"နှုတ်ဆက်ခြင်း"

"နှုတ်ဆက်ခြင်း"

Yangon

စာရေးသူသည် ယခုအခါ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေသော ဖွံ့ဖြိုးရေးပညာရှင်တစ်ဦးဖြစ်သည်။

အာဏာသိမ်းပြီးတဲ့အချိန်မှာ မြန်မာနိုင်ငံက ထွက်ခွာတာဟာ အစွန်းတွေအများကြီးရှိတဲ့ ဓားတစ်စင်းကိုကိုင်ထားရသလိုပဲ အမြဲဖြစ်မယ်ဆိုတာကျွန်မသိတယ်။

လုပ်ရင်နာမယ်၊ မလုပ်ရင်လည်းနာမယ်လေ။

ဆိုရှယ်မီဒီယာမှာရော လုပ်ငန်းခွင်မှာပါ နိုင်ငံရေးတက်ကြွသူတစ်ယောက်အနေနဲ့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ နေရတာ အရမ်းအန္တရာယ်များမယ်ဆိုတာ သိပြီး နေ့စဉ်နဲ့အမျှ ခံစားခဲ့ရပါတယ်။ စိုးရိမ်စိတ်၊ အကြောက်တရား၊ ကြောက်ရွံ့မိလို့ခံစားရတဲ့အပြစ်၊ ဒေါသ၊ စိုးရိမ်ပူပန်မှုနဲ့ ကြောက်ရွံ့မှုကို ငြင်းဆိုမိတာ၊ ဝမ်းနည်းတာ၊ စိတ်ရှုပ်ထွေးတာတွေ။ စာရင်းတွေက မကုန်ဘူး။ ကမ္ဘာပေါ်က ဘာသာစကားတွေ ဒေသိယစကားတွေ ဘယ်လောက်ပဲရှိရှိ ဒီခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးအလုံအလောက်မရှိပါဘူး။

မောက်မာပြီး ကျဉ်းမြောင်းတဲ့ “လူကြီး” တွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့်၊ “နောက်မျိုးဆက်ကို ကူညီဖို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတစ်ဝှမ်း အာဏာလွန်ဆွဲနေကြတဲ့ “လူကြီး” တွေရဲ့ လုပ်ရပ်တွေကြားမှာ ဘယ်လိုလူငယ်ကမှ ဒီလို ကြီးပြင်းလာပြီး ဒီလို အကြောက်တရားကို ခံစားရဖို့ မသင့်ပါဘူး။

အထူးသဖြင့် COVID-19 တတိယလှိုင်းအပြင်းအထန်ဖြစ်ပွားနေခဲ့တဲ့အချိန်မှာ ထွက်ခွာဖို့အတွက် အရမ်းကိုခက်ခဲတာပါ။ လူတိုင်းက ဒီအချိန်ကို မှတ်မိကြမှာပါ - ကျွန်မတို့ အသိတွေဟာ အနည်းဆုံး တစ်နေ့တစ်ယေက် သေဆုံးနေတဲ့အချိန်ပေါ့။ ကျွန်မငယ်စဉ်က သင်္ချာကျူရှင် သင်ပေးတဲ့ ဆရာမ အပါအဝင် မိသားစုဝင်တွေနဲ့ သိတဲ့တခြားသူတွေကို ဆုံးရှုံးခဲ့ရတယ်။ အာဏာသိမ်းပြီး နှစ်တစ်ဝက်လောက်အကြာ တတိယလှိုင်းကြီးကြားမှာပဲ တခြားမြန်မာလူငယ်တွေလိုပဲ တိုင်းပြည်ကထွက်သွားပြီး အနောက်ကို ဘယ်လိုသွားရမလဲ ဆိုပြီး ကျွန်မသူငယ်ချင်းတွေနဲ့ စတင်တိုင်ပင်တွေးတောမိတယ်။

ထွက်သွားမိရင် (အနည်းဆုံးတော့ မှန်းဆရမယ့် အနာဂတ်အတွက်) နောက်ကြောင်းပြန်မလှည့်တော့ဘူး ဆိုတာကို သိသိကြီးနဲ့ ထွက်ခဲ့ပါတယ်။ အဲဒီနေ့ကို ကောင်းကောင်းမှတ်မိတယ်။ လေဆိပ်ကိုသွားတဲ့လမ်းကို တပ်မတော်က သံဆူးကြိုးတွေနဲ့ ပိတ်ဆို့ထားပြီး ဖြတ်သန်းဖို့ လမ်းအငယ်လေးတစ်ခုပဲထားထားတယ်။ အဲဒီအခါမှ သူတို့တွေက လိုင်စင်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်တွေကို စစ်ဆေးကြည့်ရှုနိုင်မှာလေ။ ကားမောင်းနေတဲ့ ကျွန်မဦးလေးက သူ့လိုင်စင်ပြပြီး ကျွန်မတို့ဆက်ထွက်လာတယ်။

Myanmar police during the Yangon protests. Picture with thanks to Min Lwin Htet

လေဆိပ်ကို ရောက်တဲ့အခါမှာတော့ ရဲအရာရှိတွေက အတွင်းရော အပြင်မှာပါ ဝိုင်းအုံနေပါတယ်။ သူတို့အဖွဲ့လေးတစ်ဖွဲ့က ဟောပြောပို့ချနေတဲ့ အကြီးတန်းအရာရှိကြီးတစ်ဦးရဲ့ရှေ့မှာ အမိန့်နာခံသလိုရပ်နေကြတယ်။ ကျွန်မ လေဆိပ်ထဲဝင်တော့ အရာရှိတွေက ကျွန်တော့်ညီမကို ခရီးသည်မဟုတ်တာကြောင့် ဝင်ခွင့်မပေးပါဘူး။ ပြောရမယ်ဆိုရင် ကျွန်မညီမကို ကျွန်မကောင်းကောင်းနှုတ်မဆက်လိုက်ရပါဘူး။ အခုချိန်အထိ နေ့တိုင်းစကားပြောနေပေမယ့်လည်း ဒါကိုတွေးပြီး စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ ဒါ့အပြင် အဓိကအချက်က ဒီစည်းမျဉ်းအသစ်တွေအကြောင်းပါ - အရင်ကဆို ခရီးသယ်တွေ နောက်ဆုံး လူဝင်မှုကြီးကြပ်ရေးမဖြတ်သန်းမီအထိ မိသားစုတွေဟာ ခရီးတွေနဲ့အတူ လေဆိပ်ထဲကိုလိုက်ဝင်နိုင်တယ်လေ။

နောက်ဆုံး လူဝင်မှုကြီးကြပ်ရေး ကောင်တာကို ရောက်တဲ့အခါမှာတော့ ကျွန်မရဲ့ နှလုံးက အရမ်းကိုခုန်နေပြီ။ ဒီခဏကာလလေးဟာ ကျွန်မ အတွက် လအတော်ကြာ အရမ်းစိုးရိမ်ပူပန်မှု အကြောင်းရင်းပါ။ လူဝင်မှုကြီးကြပ်ရေး လွန်မြောက်ပြီးတဲ့အခိုက်အတန့်မှာ ပြီးသွားပြီ၊ သွားလို့ရပြီဆိုတာ ကျွန်မသိတယ်။ စကားပြောဖူးသူတိုင်းက ကျွန်မကို မိုဘိုင်းလ်ဖုန်းထဲ ဓာတ်ပုံတွေကို ဖျက်ဖို့၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ဖုန်းတွေကို စစ်ဆေးမှာဖြစ်ပြီး၊ နိုင်ငံရေး အကြောင်းအရာ တစ်စုံတစ်ရာ တွေ့ရှိရင် ကျွန်မအရမ်းကို ဒုက္ခလိမ့်မယ်လို့ အတိအကျ ညွှန်ကြားထားကြတယ်။

ဒါပေမယ့်လည်း စိုးရိမ်ပူပန်မှုတွေကြားထဲက ကျွန်မဖုန်းထဲက အာဏာသိမ်း ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ အများကြီး၊ တပ်မတော်ကသာတွေ့သွားရင် ကျွန်မဒုက္ခရောက်နိုင်မယ့် ပုံတွေကို ဖျက်ဖို့ ကျွန်မ ငြင်းဆန်ခဲ့ပါတယ်။ အားလုံးကိုရှင်းပစ်ဖို့ပျင်းနေခဲ့တယ်။ ဒါပေမယ့် ငါးမိနစ်လောက် အတွင်းမှာပဲ ပြောခဲ့သူအားလုံးမှားတယ် ဆိုတာသိလိုက်ရတယ်။ အနည်းဆုံးတော့ ကျွန်မအတွက်တော့ ဒီညွှန်ကြားချက်တွေဟာ မှားတယ်။ ကျွန်မဖုန်းကို ဘယ်သူမှ မစစ်ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရကျန်းမာရေးစောင့်ရှောက်မှုမှာ ဆက်မလုပ်ဖို့ ငြင်းဆိုခဲ့တဲ့ Civil Disobedience Movement (CDM) မှာ ပါဝင်ခဲ့တဲ့ ကျွန်မသူငယ်ချင်းဆရာဝန်တစ်ဦးကလည်း ကျွန်မနံ လေယာဉ်တစ်စဉ်းထဲပဲ။ ကံကောင်းထောက်မစွာနဲ့ သူ့ဖုန်းကိုလည်း မစစ်ဆေးခဲ့ကြဘူ။ နောက်မှ ကျွန်မတို့ သိရှိခဲ့ရတာကတော့ ဆေးရုံအကြီးအကဲလိုမျိုး CDM လှုပ်ရှားမှုတွေမျာ ပါဝင်တဲ့ အဆင့်မြင့် တက်ကြွလှုပ်ရှားသူတွေနဲ့ အဆင့်မြင့် အရာရှိတွေကိုပဲ အသေအချာ စစ်ဆေးတယ် ဆိုတာပါပဲ။

လေယာဉ်မတက်ခင်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်းက ဖိနပ်တွေကို ပလပ်စတစ်နဲ့ထုပ်ပြီး ဆံပင်ကို ရေချိုးခန်းထုပ်တွေထည့်တာအပါအဝင် Covid-19 PPE ဝတ်စုံတွေ အပြည့်ဝတ်ခိုင်းပါတယ်။ စစ်အာဏာပိုင်တွေဟာ ကူးစက်ရောဂါသတိပေးချက်တွေကို သူတို့ရဲ့ပုံမှန်ပုံစံအတိုင်း လုပ်ဆောင်နေတာကိုကြုံတွေ့ရတာ ရယ်ရမလို ငိုရမလိုနဲ့ ကြေကွဲဖွယ်ကောင်းပါတယ်။ အမှန်တကယ်အရေးကြီးတဲ့အရာတွေကို လုံးလုံးလျားလျားဖျက်ဆီးနေတဲ့အချိန်မှာ အရမ်းအရေးမပါတဲ့အရာတွေကို အလေးပေးနေတာကို တွေ့ရတဲ့အတွက်ပါ။

လေယာဉ်ပေါ်မှာ ကျွန်မရဲ့ခုံကပြတင်းပေါက်ထိုင်ခုံ။ ပစ္စည်းတွေ သိမ်းပြီး ထိုင်ချလိုက်တာနဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်ပြီး ကိုယ့်နိုင်ငံကို ကိုယ်ထိလက်ရောက် မမြင်ရသရွေ့ မျက်စိမမှိတ်ဘူးလို့ ကိုယ့်ကိုကိုယ်ပြောလိုက်တယ်။

ဘာလို့လိုတော့ ကျွန်မဟာ အိမ်တစ်လုံးထဲကို နှုတ်ဆက်ရုံတင်မဟုတ်ဘူး။ အိမ်သုံးလုံးကို နှုတ်ဆက်ရမှာဖြစ်လို့ပါ။

ကျွန်မရဲ့ အမွေအနှစ်က ရှမ်း နဲ့ ကရင် ပါ။ ဆိုတော့ ရှမ်းပြည်တောင်တန်းတွေ၊ တို့ဟူး၊ ခေါက်ဆွဲ၊ လေကောင်းလေသန့်၊ ကျယ်ပြန့်တဲ့နေရဒေသ၊ ဈေးမှာ အမြဲအစားအသေက်ပိုပေးနေကြ ပအိုဝ်းအဒေါ်တွေ၊ ငယ်သူငယ်ချင်းတွေ၊ အဓိက မိသားစုအားလုံးကို နှုတ်ဆက်ရမှာလေ။

The lush Karen landscape

ဒီလိုပဲ ကရင်ပြည်နယ်က တောင်ကုန်းတွေ၊ စပ်ရှုးရှဲအစားအစာတွေ၊ သစ်သားတဲကြီးတွေ၊ အချင်းချင်းအိမ်တွေကို ဖြတ်ကျော်ပြီအလယ်သွားကြတာတွေ၊ အဓိကအားဖြင့် စစ်မြေပြင်မှာနေနေရတဲ့ ကျွန်မမိသားစုအားလုံးကိုလည်း နှုတ်ဆက်ရမယ်။ သူတို့ကို ဘယ်တော့မှ ပြန်တွေ့မယ်မှန်း မသိဘူး။

နောက်ဆုံးနှုတ်ဆက်ဖို့ကတော့ လေယာဉ်က ကောင်းကင်ထက်ကို ပိုတက်လာပြီး တိမ်တွေအောက်မှာ ပျောက်ကွယ်သွားတဲ့ ကျွန်မရဲ့နိုင်ငံ မြန်မာပြည်ပါပဲ။

လေယာဉ်ပျံတက်ချိန်ကစပြီး စီးကျလာတဲ့ မျက်ရည်တွေဟာ ကျွန်မတို့တိုင်းပြည် မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး သွားမယ့်နိုင်ငံ ရောက်တဲ့အထိ ဆက်လက်ကျနေဆဲပါ။

ကျွန်မတို့ရဲ့ တိုင်းပြည် ကျွန်မတို့ရဲ့မျက်ရည်တွေကြားမှာ နစ်မြုပ်နေချင်းမှ ဘယ်အချိန်ကြမှ လွပ်မြောက်မလဲ။

ပန်းချီ − JC