အာဏာသိမ်းမှု၊ ကိုဗစ် နဲ့ ရာသီဉတုပြောင်းလဲတဲ့ ဒဏ်တွေကိုခံရတဲ့ လယ်သမားတွေရဲ့ဘဝ

အာဏာသိမ်းမှု၊ ကိုဗစ် နဲ့ ရာသီဉတုပြောင်းလဲတဲ့ ဒဏ်တွေကိုခံရတဲ့ လယ်သမားတွေရဲ့ဘဝ

အပူပိုင်းဇုန်

အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်ရဲ့ မိသားစုဟာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံတွင် လယ်ယာစိုက်ပျိုးလုပ်ကိုင်ခဲ့တာဟာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပါပြီ။ အခုအချိန် သူတို့ဒေသမှာ အင်တာနက်ကို လူအနည်းငယ်သာ သုံးစွဲနိုင်တာမို့လို့ လူအများစုက အစိုးရရေဒီယို အသံလွှင့်တာတွေကို သတင်းအလားသဏ္ဍာန်နဲ့ နားထောင်နေကြရပါတယ်။ ဒေသခံလူထုက အကြမ်းဖက်မှုနဲ့ စစ်ပွဲတွေဖြစ်ပွားမှာကို စိုးရိမ်နေပေမယ့် သူတို့ အဓိကစိတ်ပူပန်နေတာကတော့ ကျန်းမာရေးနဲ့ ဝင်ငွေအတွက်ပါ။

ပုံမှန်စိုက်နေကြနဲ့ ယှဉ်ရင် ဘာအခက်အခဲရှိလည်းဆိုတော့ အခုဟာက coup ကလည်းဖြစ်သွားတယ်၊ ကိုဗစ်ကလည်း ဖြစ်သွားတယ် ဆိုတော့... သူများဘက်တွေမှာ တော်တော်များများ စက်တွေသုံးလာပြီလေ။ ကောက်စိုက်စက်တွေနဲ့ စိုက်တာရှိတယ်။ တစ်ချို့က ကျဲပြီးစိုက်တာရှိတယ်။ ညီမလေးတို့ အညာဘက်မှာ ကြတော့ ကောက်စိုက်သမတွေနဲ့စိုက်တာ။

ဒီနှစ်မိုးစပါးစိုက်တယ်။ ပုံမှန်အတိုင်းပဲ။ မနှစ်ကအတိုင်းပဲ။ လူတွေနဲ့စိုက်တာ ဆိုတော့ အညာဘက်တွေမှာလည်း ကိုဗစ်သဘောပေါ့ တုပ်ကွေးတုပ်ကွေးနဲ့  တော်တော်များများ ဖျားတာတွေရှိတော့ ကောက်စိုက်သမတွေ နေမကောင်းတာတွေရှိတယ်။ အဲဒီတော့ လူငှားတာတွေ အခက်အခဲရှိတာမျိုးပေါ့။ အဲဒီတော့ အချိန်မှီမပြီးဘူး။

ညီမလေးတို့ မိသားစုက ၆ ယောက်။ ဘာတွေစိုက်လည်းဆိုတော့ စပါး၊ မြေပဲ၊ နောက်တော့ ဝါစိုက်တယ်။ ငါးရုတ်။ အဲဒီလေးမျိုး အဓိကစိုက်တယ်။ ညီမတို့က အလုပ်လုပ်နေတုန်းပဲဆိုတော့ သိပ်တော့ မကျပ်တည်းဘူး။ သူများတွေတော့ ထမင်းတွေဘာတွေတော့ လျှော့စားမယ် မထင်ဘူး ဒါပေမယ့် ဟင်းကောင်းကောင်းကတော့ နည်းရင်နည်းသွားမယ်။ အခုအခြေအနေရ ဆိုရင်။

ပိုပြီးကျပ်တည်းလာလားဆိုတော့ ပိုပြီးကျပ်တည်းတယ်။ ကိုယ်က ဓာတ်မြေသြဇာတွေဘာတွေ စျေးကြီးရင်းလိုက်ရပေမယ့် ထွက်ဖို့မထွက်ဖို့က ရာသီဉတုကလည်း နှိပ်စက်တယ်၊ ပိုးမွှားတွေကလည်း နှိပ်စက်တယ်၊ နောက်ထွက်လာပြန်ပြီဆိုတော့လည်း စျေးကလည်းမကောင်းဆိုတော့ တော်တော်တော့ ပိုဆိုးတယ်။

သွားလာတဲ့အခါမှာ တားတာဆီးတာတွေရှိတယ်။ အဝင်အထွက်တွေလည်း ပိတ်ထားတာဆိုတော့ အရင်ကလောက်ကြီး မကောင်းဘူးပေါ့။ ကန့်သတ်မှုတွေရှိတယ်လေ။ ကိုယ်က ဓာတ်မြေသြဇာဝယ်ချင်လို့ ဒါမှမဟုတ် တစ်ခုခုရောင်းချင်တယ်ဆိုရင်တောင် စျေးကွက်ကမရှိဘူးဆိုတော့ မရောင်းဖြစ်ဘူးပေါ့နော်။ ပိုက်ဆံလိုပေမယ့် စျေးမကောင်းတော့ မရောင်းဖြစ် ဘူး။

ညီမတို့ဆို quarantine လုပ်တယ် lockdown တွေချတယ်ဆို ရွာက မြို့နဲ့နည်းနည်းဝေးတယ်ဆိုတော့ အရင်လိုမျိုး ကိုယ်လိုတိုင်းသွားဝယ်လို့မရဘူး။ ဟိုပိတ် ဒီပိတ် ဆိုတော့ သူများနဲ့ မှာလိုက်ရတာတွေရှိတယ်။ ဆိုတော့ လိုသလောက် ဝယ်လို့မရဘူး။ စျေးကလည်း အရမ်းတက်သွားတယ်။ ဓာတ်မြေသြဇာ ဆို ပုံမှန် ၃သောင်းခွဲလောက်ကို အခု ၅၉၀၀၀ ရှိတယ်တဲ့။

ရာသီဉတုပြောင်းတာ တော်တော်တွေ့ရတယ်။ အခုဖြစ်နေတာက အညာလိုမျိုး ရေလိုတဲ့ဘက်တွေမှာ ရေမရဘူး။ မိုးမရွာဘူး။ ဒါပေမယ့် ရေမလိုတဲ့ ရေရှိတဲ့ delta ဘက်တွေမှာ ကြတော့ ရေအရမ်းကြီးပြီး ဟိုမြစ်တွေကျိုး ဒီမြစ်တွေကျိုး ဖြစ်တယ်။ အရမ်းပဲ ရာသီဉတုက အစွန်းဘက်ရောက်နေတယ်။ စားဝတ်နေရေး တော်တော်လေးထိခိုက်တယ်။

ညီမလေးတို့ဘက်မှာ စပါးကလည်းပဲ ဝင်ငွေတော့ရတယ် ဒါပေမယ့် ကိုယ့်အိမ်စားဖို့ထက် နည်းနည်းပိုမှ ရောင်းတာ။ cash crop ဆိုရင် ဝါနဲ့ ငါးရုတ်လို့ ပြောလို့ရတယ်။ ဝါဆိုရင် တော်တော်လေးမြတ်ကြတယ်။ ဒါပေမယ့် အဓိက သီးနှံက မစိုက်ဘူး။ ဘာလို့လည်း ဆိုတော့ လူတွေစားဝတ်နေရေးအတွက် main crop က စပါးဖြစ်နေတဲ့အတွက်ကြောင့်မို့ စပါးကို အဓိကလုပ်တယ်။ ဝါကတော့ ရေရရင်စိုက် ရေမရရင် မစိုက်ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်က မိုးအရမ်းခေါင်တဲ့အခါကြတော့ ရေပေးရတယ်။ ဒါပေမယ့် ဆည်မှာ ရေမရှိဘူး။ ဆိုတော့ နွေသီးနှံအတွက် ဝါမစိုက်နိုင်ဘူး။

ဝါမစိုက်ဖြစ်လိုက်တော့ အဓိက နွေရာသီမှာရတဲ့ ဝါကပိုက်ဆံနဲ့ မိုးရာသီ စပါးအတွက် ရင်းနှီးတာ။ ပိုက်ဆံရရင် ဓာတ်မြေသြဇာတွေ ဝယ်မယ်။ အခြားလိုအပ်တာတွေသုံးမယ်ပေါ့။ ဒါပေမယ့် မိုးခေါင်လို့ ဝါမရလိုက်တဲ့ အခါကြတော့ ဒီစပါးကို အာရုံမစိုက်နိုင်ဘူးပေါ့။

ညီမထင်တာ အခုတော့ စပါးထွက်နှုန်းထက် ကျန်းမာရေးရယ် ကျန်တဲ့ဟာတွေက ပိုအရေးကြီးနေတယ်ဆိုတော့ အထွက်နှုန်းသိတ်စိုးရိမ်တာမရှိပဲ လျှော့သုံးလိမ့်မယ်လို့ ထင်တယ်။ အခုပြဿနာက ပိုအရေးကြီးနေတာဆိုတော့။ နောက်ဖြစ်တာ နောက်မှရှင်းမယ်ပေါ့။

ရာသီဉတု ဖောက်ပြန်ပြီးတော့ အသီးအနှံ မရမှာ၊ စီးပွားရေးမပြေလည်မှာ၊ နောက်တော့ ဒီစစ်တွေဘာတွေဖြစ်မလားပေါ့။ နိုင်ငံရေးကိုလည်း စိတ်ပူတယ်။ ဒါပေမယ့် ဘာအတွက်စိတ် အပူဆုံးလည်းဆိုရင်တော့ ညီမထင်တယ် တော်တော်များများက ကျန်းမာရေးပဲ။

ရွာတွေဘက်မှာကတော့ မြို့ပေါ်နဲ ယှဉ်ရင် ကိုဗစ်ကနည်းနည်းနှေးတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ ဆိုးဆိုးဝါးဝါးဖြစ်တော့ ညီမတို့ဘက်မှာ သိတ်မဖြစ်ဘူး။ ဒါပေမယ့် တုပ်ကွေးဆိုပြီး ဖြစ်လာကြတယ်။ ကိုဗစ်နဲ့ တော်တော်ဆင်တယ်ပေါ့နော်။ အနံ့ပျောက်တာတွေရော။ ဒါပေမယ့် တော်တော်များများက ကိုဗစ်လို့မထင်ကြဘူး။ ဖျားတာပဲရှိသေးတယ်။ အသက်ဆုံးရှုံးတာလောက်တော့ မတွေ့သေးဘူး။

ရန်ကုန်တွေ မန္တလေးတွေ ဟိုးတလောက တတိယလှိုင်းမှာ ဆိုရင် ဆိုးဆိုးဝါးဝါး ခံလိုက်ရတယ်ဆိုပေမယ့် သူတို့ဆိုရင် အောက်ဆီဂျင်ကျပြီဆိုရင် ပြေးဝယ်လို့ရတယ်။ နောက် အောက်ဆီဂျင်ဗူးတွေ ရှိတယ်။ မရဘူး ဆိုရင်တောင်မှ မြို့ပေါ်မှာက ဆေးပညာအသိ ရှိကြတယ်။ ညီမတို့ဘက်မှာဆိုရင် ဆေးရုံဆေးခန်းနဲ့ နဲနဲဝေးတယ်။ တစ်ကယ်ကိုဗစ်ဖြစ်နေပြီ အောက်ဆီဂျင်ကျနေပြီ ဆိုရင်တောင်မှ ဘာနဲ့တိုင်းရမလဲ သူတို့မသိဘူး။ မြို့ပေါ်ကလူတွေလို ကျန်းမာရေးစောင့်ရှောက်ဖို့ အတွေးပညာတွေ ပိုရလာရင်တော့ အသေအပျောက်တွေ ပိုနည်းမယ်။

ပန်းချီကားကို JC  မှရေးဆွဲပါသည်။