စာရေးသူသည် မွန်ပြည်နယ်မှ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ခိုလှုံနေရသည့် သတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတံခွန်ပုံပြင်များက ပံ့ပိုးကူညီပါသည်။
ကျမက မွန်ပြည်နယ်ကမြို့တစ်ခုမှာ နေထိုင်တဲ့ သတင်းထောက်တဦးပါ။ အဲဒီမြို့ဟာ နယ်မြို့လေး ဖြစ်ပြီး သတင်းထောက်ဆိုတာလက်ချိုးရေတွက်လို့ ရတဲ့အထိ ရှားပါးပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက်သတင်းထောက်တွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားဖမ်းဆီးခံရတဲ့အထဲမှာ ရှေ့ဆုံးရောက်နေခဲ့ပါတယ်။
နယ်မြို့လေးက သတင်းထောက် ကျမကိုလည်း စစ်တပ်က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀ဈ၊ ၅၀-ည အစရှိတဲ့ ပုဒ်မတွေနဲ့ ဝရမ်းထုတ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ကျမနေထိုင်တဲံ နေအိမ်ကနေ တိမ်းရှောင်ပြီး ကျမနဲ့ မရင်းနှီးတဲ့ ဒေသဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ခိုလှုံလာခဲ့ရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ သားသမီးကို မတွေ့ရင် မိဘ၊ ဆွေမျိုးတွေကိုဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ကျမနဲ့အတူ ကျမရဲ့ မိသားစုဝင်တွေကိုပါ တပါတည်း ခေါ်လာခဲ့ရပါတယ်။
ကျမအဖေဟာ အသက်၆၀ကျော် အငြိမ်းစား ကျောင်းဆရာတဦးဖြစ်ပြီး အမေ ကတော့ ပရဟိတကျောင်းတွေမှာ ပညာဒါန သင်ကြားပေးနေတဲ့ ဆရာမတဦးပါ။ ကျမအဖေက ဒဿမတန်းကို အင်္ဂလိပ်စာသင်ကြားတဲ့ ကျူရှင်ဆရာတဦးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ တလစာဝင်ငွေဟာ မြန်မာကျပ် ဆယ်သိန်းအထက်မှာ ရှိခဲ့ပါတယ်။
နယ်မြို့လေးအတွက် ဒီလစဉ် ဝင်ငွေ ပမာဏဟာ လူတန်းစေ့ အပူအပင်မရှိ နေထိုင် စားသောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်လာတဲ့ အချိန်မှာတော့ ကျမတို့မိသားစုရဲ့ ဘဝတွေဟာ တဆစ်ချိုး ပြောင်းလဲခဲ့ ပါတယ်။
ထိုင်းနိုင်ငံကို အထောက်အထားမဲ့ ခိုးဝင်လာတဲ့သူတွေဖြစ်တာကြောင့် မဲဆာက်မြို့မှာ တရားဝင် အလုပ်လုပ်ကိုင်ဖို့ ခက်ခဲပါတယ်။ တချိန်ထဲမှာ မြန်မာငွေ ကျပ်တန်ဖိုးက ဇောက်ထိုးဆင်းသွားတာကလည်း ကျမတို့မိသားစုကို ပိုပြီး အခက်တွေ့စေခဲ့ပါတယ်။
အဲ့သည် အချိန်ကာလတုန်းက ကျမအလုပ်လုပ်နေတဲ့ သတင်းဌာနကလည်း ဌာနအသေး တခုဖြစ်တဲ့အတွက် လစာလုံလုံလောက်လောက် မပေးနိုင်ပါဘူး။တလမှာ ဘတ်၄ထောင်ပဲ လစာရပါတယ်။ အဲဒီပမာဏဟာ အိမ်လခ၊ ရေခ၊ မီတာခနဲ့ ဝိုင်ဖိုင်ဖိုးအတွက်သာ လုံလောက်ပြီး အစားအသောက်နဲ့ ကျန်းမာရေး စရိတ်တွေအတွက်မလောက်ငှခဲ့ပါဘူး။
ဒါပေမယ့် မဲဆောက်ရောက်ပြီး ၃နှစ်အကြာမှာ ကျမ သတင်းဌာနကြီး တခုမှာ အလုပ်ရပါတယ်။ အဲ့ဒီဌာနက လစာ ဘတ်၂သောင်းနီးပါးပေးတဲ့အတွက် ကျမတို့မိသားစု အတွက်တော့ ဒါက မပူမပင် နေထိုင်စားသောက်နိုင်တဲ့အပြင် ကျမအတွက်လည်း ကျမဝါသနာပါတဲ့ သတင်းအလုပ်ကို မျှတတဲ့ ဝင်ငွေတခုနဲ့ အားသွန်ခွန်စိုက် လုပ်နိုင်ခဲ့တဲ့ အခွင့်အရေးတခုလည်း ဖြစ်ခဲ့တယ်။ အဲ့သည် ဌာနမှာ အလုပ်လုပ်ရင်း တနှစ်နီးပါးအကြာမှာ ကျမမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရခဲ့ပါတယ်။ ကိုယ်ဝန် အစောပိုင်း ကာလတွေမှာ ခေါင်းမူးတာ၊ အန်တာ၊ နှလုံးတုန်တာ၊ အစာစားမဝင်တာ စတဲ့ Morning Sickness ကို ပြင်းထန်စွာ ခံစားခဲ့ရပါတယ်။ ဒါ့အပြင် ကျမရဲ့ သားအိမ်မှာ အရည်အိတ် ရှိတာကြောင့် အထူးဂရုစိုက်ပြီးနေရတဲ့ အနေအထားဖြစ်ခဲ့ပါတယ်။ နေမကောင်းပေမယ့် ကျမတို့ မိသားစုဟာ ကျမရဲ့လစာနဲ့ပဲ ရပ်တည်နေရတာ ဖြစ်တဲ့အတွက် ကျမအနေနဲ့ အလုပ်ကနေ အနားမယူနိုင်ခဲ့ပါဘူး။
အဲဒါကပဲ ကျမရဲ့ ရင်သွေးလေး တယောက်ကို ဆုံးရှုံးတဲ့အထိ ဖြစ်စေခဲ့ပါတယ်။ ကိုယ်ဝန်ရှိမှန်း စသိတဲ့အချိန် Ultrasound ရိုက်တဲ့အချိန်မှာ ကျမရဲ့ ကိုယ်ဝန်ဟာ အမွှာကလေးလေးတွေ ဆိုတာကိုသိခဲ့ရပါတယ်။
ကျမတို့ တမိသားစုလုံး ကလေးလေးတွေအတွက် လိုအပ်မယ့် ပစ္စည်းလေးတွေ ကြိုတင် စုဆောင်းဖို့ တိုင်ပင်ကြရင်း ပျော်ရွှင်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအပျော်တွေက ကြာရှည် မခံခဲ့ပါဘူး။ အမွှာလေးတွေမှန်းသိပြီး ၂လလောက်အကြာမှာ ကျမ သွေးတွေဆင်းခဲ့ပြီး ကျမရဲ့ အမွှာကလေးတွေထဲက တဦးကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ရက်စက်နှိပ်ကွပ်နေမှုတွေကု နေ့စဉ်နဲ့အမျှ တွေ့မြ်င သတင်းတင်ဆက်နေရတဲ့ သတင်းသမားတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကိုယ်ဝန်ဆောင်တယောက်ဖြစ်တဲ့ ကျမအတွက် ကိုင်တွယ်နားလည်ဖို့ အရမ်း ခက်ခဲနေခဲ့ပါတယ်။ အမျိုးသမီးတွေ၊ ကလေးငယ်တွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေစတဲ့ မျိုးစုံသော လူမဆန်မှု တွေကို တွေ့မြင်ရ၊ မေးမြန်းရ၊ ပြန်ရေးရတာတွေကို ကျမ ခံနိုင်ရည် မရှိခဲ့ပါဘူး။ ကျမ အလုပ်ကို လုပ်ကိုင်နေရင်း စိတ်ထိခိုက်ရတာကြောင့် မငိုခဲ့တဲ့နေ့ဆိုတာ တရက်မှ မရှိခဲ့ပါဘူး။ ကျမကို အင်တာဗျူး ဖြေပေးသူတွေကတောင် ကျမကို “အစ်မငိုပါ အစ်မစိတ်အဆင်ပြေတော့မှ ဆက်မေးပါဆိုပြီးတော့ အချိန်ပြန်ပေးခဲ့ကြရပါတယ်။”
နေ့စဉ်နဲ့အမျှ စိတ်ပိုင်းဆိုင်ရာထိခိုက်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကလည်း နောက်ဆက်တွဲ ဆိုးရွားခဲ့ပါတယ်။ ကျမရဲ့ဆရာဝန်က အလုပ်ဆက်လုပ်နေမယ်ဆိုရင် ကျန်နေတဲ့ ကလေးတဦးပါ ထပ်ပြီး ဆုံးရှုံးနိုင်တယ်လို့ ပြောတာကြောင့် ကျမ အလုပ်ကနေ အနားယူခဲ့ရတယ်။
ကျမ အလုပ်ထွက်လိုက်တာနဲ့ ကျမတို့အိမ်ရဲ့ စားဝတ်နေရေးက ပြန်ခက်ခဲသွားပြန်ပါတယ်။ ကျမအဖေဟာ ကျမတို့ မသိအောင် အမှိုက်ကောက်တဲ့ အလုပ်ကို တိတ်တဆိတ် လုပ်ကိုင်ခဲ့တယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုပေမယ့်လည်း သမီးတယောက်အနေနဲ့ အဲဒီအကြောင်းကို သိလိုက်တဲ့အခါ ကျမယူကျုံးမရ ငိုမိပါတယ်။
အဲ့ဒီလို နေထိုင်ရှင်သန်ဖို့ အခက်အခဲပေါင်းစုံကြားကနေ ကျမသမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျမာဟာ မီးဖွားပြီးနောက် အမျိုးသမီးအများစု ခံစားကြရတဲ့ စိတ်ကျခြင်း ကိုခံစားရပြန်တယ်။ဆုံးရှုံးသွားခဲ့ရတဲ့ အမွှာကလေးလေးနဲ့ ပက်သက်ပြီး ကျမ ထပ်ပြီးတော့ နာနာကျင်ကျင် ခံစားခဲ့ရ ပြန်တယ်။ Social Media မှာ အမြွှာကလေးလေးတွေရဲ့ ဗီဒီယိုတွေကို တွေ့တဲ့အခါမျိုး၊ ကလေးပစ္စည်းတွေ ဝယ်တဲ့အခါမျိုးတွေမှာ သန္ဒေသားဘဝနဲ့ ဆုံးရှုံးခဲ့ရတဲ့ ကျမရဲ့ အမွှာလေးအတွက် ဝမ်းနည်း မိပါတယ်။ ငါ့ကလေးလေးသာ ရှိနေသေးရင် ဘာဝယ်ဝယ် ၂ခု ဝယ်ရမယ်ဆိုတာမျိုးတွေက ကျမ အတွေးထဲ အမြဲ နေရာယူထားခဲ့တယ်။ ကျမ Sucide လုပ်ပစ်ချင်တဲ့အထိ စိတ်ဓာတ်ကျခဲ့သလို လုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။
သမီးလေး ၁လမပြည့်ခင် အချိန်မှာပဲ ကျမတို့ မြန်မာနိုင်ငံမှာ ငလျင် လှုပ်ပြီး ပြည်သူတွေ သေကျေပျက်စီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြပြန်တယ်။ ငလျင်ဒဏ်ကြောင့် သေဆုံးပျက်စီးရသူ တွေထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ အညာဒေသက စစ်ရှောင်တွေပါ ပါဝင်ခဲ့ပါတယ်။ မြန်မာ ပြည်သူတွေအတွက် အပူပေါ် အပူဆင့်ပါပဲ။ ကျမဟာ အဲ့ဒီ သတင်းတွေကို သမီးလေး ပိုက်လျက် ဖတ်ခဲ့ရပါတယ်။ ကိုယ့် တိုင်းပြည်မှာ အခုလို ထိခိုက်မှု များတဲ့ သဘာဝဘေး အန္တရာယ်ဖြစ်ခဲ့တာကို ကျမအနေနဲ့ ကျမကျွမ်းကျင်တဲ့ သတင်းအလုပ်နဲ့တောင် တတပ်တအား မပါဝင်ရပါလားလို့ တွေးမိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မကျေနပ်မှု အားမရမှု၊ အပြစ်မကင်းမှုတွေကို ခံစားလာရပြန်ပါတယ်။ ဒါကြောင့်ပဲမိသားစုဝင်တွေ မသိအောင် သတင်းတွေ လက်လှမ်းမီ သလောက် ထုတ်လုပ်ခဲ့ပြီး သတင်းတိုက် တချို့ကို ပို့ပေးခဲ့ပါတယ်။
ကျမတို့နိုင်ငံလို ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်ပါ ကြုံတွေ့နေရတဲ့ နိုင်ငံမှာ သတင်းအချက်အလက် အမှန်တွေကို ဖြန့်ဖြူးပေးနိုင်တဲ့ သတင်းသမားတွေကို မရှိမဖြစ်လိုတယ်လို့ ကျမ ယုံကြည် ထားတာကြောင့် ကျမအနေနဲ့ ဘယ်လို အခက်အခဲတွေပဲ ကြုံရကြုံရ ဒီအလုပ်ကို ဆက်ပြီး လုပ်ကိုင်နေဦးမှာပါပဲ။
ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။