စာရေးသူသည် ဤဒိုင်ယာရီရေးရန်အတွက် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိထားသော မြန်မာနိုင်ငံအလယ်ပိုင်းရှိ သတင်းထောက်တစ်ဦးဖြစ်သည်။
ဖေဖော်ဝါရီ ၁၊ ၂၀၁၆။
ဒီနေ့မှာ ကျင်းပမယ့် လွှတ်တော်အစည်းအဝေးကို ကိုယ်က ပထမဆုံးအကြိမ်အနေနဲ့ လွှတ်တော်ရုံတင်မကပဲ သတင်းလည်းယူရမှာဆိုတော့ စိတ်တွေလှုပ်ရှားနေတာ တော့အမှန်ပါပဲ။ စစ်ဆေးရေးဂိတ်ပေါက်ဝကိုရောက်ပြီး လွှတ်တော်က လာခေါ်တဲ့ ဖယ်ရီ(အကြိုအပို့ကား)က အစည်းအဝေး အဆောက်အအုံရှေ့မှာ ချပေးခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားကိုယ်စားလှယ် အများစုတက်ရောက်မှာဖြစ်တဲ့ လွှတ်တော်ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက သတင်းထောက်တွေလည်း အများကြီး သတင်းလာယူတာ တွေ့ရတယ်။
လွှတ်တော်မစခင်မှာ သတင်းထောက်တစ်ချို့တွေက အင်တာဗျူးတွေကြိုလုပ်ကြတယ်။ သမ္မတဘယ်သူဖြစ်နိုင်လဲ၊ အစိုး ရအဖွဲ့အဝင်တွေက ဘယ်သူတွေ ဖြစ်နိုင်မလဲဆိုတဲ့မေးခွန်းတွေ အများဆုံးမေးကြတာလည်း မှတ်မိသေးတယ်။
ပထမဆုံး အတွေ့အကြုံဆိုတော့ မြင်ကွင်းအားလုံးကတော့ အသစ်ဖြစ်နေတယ်။ လွှတ်တော်ထဲ ကိုယ်မသိတဲ့ သတင်းထောက်တွေက မနည်းဘူး အများကြီးပဲ။ အမှတ်တရ ဖြစ်ဆုံးကတော့ သတင်းတွေ အပြေးအလွှားလုပ်ရတာပါပဲ။
ဖေဖော်ဝါရီ ၁၊ ၂၀၂၁။
ဒီလိုနဲ့ ၅ နှစ်လုံးနီးပါး သတင်းတွေသွားယူလိုက် ရေးလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ လွှတ်တော် စဖွင့်မယ်ဆိုတော့လည်း စိတ်လှုပ်ရှားပြန်တာပဲ။ ဘာလို့လဲဆိုတော့ တပ်က အာဏာသိမ်းမယ်ဆိုတဲ့ သတင်းတွေက ကြိုထွက်နေတာလည်း ကြားနေရလို့ပဲ။
ကျွန်မကလည်း အဲ့ဒီနေ့ ညမှာတော့ မနက်ခင်းအစောသတင်းယူဖို့ လိုအပ်တာတွေ ပြင်ဆင်ပြီး တက်ကြွစွာနဲ့ပဲ အိပ်ယာထဲ စောစောဝင်ပြီး အနားယူလိုက်ပါတော့တယ်။ ဒါပေမယ့်လည်း မနက်စောစောမှာ အမျိုးသားဖြစ်သူက ကျွန်မကို နိုးပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ မရတော့ဘူး။ တစ်ခုခုတော့ ထူးနေပြီ။ အပြင်ထွက် ကြည့်သင့်တယ်လို့ သူက ဆိုင်ကယ်နဲ့ အပြင်ကို ထွက်ကြည့်ပါတယ်။
ပြန်လာတော့ ကိုယ်စားလှယ်တွေ အများဆုံးနေကြတဲ့ စည်ပင်ဧည့်ရိပ်သာမှာ စစ်ကားတွေ လုံခြုံရေးတွေ နေရာအပြည့် ယူထားပြီဆိုတဲ့သတင်းတွေတက်နေပါပြီ။ အာဏာစတင်သိမ်းလိုက်ပြီဆိုတာ စတင်သိလိုက်ရတဲ့အချိန်မှာ ဒီဖြစ်ရပ်ကို ကျွန်မစိတ်က လက်မခံသလိုမျိုးခံစားရပြီး မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ တွေးနေခဲ့တာပါ။
ရက်ပိုင်းအတွင်းမှာပဲ အာဏသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေက တစ်နိုင်ငံလုံးဆန္ဒပြ တောင်းဆိုပွဲတွေ လုပ်ကြပါ တော့တယ်။ ကျွန်မကိုယ်ဝန်နဲ့ဆိုပေမယ့် ဆန္ဒပြပွဲနေရာတွေဆီကို မသွားဘဲ မနေနိုင်ခဲ့ပါဘူး။ သတင်းတွေယူတယ်၊ မြင်ကွင်းတွေကြည့်တယ်။ ဓာတ်ပုံမှတ်တမ်းတွေ ယူခဲ့ပါတယ်။
နေပြည်တော်မှာ အသက်၁၉နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြ ပြည်သူတွေကို လုံခြုံရေးရဲတပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွင်းတာတွေ လုပ်လာတော့ ကျွန်မကိုလည်း အပြင်ထွက်ပြီး သတင်းယူတာကို မိသားစုက ခွင့်မပြုတော့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာလည်း သတင်းထောက်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူတာတွေ လုပ်လာတဲ့အတွက် လွတ် လွတ်လပ်လပ် သတင်းယူခွင့်မရတော့ပါဘူး။ မြေပြင်မှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာမျိုးတွေ လုပ်လာကျပါတယ်။
အာဏာသိမ်းပြီး တစ်လပြည့်တဲ့နေ့မှာပဲ မြိတ်မြို့က DVB သတင်းထောက်ကို ညအချိန်မတော်ကြီး အင်အား အလုံးအရင်း သုံးပြီး ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် Myanmar Now၊ 7 days၊ Mizzima၊ DVB နဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနတို့ကို အာဏာသိမ်း စစ်ကောင်စီက လိုင်စင်ရုတ်သိမ်းခဲ့ပြီး ဧရာဝတီ သတင်းဌာနကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့ပါတယ်။
နေပြည်တော် အခြေစိုက်ဖြစ်တဲ့ BBC မြန်မာပိုင်း နဲ့ Mizzima သတင်းဌာနက သတင်းထောက်နှစ်ယောက်ကို ဖမ်းပြီး နောက်ပိုင်းမှာတော့ သတင်းထောက်အချို့လည်း မိသားစု လိုက်ထွက် ပြေးသူတွေ ရှိသလို တစ်ချို့ကလည်း ကိုယ့်အိမ် မှာကိုယ် မနေရဲတော့ဘဲ တိမ်းရှောင်နေရတာတွေ ပြုလုပ်လာရပါပြီ။
ကျွန်မကတော့ ကိုယ်ဝန်နဲ့မို့ တိမ်းရှောင်တာမျိုးတော့ မလုပ်ဘဲ သတင်းပို့တာရပ်ပြီး မိသားစုနဲ့ အတူ လုံခြုံမှုမရှိတဲ့ အခြေအနေတစ်ရပ်ကိုပဲ ရင်ဆိုင်ကျော်ဖြတ်ခဲ့ပါတယ်။
တိုင်းပြည်အာဏာသိမ်းခံလိုက်ရတာဟာ နိုင်ငံအတွက် ကံကြမ္မာဆိုး ဝင်ရောက်လာသလို ကျွန်မဘဝကလည်း အလုပ်ကနေ ရပ်ပြီး ခင်ပွန်းဖြစ်သူရဲ့ ကုမ္ပဏီကလည်း ပိတ်သိမ်းတာခံလိုက်ရတဲ့အတွက် သူလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါ တယ်။
ကလေးမွေးဖွားစရိတ်နဲ့ ငွေကြေးခက်ခဲတဲ့ဒဏ်ကို စတင်ခံစားခဲ့ရပြီး ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် ဆေးရုံ ဆေးခန်းသွားရတာတောင် လွယ်ကူခြင်းမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်ဝန်အဆင်မပြေလို့ ရင်သွေးလေးကို ပျက်မကျအောင် အသက်ကယ်နိုင်ဖို့ ဆေးရုံတက်ရချိန်ကြိုးစားနေရချိန်မှာ ကျမရဲ့ သောကတွေ ဟာ ပြောပြဖို့တောင် စကားလုံးမရှိသလောက်ပါပဲ။
ကလေးရပြီးတော့လည်း ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲပြဿနာကြောင့် အပြင်ထွက် ခရီးသွား တာမျိုးလုပ်ဖို့ မဆိုထားနဲ့ လွတ်လပ်စွာ ရယ်မောနိုင်ခြင်းကိုတောင် အမျိုးမျိုးသော အဆင်မပြေမှုတွေက ဟန့်တားတာကို ခံထားရပါတယ်။
အိမ်အပြင်ထွက် လမ်းပေါ်သွားရင်လည်း သေနတ်ကိုင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိနေတဲ့အတွက် အပြင်မထွက်ဘဲ ကိုယ့်အိမ်ထဲ ကိုယ်နေတာတောင် လုံခြုံမှု ရှိတယ်လို့ မခံစားရပါဘူး။
ဒီလိုအခြေအနေက ကိုယ့်မိသားစု တစ်စုပဲ ရင်စီးခံနေရတာတော့ မဟုတ်ပါဘူး။ အာဏာသိမ်းတာကို အလိုမရှိတဲ့ တစ်နိုင် ငံလုံးက ပြည်သူတွေ ခံစားနေရမယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒီအထဲမှာမှ ဒီလိုကာလမှာ ကိုယ့်အလုပ်ကို ဂုဏ် ဖော်ပြီး မပြောနိုင်တော့တဲ့ သတင်းထောက်တွေရဲ့ ခံစားချက်က ပိုလို့များ အထိနာနေသလားလို့တောင် ကျွန်မတွေး မိပါ သေးတယ်။
အခုဆို ကိုယ့်မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေထဲက သူတွေ သတင်းတင်ဆက်တာတွေ ဆက်ပြီးလုပ်တဲ့သူတွေက တခြား နိုင်ငံတွေမှာ နိုင်ငံရေးခိုလုံခွင့်တွေ တောင်းပြီး အခြေချတဲ့သူတွေ ရှိသလို၊ လွတ်မြောက်နယ်မြေကနေ သတင်း တွေက ဆက်ပြီး တင်ဆက်နေကြတာလည်း ရှိနေပါတယ်။
ဒီလိုပါပဲ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ သတင်းထောက်တွေကတော့ စိုက်ပျိုးရေးလုပ်တဲ့သူ၊ အွန်လိုင်းက ဈေးရောင်းသူနဲ့ ကယ်ရီ ဆွဲတဲ့သူ၊ စားသောက်ဆိုင် ဖွင့်တဲ့သူဖွင့်နဲ့ အစရှိတဲ့ ရရာ အလုပ်တွေကို လုပ်ကိုင်နေကြပေမယ်လည်း အဆင်ပြေလှ တယ် လို့တော့ အသံမကြားရပါဘူး။
ကျွန်မကိုယ်တိုင်လည်း ကလေးထိန်းရင်း အိမ်မှာနေရင်းနဲ့ အဆင်မပြေမှုတွေကို အံတုပြီးဆက်ကျော်ဖြတ်ရင်းနဲ့ အခုဆို အာဏာသိမ်းတာ တစ်နှစ်ပြည့်တော့မယ်။ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုအကြားမှာ မမျှော်လင့်ထားတဲ့ အချိုးအကွေ့ အပြောင်းအလဲကြားမှာ ဆက်ပြီး အသက်ရှင်နိုင်ဖို့ ကျမ ကြိုးစားဖို့ အားဆက်မွေးနေပါတယ်။