလုပ်နဲ့။ မလုပ်နဲ့။ မလုပ်နဲ့’ လို့ ပြောတယ်” 

အဲဒီ အမျိုးသမီးက အရမ်းကို ကြောက်လန့်ပြီး အိန္ဒိယဘက်က အနီးအနားက စခန်းချရာ တစ်နေရာမှာ ပုန်းဖို့ အတင်း ပြောတယ်။ ဒီစခန်းမှာ ယာယီတဲလေးတွေဟာ တောင်စောင်းကို ကြောက်ကြောက်လန့်လန့်နဲ့ မှီတွဲ နေကြတာပေါ့။ 

“စစ်တပ်က (ညကျတော့) ဒီဘက်အထိ လာပြီး ကျွန်မတို့ကို လာရှာတယ်။ “မိန်းကလေး ၂ ယောက်ကို ရှာနေတာ။ သူတို့ မှတ်ပုံတင်တွေ ငါတို့ဆီမှာရှိတယ်” လို့ ပြောနေတာ ကျွန်မတို့ ကြားနေရတယ်။ အဲဒီအမျိုးသမီးက အရမ်းကို ခြောက်ခြားပြီး ‘တိတ်တိတ်နေ။ တိတ်တိတ်နေ။ ငါတို့ကိုမမြင်စေနဲ့’ လို့ ပြောတယ်။ သူဘာလို့ အဲဒီလောက် ကြောက်နေမှန်း ကျွန်မ တွေးလို့ မရဘူး” လို့ သူတို့ ဘယ်လောက်တောင် အန္တရာယ်နီးနေလဲ ဆိုတာကို မသိတဲ့ သူငယ်ငယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို တွေးရင်း တအံ့တကြနဲ့ ဆိုပါတယ်။ 

အမျိုးသမီး ၂ ဦးဟာ စစ်သားတွေကို ရှောင်ပြီး အာရုဏ် မတက်ခင်မှာ ခရီးဆက်နိုင်ခဲ့ပါတယ်။ 

နှစ်တွေ ကျော်လွန်သွားတော့မှသာ အဲဒီအမျိုးသမီးရဲ့ ကြောက်ရွန့်စိတ်ကို မချယ်ရီ နားလည်လာတတ်တာပါ။ 

“ပထမဦးဆုံးအချိန် မုဒိမ်းကျင့်ခံရတဲ့ သူတွေနဲ့ တွေ့တာက ၂၀၀၃ မှာ” လို့ သူက ပြောပါတယ်။ 

အဲဒီ အချိန်မှာတော့ မချယ်ရီဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း မီဇိုရမ်တိုင်းက ချင်းဋ္ဌာနေ အမျိုးသမီးများအဖွဲ့မှာ ဒုက္ခသည် အခွင့်အရေး စည်းရုံးလှုံ့ဆော်သူ အဖြစ် အလုပ်လုပ်နေပါပြီ။ 

သူ့ရုံးကို ရောက်လာတဲ့ ချင်းအမျိုးသမီး ၂ ဦးဆီက အသေးစိတ်ကြားခဲ့ရတဲ့ မြန်မာစစ်သားတွေရဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ အကြောင်း ပြောပြပါတယ်။ 

“ကျွန်မ တော်တော်ကြီးကို တုန်လှုပ်သွားတာပါ။ ကျွန်မတို့ ၃ ယောက်စလုံး ငိုလည်းငို၊ လူတွေကလည်း လှုပ်ခါနေတာ။ သူတို့က မကြာခင်ကပဲ လွတ်လာတာ။ သူတို့ ဒီအကြောင်းကို ပထမဆုံးပြောပြတာ ကျွန်မကို။ ကျွန်မကလည်း အတော်ငယ်သေးတယ်” လို့ သူက ပြောပါတယ်။ 

ဒီအမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေဟာ အစပဲ ရှိပါသေးတယ်။ 

တက်တက်ကြွကြွနဲ့ စကားပြောကောင်းတဲ့ မချယ်ရီဟာ သူ့ရဲ့အမှတ်တရတွေကို သတိရလာတာနဲ့ အမျှ စကားကို စိတ်ပါလက်ပါပြောပါတယ်။  

“အဲဒီ နောက်ပိုင်းမှာ လူတွေ လာလာပြီး မုဒိမ်းကိစ္စ၊ လိင်ကိစ္စ အကြမ်းဖက်ခံရတာတွေ တိုင်တော့မှ ‘ဘုရားရေ၊ စစ်တပ်က အမျိုးသမီးတွေကို တစ်ကယ် မုဒိမ်းကျင့်နိုင်ပါလား’ လို့ တွေးမိတယ်” 

ဒီအမျိုးသမီး မုဒိမ်းကိစ္စ အများအပြားဟာ စစ်ဆေးရေးဂိတ်မှာ စစ်တပ်က ရပ်တားခံရပြီးမှ အကျင့်ခံရတာ ဖြစ်တာကို သိပြီးတော့မှ ဟိုးအရင်နှစ်တုန်းက နယ်စပ်မှာ စစ်သားတွေဆီက ပုန်းရင်း သူနဲ့ အတူပါလာတဲ့ အမျိုးသမီး ခြောက်ခြားရတဲ့ အကြောင်းအရင်းကို သူ နားလည်လာ ပါတယ်။ 

“အဲဒီညက ကျွန်မသာ အစ်မကြီး တစ်ယောက်နဲ့ အတူတူ မဟုတ်ဘူး ဆိုရင်၊ ကျွန်မ ဒါမှမဟုတ် ကျွန်မတို့အပေါ် ဆိုးဆိုးရွားရွား တစ်ခု ဖြစ်ရင်ဖြစ်သွားမှာ” 

အဲဒီလို ဘဝ အဖြစ်အပျက်တွေ အများကြီးကို ကြားပြီးတဲ့ နောက်ပိုင်းမှာ မချယ်ရီဟာ ဒီအကြောင်းကိုလေ့လာဖို့ သုတေသန လုပ်ငန်းစတင်ခဲ့ပါတယ်။ အဲဒီ အတွက် အနာဂတ်မှာ သူဟာ မြန်မာနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲခံခဲ့ရပါတယ်။ 

မချယ်ရီဟာ အိန္ဒိယနယ်စပ်ကို ဂျစ်ပ်ကားနဲ့ နေ့ရက်များစွာ သွားပြီး ဝေးလံခေါင်ဖျားတဲ့ စစ်ဆေးရေးဂိတ် တစ်ခုကို အရောက်မှာ သူတို့စီးလာတဲ့ ကားကို ချောဆွဲလိုက်တာကြောင့် ကျန်တဲ့ ခရီးလမ်းကို ခြေထောက်ကို အားပြုပြီး ဆက်လက်လျှောက်လှမ်းရပါတော့တယ်။

ချင်းပြည်နယ်ကို ဝိုင်းယံနေတဲ့ မြင့်မားတဲ့တောင်တွေရဲ့ခြေထောက်က ကျေးရွာကလေးတစ်ရွာမှာ ကြီးပြင်းလာရတဲ့ မချယ်ရီဟာ မြန်မာနိုင်ငံကို ၁၉၆၂ အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်ခဲ့တဲ့ တပ်မတော်လို့ခေါ်တဲ့ ဗမာ့စစ်တပ်ကို တွေ့ဖူး ကြုံဖူးတဲ့ အတွေ့အကြုံအရ အယုံအကြည် မရှိခဲ့ပါဘူး။ 

“ကျွန်မ အဖိုးက ရွာသူကြီး ဆိုတော့ စစ်တပ် ဘယ်လောက်ဆိုးသလဲ ဆိုတာကို ကျွန်မ မြင်ပြီး ကြီးလာတာ။ ဘာလို့လဲ ဆိုတော့ သူတို့က အိမ်ကို အမြဲလာပြီး အစားအသောက် လာတောင်းတယ်၊ အခွန်လာကောက်တယ်” လို့ ဆိုပါတယ်။ သူ့အဖိုးက ပိုက်ဆံ ၅ သောင်း တောင်းတာကို ၁ သောင်း အထိလျှော့ပေးအောင် စစ်သားတွေနဲ့ ညှိနှိုင်းတာတွေကို သူ မှတ်မိနေပါတယ်။ 

“ကလေးငယ်ငယ်ကလေး အဖြစ်နဲ့ ကျွန်မအဲဒါတွေကို မှတ်မိတယ်။ ပြီးတော့ ရယ်စရာကောင်းတာက ကျွန်မတို့အဖွားက စစ်သားတွေ လာတာကြားတာနဲ့ သူ့ကြက်တွေကို ဖွက်သိမ်းတော့တာ။ ဘာလို့လဲ ဆိုတော့ စစ်သားတွေက ကြက်တွေကို စားတတ်လို့” လို့ ရယ်ရယ်မောမောနဲ့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အပြုံးက မကြာခင်မှာပဲ ပျောက်ကွယ်သွားပါတယ်။ 

“ကျွန်မတို့ မျိုးဆက်က အတော်ကို မည်းမှောင်တဲ့ အမှတ်သညာတွေနဲ့ ကြီးပြင်းလာတယ် လို့ ကျွန်မ ထင်တယ်” 

“ကျွန်မ အသက် ၁၁ နှစ်လောက်မှာ ရွာကို ပြန်လာတော့ ယောက်ျားလေးတွေ − ကျွန်မတို့ မိသားစုက ဦးလေးတွေ၊ အကုန်လုံး အပါအဝင် − မရှိတော့ဘူး။ ကျွန်မက မေးတယ် ‘ဘာလို့ရွာမှာ မိန်းမတွေချည်းပဲ ကျန်ခဲ့တာလဲ။ ယောကျာ်းလေးတွေ၊ အမျိုးသားတွေ ဘယ်ရောက်သွားပြီလဲ’ လို့” 

“အကုန်လုံးက ပေါ်တာ ဆွဲခံသွားရတာ” 

ချင်းတောင်တန်းတွေရဲ့ တောင်ခြေနားက ကလေးမြို့အနီက ရွာကလေးတစ်ရွာမှာ သူကြီးပြင်းလာခဲ့ပါတယ်။

မချယ်ရီရဲ့ အဖေဟာ ကျောင်းဆရာ တစ်ယောက် ဖြစ်ပေမယ့် သူ့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ချင်းနိုင်ငံမှာထက် ပိုပြီး ဝင်ငွေကောင်းအောင် အတွက် မချယ်ရီ ငယ်ငယ်ကလေးမှာပဲ အိန္ဒိယကို ထွက်သွားခဲ့ပါတယ်။ ချင်းပြည်နယ်ဟာ စစ်အစိုးရ လက်အောက်မှာ စီးပွားရေး ဆုံးရှုံးကျဆင်း ခဲ့ရတဲ့ မြန်မာနိုင်ငံထဲမှာ အဆင်းရဲဆုံး ပြည်နယ် တစ်ခုပါ။ မြန်မာပြည်မှာ ကျောင်းဆက်တက်ဖို့ မချယ်ရီဟာ အစပထမတော့ အမျိုးတွေနဲ့ နေပြီး နောက်တော့ ဘော်ဒါဆောင်မှာ နေခဲ့ပါတယ်။

“စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ ရွာထဲမှာ ဖိနှိပ်ချက်တွေကို တွေ့ခဲ့ရတဲ့အတွက် အထက်တန်းကျောင်းမှာ ကျွန်မက မေးခွန်းတွေ အရမ်းမေးတယ်” လို့ သူက ပြောပါတယ်။ 

တိတ်ဆိတ်ပြီး လိုက်နာတာကို အားပေးပြီး မေးခွန်းထုတ်တာကို မကြိုက်တဲ့ ကျောင်းစနစ်မှာ ဒီလို အမေးအမြန်း လုပ်တတ်တဲ့ မချယ်ရီကို သူ့ရဲ့ဆရာ၊ဆရာမတွေက မနှစ်သက်ကြပါဘူး။ 

ပိုဆိုးတာက ကျောင်းသင်ရိုး မာတိကာဟာ လူများစု ဗမာလူမျိုးတွေဟာ ထင်ရာစိုင်းတတ်တဲ့ တိုင်းရင်းသားညီငယ်၊ ညီမငယ်တွေကို တညီတညွတ်တည်း ဖြစ်အောင်ကြိုးစားနေရရှာတဲ့ ညင်သာပျော့ပျောင်းတဲ့ အစ်ကိုကြီးတစ်ယောက် ဆိုတဲ့ အမျိုးသားရေး စိတ်ပြင်းထန်တဲ့ ပုံစုံကျတွေကို အားဖြည့်အောင် ရေးသားထားတာပါပဲ။ 

“ချင်းလူမျိုးတွေ အကြောင်းကို ကျွန်မတို့ ဘယ်တော့မှ မသင်ရဘူး။ ကျွန်မတို့ ဘယ်သူတွေလည်းဆိုတာကို မှတ်တမ်းတင် ထားတာမရှိဘူး။ ကျွန်မတို့က နိုင်ငံထဲမှာ တစိတ်တပိုင်းပါရှိမနေပဲ ဂြိုဟ်သားတွေ။ (ချင်းတွေအကြောင်း) သင်ရရင်လည်း မကောင်းတဲ့ ဘက်ကို နွယ်နေတယ်” 

“ပထဝီသင်ခန်းစာကို မှတ်မိတယ်။ စာပုဒ် တစ်ပုဒ်မှာ ချင်းပြည်နယ်ဆိုတာက တိုးတက်မှု အနည်းဆုံးပဲ၊ ခေတ်နောက် အကျဆုံးပဲ။ လူတွေက အဝတ်အစားဘယ်လို ဝတ်ရမလဲ ဆိုတာ မသိဘူးတဲ့” လို့ သူ ဖတ်ရကြောင်း ဆိုပါတယ်။ ဒါတွေဟာ ချင်းလူမျိုးဟာ “အောက်ကျ နောက်ကျ ဖြစ်နေတယ်” ဆိုတဲ့ အတွေးတွေ ဝင်စေခဲ့ပါတယ်။ 

“ခေတ်နောက်ကျတယ်ဆိုဟာ ဗမာစကားနဲ့ဆို အတော်ပြင်းထန်တယ်။ ရှမ်းတွေက ဘိန်းစိုက်သမားတွေ ဆိုတော့ သူတို့က လူဆိုးတွေ။ ကချင်နဲ့ ကရင်တွေကတော့ သူပုန်တွေ။ ပြည်ထောင်စုကို ဖြိုခွဲချင် တယ်။ ကလေး ငယ်ငယ်လေးတွေကို ဒီလို စကားမျိုးပေးတာ။ ဘယ်လိုမှ မတရားဘူး” လို့ဆိုပါတယ်။ 

မြန်မာနိုင်ငံက သမိုင်း သင်ရိုး အတော်များများဟာ ဗမာဘုရင်တွေရဲ့ အောင်မြင်မှုတွေနဲ့ စွန့်စားတာတွေကို အာရုံစိုက် ပါတယ်။ အဓိကအားဖြင့် စစ်အစိုးရက သူတို့ရဲ့ ခေတ်ပြိုင်စွန့်စားမှုတွေနဲ့ ဆွဲပြီး ယှဉ်နှိုင်းလို့ရတဲ့ သွေးထွက်သံယိုနဲ့ ပြည်သူတွေကို ဖိနှိပ်တဲ့ စိုးစံမှုတွေကို ပေါ့။ 

“သူတို့ဘယ်လို စစ်နိုင်တယ်။ သူတို့ဘယ်လို သတ်တယ်ဖြတ်တယ်။ ဘယ်လို လူတွေကို ရက်စက်စွာ သတ်တယ်။ ကြမ်းတမ်းတဲ့ စက်ဝိုင်းပေါ့” လို့ မချယ်ရီက ပြောတယ်။ 

“တပ်မတော်က ကြမ်းတမ်းတာက အိုကေတယ်။ ဘာလို့လဲ ဆိုတော့ တိုင်းပြည်ကို တည်ဆောက်တာ ဒီလို ကြမ်းတမ်းခဲ့လို့။ ကြောက်ဖို့ကောင်းတယ်။ ကျောင်းစာအုပ်က အစ။ ယဉ်ကျေးမှု ပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး သမိုင်းကောင်းစာပေတွေရှိတယ်။ ဒါကကောင်းတယ်။ ဒါပေမယ့် ကျောင်းစာအုပ်တွေထဲက အများအပြားက ကြမ်းတမ်းတဲ့ ပုံပြင်တွေ” 

“အဲဒါတွေဟာ အခု အချိန်အထိ ရောင်ပြန်ဟပ်နေတုန်းပဲ။ ရန်သူဆိုရင် ချေမှုန်းရမယ် ဆိုတဲ့ အတွေးက သူတို့ဆီမှာ အလိုအလျောက်ရှိနေတယ်။ အဲဒီသင်ခန်းစာတွေကို ကျွန်မက မကြိုက်ဘူး” 

စက်မှုတက္ကသိုလ် တက်ဖို့ အမှတ်မမီတဲ့ နောက် − အမျိုးသားတစ်ဦးသာ ဖြစ်ခဲ့ရင် မချယ်ရီက အသာလေး ဒီကျောင်းကို ဝင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ အတွက် အမှတ်ဖြတ်တာ ပိုမြင့်ပါတယ်။ သူ အိန္ဒိယကို ထွက်လာခဲ့ပါတယ်။ အဲဒီမှာ ကျောင်းတွေက အင်္ဂလိပ်လိုသင်တော့ သူ့မှာ သွားလေရာ အဘိဓာန်ကို သယ်ခဲ့ရတယ်။ 

ဒေသခံ မီဇိုလူမျိုးတွေနဲ့ အသစ်ရောက်လာတဲ့ ချင်းလူမျိုးတွေဟာ ဘာသာရေးနဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အတူတူဖြစ် ပေမယ့် မြန်မာနိုင်ငံကနေ ဒုက္ခသည်တွေ အများကြီးရောက်လာတဲ့အတွက် မကျေနပ်မှုတွေ ပိုပြီးများပြားလာပါတယ်။ 

ဒီ မကျေနပ်မှုတွေကို မချယ်ရီဟာ ကျောင်းခန်းထဲမှာ စပြီးတွေ့ကြုံခဲ့ရပါတယ်။ “ကျွန်မကို ‘ငါးပိ’ လို့ အမြဲခေါ်ခံရတယ်။ ငါးနံ့ နံလို့ဆိုပြီးတော့ပေါ့”

ဒီအမျက်ဟာ ၂၀၀၃ မှာ ပေါက်ကွဲပါတော့တယ်။ ချင်းလူမျိုး ၂ သောင်းကျော်ဟာ ချင်းပြည်နယ်ထဲကို ပြန်ပြီး ထွက်ပြေး ကြရပြန်ပါတယ်။ 

“ချင်း အမျိုးသမီးတွေနဲ့ ကလေးတွေ အများကြီးပဲ၊ ကျွန်မတို့ ရုံးကို ရောက်လာကြတယ်။ ဘယ်သွားရမလဲ၊ သူတို့မသိဘူး။ တချို့တွေက စစ်တပ်နဲ့ ပြဿနာရှိတယ်။ ပေါ်တာဆွဲ ခံရတာကနေ ထွက်ပြေးလာတာတို့၊ အနှိပ်အစက်ခံရတာတို့။ သူတို့ တွေက ပြန်မသွားချင်ကြဘူး” 

ဒေသခံ စာနယ်ဇင်းတွေကလည်း ဆင်းရဲတဲ့ ချင်းဒုက္ခသည်တွေကို မူးယစ်ဆေးဝါး မှောင်ခိုကူးတာ အပြင် အခြား လူမှုရေး ပြဿာနာတွေပေါ်အောင် လုပ်တယ် လို့ စွပ်စွဲကြပါတယ်။ 

“မြို့ထဲက ရပ်ကွက်တိုင်းမှာ လော်စပီကာတွေနဲ့ ကြေညာကြတယ်။ “ဒီမှာ ချင်းတွေ မရှိနဲ့။ ငါတို့ တွေ့ရင် မင်းတို့ အသက်ကို မင်းတို့ တာဝန်ယူ” ဆိုပြီး ကြေညာခဲ့လို့ သူကိုယ်တိုင် ၄ လ ပုန်းခိုခဲ့ရတယ် ဆိုတာ မချယ်ရီက မှတ်မိနေပါတယ်။ 

ဒီလို သဘောထားတွေဟာ အဲဒီတုန်းကနဲ့ စာရင် ပိုပြီး ပျော့ပျောင်းလာပေမယ့် အဲဒီအချိန်တုန်းက အခြေအနေကို အခု အချိန်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူစလင်တွေကို အမျက်ထွက်တာနဲ့ မချယ်ရီက နှိုင်းယှဉ်ပြပါတယ်။ လူတွေဟာ “အရမ်းကို ကျဉ်းမြောင်းတဲ့ လူမျိုးရေးအတွေးအမြင်” တွေရှိတယ် လို့ ဆိုပါတယ်။ *

စစ်တပ်က မတရားပြုတာတွေ ကြားရတာများလာတော့ မချယ်ရီဟာ ဒီအကြောင်းကိုလေ့လာဖို့ သုတေသန လုပ်ငန်းစတင်ခဲ့ပါတယ်။ အဲဒီ အတွက် အနာဂတ်မှာ သူဟာ မြန်မာနိုင်ငံရဲ့ ရန်သူလို့ စွပ်စွဲခံခဲ့ရပါတယ်။

ချင်းပြည်နယ်မှာတော့ ထွန့်ထွန့်လူးခံစားရတဲ့ လူမှုရေး ချိုးဖောက်မှုတွေ အများအပြားက ဆက်လက်ပြီး ဖြစ်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်လောက်မှာ အလွန်တရာကို ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်တဲ့ စစ်တပ်ရဲ့ မုဒိမ်းမှုတွေကို မှတ်တမ်းတင်ဖို့ မချယ်ရီရဲ့ အဖွဲ့အစည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

သုတေသီတွေဟာ သူတို့ရဲ့ လွတ်လပ်ရေးတင်မကပဲ အသက်ကိုပါ စွန့်စားပြီး နယ်စပ်ကနေ ခိုးဝင်လို့ ရွာတစ်ရွာကနေ တစ်ရွာ ခြေလျင်လမ်းလျှောက်ပြီး သွားလာမှတ်တမ်းတင်ခဲ့ကြပါတယ်။ 

“ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အရမ်းကို စိတ်ပူခဲ့တာ။ သူတို့ရဲ့ မှတ်ချက်စာအုပ် ဒါမှမဟုတ် အသံသွင်းစက်နဲ့သာ ဖမ်းခံမိလို့ ကတော့ သူတို့ အတွက်သွားပြီ။ ဘဝတွေက ပြီးဆုံးသွားပြီ။ ဆိုတော့ အရမ်းကို ခက်ခဲတာ။ ပြီးတော့ ဒီ အကြောင်းအရာ အပြည့်အစုံကို ကျွန်မက စာရိုက် တည်းဖြတ်ပြီးတဲ့ အချိန်ကျရင်လည်း ကျွန်မ အရမ်းအရမ်းကို စိတ်ဓာတ်ကျတယ်” 

အဲဒီ မှတ်တမ်းကို ၂၀၀၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အခါမှာ အိန္ဒိယနိုင်ငံက စာနယ်ဇင်းအများအပြားက ဒီသတင်းကို ရေးသားခဲ့ကြပြီး မြန်မာ့စစ်အစိုးရကိုတောင် ရိုက်ခတ်စေခဲ့ပါတယ်။ 

အစိုးရသတင်းစာ ဖြစ်တဲ့ နယူးလိုက်အော့်ဖ်မြန်မာ ထဲက သတင်းတစ်ခုကဆို မချယ်ရီကို “မြန်မာနိုင်ငံရဲ့ ညီညွတ်မှုကို ပြိုကွဲအောင်ကြိုးစားနေသူ” လို့ စွပ်စွဲခဲ့ပါတယ်။ 

သူ မှတ်တမ်းတင်ခဲ့တဲ့ အကြောင်းအရာတွေကြောင့် စိတ်ဒဏ်ရာလည်းရ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ ဖိအားပေးမှုကို လည်းခံရတာမို့ မချယ်ရီဟာ ထိုင်းနိုင်ငံကို ပြောင်းလာခဲ့ပါတယ်။ အဲဒီမှာ သူ ကျောင်းလည်းတက်၊ ပြည်ပရောက်မြန်မာအဖွဲ့အစည်းတွေမှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ 

စာရွက်စာတမ်းတွေ မရှိတော့တဲ့ အတွက် မချယ်ရီဟာ သူ့လို အခြေအနေ ရောက်နေတဲ့ ချင်းဒုက္ခသည် အများအပြားလိုပဲ ပတ်စပို့ အတုနဲ့ သွားလာခဲ့ရပါတယ်။ 

“နံမယ်အတု၊ မှတ်ပုံတင်အတု။ အဲဒါတွေက အရမ်းများတာ” 

၂၀၁၂ မှာ မြန်မာနိင်ငံ ပွင့်လင်းလာချိန်မှာ မချယ်ရီဟာ သူ့မွေးမြေကို ပြန်လာခဲ့ပါတယ်။

ချင်းအမျိုးသမီးတွေ အတွက် စစ်တပ်ရဲ့ လိင်ရေးအကြမ်းဖက်မှု ဘေးအန္တရာယ် ဟာ ဒီနှစ်ပိုင်းတွေမှာ လျော့နည်းလာပါပြီ။ ဒါပေမယ့် မချယ်ရီ အတွက် ကတော့ ဒါဟာ စိတ်သက်သာမှု မရစေသေးပါဘူး။ ဖိနှိပ်မှုတွေဟာ စစ်သားတွေစုရုံးနေတဲ့ အခြား တနေရာကိုသာ ပြောင်းသွားတာပါ လို့ သူက ပြောပါတယ်။ 

“စစ်တပ် အင်အားတွေ များနေတဲ့အခါမှာ အမျိုးသမီးတွေ အတွက် ဘယ်လိုမှ အန္တရာယ် မကင်းနိုင်ပါဘူး” လို့ သူက ဆိုပါတယ်။ 

“စစ်တပ်ရဲ့ အတွေးအခေါ်တွေက ဘယ်လိုလဲ ဆိုတာကို တူးဖော်ဖို့က အလွန်တရာကို ခက်ခဲပါတယ်။ ဘာလို့လဲ ဆိုတော့ စစ်တပ်ဟာ တံခါးပိတ်ထားတဲ့ အဖွဲ့အစည်းတစ်ခု မို့လို့ပါဘဲ။ ဒါပေမယ့် ပြည်သူတွေ အမြင်ကတော့ သူတို့ဟာ သာမာန် အရပ်သားတွေ၊ အဓိကအားဖြင့် နယ်စပ်မှာ ရှိတဲ့၊ လူနေမှုအသိုင်းအဝိုင်းတွေကို လေးစားမှု နည်းနည်းလေးပဲ ရှိတယ် ဆိုတာပါပဲ” 

နွမ်းပါးပြီး ဘေးဖယ်ခံထားရတဲ့ လူနေမှု အသိုင်းအဝိုင်းက အမျိုးသမီးတွေဟာ အခုအချိန်အထိ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရဆဲ ပါပဲ လို့ ဆိုပါတယ်။ 

“စိန်ခေါ်မှုကတော့ တပ်မတော်က ဒီအလေ့အကျင့်တွေကို ဆက်လက်လုပ်ကိုင်နေတာ၊ မုဒိမ်းဆိုတာ စစ်အတွင်းမှာ လက်နက်တစ်ခုပဲ ဆိုတဲ့ အတွေးအခေါ်တွေ ပါပဲ။ ဒါမှမဟုတ် ဖိနှိပ်မှုတွေဟာ သူတို့ရဲ့ အာဏာကို ပြဖို့ ကိရိယာတစ်ခုပဲ ဆိုတဲ့ အတွေးတွေဟာ အကြီးမားဆုံး စိန်ခေါ်မှုတွေပါ” 

ဒါပေမယ့် အရင်ကနဲ့ စာရင် အမျိုးသမီးတွေဟာ ပိုပြီး လွတ်လပ်စွာ ပြောခွင့်ဆိုခွင့် ရှိလာပါပြီ လို့ ပြောပါတယ်။ အဓိက အားဖြင့် အခွင့်ထူးခံနဲ့ ဗမာလူမျိုးနောက်ခံတွေ ရှိနေတဲ့ မြန်မာဒီမိုကရေစီ လှုပ်ရှားသူ တစ်ဖြစ်လည်း နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လို အမျိုးသမီးတွေ အတွက်ပေါ့။ 

ရယ်မောပွင့်လင်းလွယ်တဲ့၊ အားကျစရာ အလုပ်တွေကို လုပ်နေတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အဖွဲ့အစည်းတွေ အကြောင်း ပြောရင် အလွန်စိတ်အားထက်သန်တဲ့ မချယ်ရီဟာ ဘေးဖယ်ခံထားရတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင် ပေးဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ 

လူ့အဖွဲ့အစည်း တဖြည်းဖြည်းနဲ့ ပြောင်းလာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိတဲ့ အမျိုးသမီးတွေ လူ့အဖွဲ့အစည်း တွေထဲမှာ ပိုပြီးပါဝင်လာတာကို တွေ့ရတာ သူအလွန်ဝမ်းသာပါတယ်။ 

“အမျိုးသမီးတွေက ပိုပိုပြီး ယုံကြည်မှု ရှိလာပြီ၊ ထုတ်ဖော်ပြောတတ်လာပြီ။ ကျွန်မတို့ လမ်းမှန်ပေါ်ရောက်နေပြီလို့ ထင်တယ်”  

(၂၀၁၆ ဒီဇင်ဘာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်း။ * ရိုဟင်ဂျာများ သိန်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့သော ရခိုင်ပြည်တွင် ယခုနောက်ဆုံး ဖြစ်သော ပဋိပက္ခ မတိုင်ခင် မချယ်ရီနှင့် မေးမြန်းခဲ့တာပါ။ *)