စာရေးသူသည် ဤဒိုင်ယာရီရေးရန်အတွက် The Kite Tales မှ ပံ့ပိုးကူညီမှုရရှိထားသော ကချင်ပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်သည်။
ကျွန်တော် သတင်းထောက် သက်တမ်း (၈) လောက်လောက် ရှိလာတဲ့အချိန်မှာတော့ သတင်းသမားဘဝမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
ကျွန်တော်ကတော့ ကချင်ပြည်နယ်အခြေစိုက် သတင်းသမားတစ်ဦး ဖြစ်ပြီးတော့ ကချင်ပြည်နယ်အတွင်းက သတင်းမျိုးစုံကို ဘက်မလိုက်ဘဲ ရေးသားနေသူတစ်ဦး ဖြစ်ပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်နေ့မှာပဲ ရှေ့ဆက်လုပ်ဆောင်ဖို့ ရည်မှန်းထားတဲ့ အိမ်မက်တွေ၊ လွတ်လပ်မှုတွေ ပျောက်ကွယ်ခဲ့ရပါတယ်။
လွှတ်တော်စမယ့် နေ့မနက်ပိုင်းမှာ (၄) နာရီကျော် အိပ်ယာနိုးကတော့ မိုဘိုင်းကွန်ရက်တွေ အကုန်ပြတ်တောက်နေပါပြီ။ ဘယ်သူ့ကိုမှ ဆက်သွယ်လို့မရတော့ပါဘူး။ ဒါကိုမင်္သကာတာကြောင့် မိုးလင်းလင်းချင်းမှာ ဝန်ကြီးအိမ်ရာတွေ၊ အစိုးရရုံးဘက်တွေ ဆိုင်ကယ်နဲ့ လိုက်ကြည့်တဲ့ အခါမှာတော့ ဒီနေရာတွေနဲ့ လမ်းဆုံမီးပွိုင့် တော်တော်များများမှာ စစ်ကားတွေတန်းစီနေပြီ စစ်သားတွေ အများအပြား လုံခြုံရေးယူနေတာကို တွေ့ရပါတယ်။
အဲဒါနဲ့ သတင်းသမား သူငယ်ချင်းတွေ ရှိရာဆီ အပြေးမောင်းပြီး သွားမေးတဲ့အချိန် စစ်တပ်က ‘အာဏာသိမ်းလိုက်ပြီ၊ ဒေါ်စုတို့ကို ထိန်းသိမ်းလိုက်ပြီကြားတယ်’ လို့ ပြောသံကြားတဲ့အခါ စိတ်က တောက်တစ်ခေါက်ခေါက်နဲ့ ရေရွတ်မိနေပါတယ်။
အဲဒီနောက် ရေဒီယိုတစ်လုံးအပြေးသွားဝယ်ပြီး နားထောင်တဲ့အခါ စစ်တပ်ပိုင် သတင်းဌာနကနေ အာဏာထိမ်းသိန်းလိုက်ကြောင်း တိတိကျကျ ကြားလိုက်ရတဲ့အခါမှာတော့ မျှော်မှန်းထားသမျှအရာတွေ သဲထဲရေသွန် ဖြစ်ပြီး မျှော်လင့်ချက်မဲ့သွားတဲ့ လူတစ်ယောက်လို ခံစားခဲ့ရပါတယ်။ အကျဉ်းသမားတစ်ယောက်လို ဖြစ်သွားခဲ့ပြီး တစ်နေကုန်မယုံနိုင် ဖြစ်ခဲ့ရပါတယ်။
အာဏာသိမ်း တစ်ပတ်လောက်အတွင်းမှာတော့ ကျနော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလူတွေကို ကြည့်တဲ့အချိန် အာဏာမသိမ်းခင်က လက်ဖက်ရည်ဆိုင်မှာတွေ့တဲ့ ပုံစံမျိုးမဟုတ်ကြတော့ပါဘူး။ သူတို့ အရင်ကလို စကားမကျယ်ကျယ် မပြောရဲတော့ပါဘူး။ သတင်းတွေကို ပေါ်တင်မကြည့်ရဲကြတော့ဘူး။ ၂၀၁၀ မတိုင်ခင်က ပုံစံမျိုးပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။ "မင်းတို့ မတော်လှန်ရင် ဒီလိုပဲ တစ်သက်လုံးခံရမယ်။ တော်လှန်ရေးလုပ်ရင် တတ်နိုင်သလောက် ပါကြ" လို့ မိတ်ဆွေ တစ်ယောက်က သူ့သူငယ်ချင်းတွေကို ပြောနေတာကို ပထမဦးဆုံးကြားရပါတယ်။
အာဏာသိမ်းတာနဲ့ စစ်တပ်က နိုင်ငံရေးသမားအများစုနဲ့ သတင်းသမားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာ ကိုယ်ကိုတိုင် မလုံခြုံမှုကို ခံစားရပြီး အိပ်မပျော်တဲ့ နေ့ရက်တွေနဲ့ ဒီကနေ့အထိပဲ ရင်ဆိုင်နေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပြန့်ပွားလာတဲ့ အချိန် အချို့ သတင်းသမားတွေ အလုပ်ရပ်နားခဲ့ရတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ပြည်သူလူထုအတွက် (အထူးသဖြင့် ကချင်လူထု) ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှန်တွေ သိစေဖို့ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
အဲဒီလိုတွေ ဖြစ်နေရင်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး တစ်ချို့သတင်းဋ္ဌာနကြီးတွေကို ရပ်နားအောင်အတင်းအကျပ်လုပ်ခဲ့ပါတယ်။ တစ်ချို့တွေလည်း သတင်းတွေ တင်ပြနိုင်ဖို့ အရင်ကထက် အားတင်းပြီး လုပ်ကိုင်လာပါတယ်။ အဖမ်းအဆီးခံရမှာစိုးလို့ သတင်းထောက် အများအပြားဟာ လျို့၀ှက်လုပ်ကိုင်ပြီး ဖြတ်သန်းနေတာကို မြင်ရတွေ့ရပါတယ်။
သတင်းသမားတစ်ယောက်အနေနဲ့ မတရားမှုတွေကို ဖော်ထုတ်ရေးသားမယ်လို့ သဓိဌာန်ချမှတ်ပြီး ကချင်ပြည်အတွင်း ဖြစ်သမျှတွေကို တင်ပြဖို့ ဆုံးဖြတ်ပြီးတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပုံတွေရိုက် သတင်းရေးသားပြီး ဒီနေ့အထိ ဖြစ်ပျက်နေတာတွေကို တတ်နိုင်တဲ့ဘက်က တင်ပြလျှက်ရှိနေပါတယ်။
ဒီ ဆန့်ကျင်ဆန္ဒပြပွဲတွေကို ၂၀၂၁ ဖေဖော်ဝါရီလ (၆) ရက်နေ့ ဖားကန့်မြို့ ကစပြီး ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနောက် ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့အပြင် အခြားလူဦးရေ များတဲ့ မြို့တွေမှာလည်း သိန်းနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သပိတ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာတဲ့အချိန်မှာ ကျနော်ဟာ မြစ်ကြီးနားမြို့မှာ သတင်းတွေယူရင်း နေ့ညမပျက် သက်ဆိုင်ရာ သတင်းဌာနတွေကို သတင်းပေးပို့ တင်ဆက်ပါတယ်။
စစ်ကောင်စီကနေ ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်မှုတွေကို နိုင်ငံတဝှမ်း လုပ်ဆောင်လာပြီး ကချင်ပြည်နယ်မြစ်ကြီးနားအထွေသပိတ်ကို မတ်လ(၈) ရက်နေ့မှာ ကျည်အစစ်နဲ့ စတင်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီမှာပဲ အသက်က (၆၂) နှစ် အရွယ် ဦးချိုတားနဲ့ အသက် (၁၈) အရွယ်ကိုဇင်မင်းခန့်တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးကို စစ်တပ်က ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့သလို ကချင်ပြည်နယ်ရဲ့ မြို့ကြီးတွေမှာလည်း ဆက်တိုက်ဆိုသလို ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး သေဆုံးတာတွေလည်း အများအပြားရှိခဲ့ပါတယ်။
ကချင်ပြည်နယ်အတွင်းက သတင်းသမားတွေလည်း ဖမ်းဆီးခံခဲ့ရပါတယ် ပါဝင်ခဲ့ပါတယ်။ မတ်လအတွင်းမှာပဲ မြစ်ကြီးနားအခြေစိုက် သတင်းသမား (၅) ဦး ဖမ်းဆီးခံခဲ့ရသလို ဖားကန့်မြို့ က အလွတ်တန်းသတင်းသမား ဖြစ်တဲ့ ကိုနောင်ရိုးပါဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ မြစ်ကြီးနားအခြေစိုက်သတင်းသမားတွေ ပြန်လည်လွတ်ခဲ့ ပေမယ့် ကိုနောင်ရိုးက မလွတ်သေးပါဘူး။
သတင်းသမားတွေကို ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာ ကျနော်လည်း သတင်းအလုပ်တွေကို ဆက်လက်လုပ်ချင်ခဲ့လို့ လွတ်မြောက်ရာတစ်နေရာမှာ ထွက်ပြေးပုန်းရှောင်ရင်း ရတဲ့နည်းနဲ့ သတင်းလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ကျနော့်ကိုဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ကြားရပေမယ့် လွတ်မြောက်ခဲ့ပါတယ်။
အဲဒီလို ပစ်ခတ်ဖြိုခွင်းတာတွေ ကို ရေးရကြားရတဲ့အခါ သတင်းမှန်တွေ ဆက်လက်တင်ဆက်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက်က ပိုပြီး ခိုင်မာခဲ့ပါတယ်။
အဲဒီလို လုပ်ဆောင်ခဲ့တဲ့နောက်မှာတော့ မြစ်ကြီးနားမြို့မှာ သပိတ်စစ်ကြောင်းတွေ နည်းပါးလာခဲ့ပြီး ပြောက်ကျားသပိတ်တွေ ဆက်လက်ဆင်နွှဲခဲ့ကြပါတယ်။ လူပေါင်း (၁၀၀) ကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး ကိုယ်တိုင်လည်း ရှောင်ရင်းတိမ်းရင်းနဲ့ အလုပ်တွေ ဆက်လုပ်နေခဲ့ပါတယ်။ အရင်က ည (၆) နာရီအချိန်ဆို အလုပ်ပြန်ချိန် စည်ကားလွန်းတဲ့ မြစ်ကြီးနားမြို့ရဲ့ ပေတရာလမ်းမတွေမှာ လူတွေ မရှိကြတော့ပါဘူး။
ကျနော် ပုန်းခိုနေတဲ့ အချိန်မှာပဲ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါပြီ။ လူထုကို အကြမ်းဖြိုခွင်းမှုတွေ ရှိလာတဲ့နောက်ပိုင်းမှာ မတ်လ (၂) ရက်နေ့ကစလို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း ကေအိုင်အေ ပြောကြားခဲ့တဲ့နောက် တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးတော့ ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို စစ်သင်တန်းတွေ KIA က ပေးခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်းက စစ်သတင်းတွေကိုလည်း ရေးသားနိုင်ဖို့ လုပ်ဆောင်ခဲ့ပြီးတော့ ခိုင်လုံတဲ့ သတင်းတွေကိုပဲ သတင်းရင်းမြစ် အခက်အခဲတွေ အဆက်အသွယ်အခက်တွေ ကြားက တစ်ချို့သတင်းတွေကို ရေးသားဖော်ပြနိုင်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ကေအိုင်အေတို့ တိုက်ပွဲဆက်တိုက် ဖြစ်ပွားပြီးတဲ့နောက် ၂၀၂၁ စက်တင်ဘာလလောက်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားခဲ့ပြီး စစ်ကိုင်းတိုင်း ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ တိုက်ပွဲတွေ ဒီကနေ့အချိန်ထိ ပြင်းထန်လျက်ရှိနေပါတယ်။
ရှောင်တိမ်းပြီး ၆ လလောက်အကြာ မြစ်ကြီးနားမြို့ကို ပြန်ရောက်တဲ့အချိန်မှာတော့ မြစ်ကြီးနားဟာ အာဏာသိမ်းပြီးပြီးချင်းတုန်းကပုံစံနဲ့ ခြားနားပါတယ်။ အရင်လိုပုံမှန် လှုပ်ရှားသွားလာနေတာကို တွေ့မြင်ရပါတယ်။ တစ်ချို့ တာဝါတိုင် ဖောက်ခွဲတာလောက်ကလွဲပြီး မြစ်ကြီးနားက အေးချမ်းနေပါပြီ။
အခုဆိုရင် အာဏာသိမ်းတာ တစ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ပြည်သူလက်ထဲ အာဏာပြန်ရောက်ဖို့ အားလုံးကြိုးစားနေကြတဲ့အချိန် ဖြစ်ပါတယ်။ ကျနော်တို့ ဘ၀ကလည်း အရင်ကနဲ့ မတူတော့ပါဘူး။ အရင်က ထိုက်သင့်သလောက် လွတ်လွတ်လပ်လပ်နဲ့ သတင်းရေးခွင့် မေးခွင့်ရခဲ့ပေမယ့် အခုဆိုရင် အန္တရာယ်ကြားကနေ မိသားစုကို ခွဲခွာရင်း ပြည်သူအတွက် သတင်းတွေကို တင်ဆက်ပေးနေပါတယ်။
ပြည်သူတွေ ဒီမိုကရေစီပြန်ရဖို့ ကျနော်တို့ သတင်းလွတ်လပ်ခွင့်ပြန်ရဖို့အတွက် ကျနော်တို့ စစ်မှန်တဲ့ သတင်းတွေ ရေးသားဖို့ လိုအပ်သလို ပြည်သူတွေလည်း သတင်းပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် အနာဂါတ် ဖက်ဒရယ်နိုင်တည်ထောင်နိုင်ဖို့ စစ်အာဏာရှင်လက်ကနေ ရုန်းထွက်ဖို့ အတူတကွ ကြိုးစားကြပါစို့လို့ တိုက်တွန်းရေးသား လိုပါတယ်။
ပန်းချီ − JC