စာရေးသူသည် ယခု ပြည်ပရောက် မြန်မာသတင်းထောက်ဟောင်းတစ်ဦးဖြစ်သည်။ သူမသည် ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီပါသည်။
ဇန်နဝါရီ လ ၃၁ ရက် ၂၀၂၁ (ည ၉နာရီ ခွဲ အင်းလျားလမ်း တစ်နေရာ.)
မနက် ၉နာရီကနေ ည၉နာရီအထိ အလုပ်လုပ်နေရတဲ့ နေ့ရက်တွေက ကျွန်မနဲ့ အသားတကျ ရှိနှင့်ပြီးပါပြီ။အိမ်ပြနောက်ကျတာ အခုလို ညမျိုး မကြာ မကြာ ရှိခဲ့ဖူးပါတယ်။နိစဓူဝ လှုပ်ရှားပင်ပန်းသမျှက ည အိပ်ချိန် “ဂွတ်နိုက် ဘေဘီလေးတို့ .. မနက်ကျရင် စောစောထ ပြီး မေမေ့ကြက်ဥကြော် စားပေးအုံးနော် ..” ဆိုတဲ့ နှုတ်ဆက်သံကို စောင့်နေမဲ့ လူသားနှစ်ယောက် ရှိနေတဲ့ အတွေးက အိမ်အပြန်လမ်းအပေါ် က ကျွန်မ အတွက် ခွန်အားတစ်ခုပါ။
အခု ညကတော့ ကျွန်မ အတွက် အရာရာကိုအလျင်စလို ဖြစ်နေသလို... တစ်ခုခုကို မကြာခင် လက်လွတ်ဆုံးရှုံရတော့မလိုဖြစ်နေတဲ့ ခံစားချက်ကိုကိုယ် တိုင် မနှစ်မြို့.....
ထူးခြားတယ် လို့ ထပ်ပြောရမှာက အိမ်မပြန်မီ တွေ့ကြ တဲ့ စကားဝိုင်းမှာ ပုံမှန်ဆိုရင် လုပ်ငန်း နဲ့ ဆိုင်တာတွေ ပဲ ဆွေးနွေးဖြစ်ကြပေမယ့် ဒီနေ့ဆွေးနွေးမိတဲ့ ခေါင်းစဉ် က လက်ရှိ ရွေးကောက်ပွဲအနိုင်ရ အစိုးရဆီက စစ်တပ်က အာဏာပြန် သိမ်း/မသိမ်း။
ဇန်နဝါရီ ၂၆ ရက်က “အာဏာမသိမ်းဘူးလို့မှတ်ယူလို့မရကြောင်း တပ်မတော် ကပြော “ဆိုတဲ့ သတင်းတွေကြောင့် ဒီအကြောင်းကို ဆွေးနွေးတော့ .. အားလုံး က အာဏာသိမ်းဖို့ ပြင်နေခဲ့တယ်လို့ ခန့်မှန်း ခဲ့ကြတယ် ဒါပေမယ့် မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲကပဲ လုပ်ဆောင်မယ်လို့ဆိုခဲ့တဲ့အတွက် အာဏာသိမ်းဖို့ကို နောက်ဆုတ်သွားပါပီလို့ တစ်ဖက်က ပြန်ဆွေးနွေးခဲ့ကြတယ်။
နိုင်ငံရေးကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ် စစ်အာဏာသိမ်းတာ တိုင်းပြည်အတွက်ဆိုးကျိုးပဲမို့ အာဏာသိမ်းဖို့ကြံစည်မယ်ဆို ဒါ သူရူးနေတာ ရူးသွားမှသာ သိမ်းမှာ လို့ ကျွန်မက တုံ့ပြန်ဆွေးနွေးခဲ့တယ်။ ဒီလိုနဲ့စကားတွေအနားမသတ်ပဲ ကျမရဲ့ ရင်နှစ်သည်းချာ နှစ်ယောက်မျက်နှာကိုတွေ့ရဖို့ စိတ်ထည့်ပြီး အိမ်အရောက် ပြန်ခဲ့တယ်။
ရောက်တော့ မျှော်လင့်သလိုမဟုတ်ပဲ ပုံမှန်ထက် နောက်ကျလို့ သူတို့လေးတွေ အိပ်ယာဝင်နှင့်ပြီးဖြစ်နေပါပြီ။
မှတ်မှတ်ရရ ည တစ်ည ပါပဲ။
ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီ ခွဲ
အခန်းတံခါးကို တောက်လျောက်ခေါက်သံ က အိပ်မောကျနေတဲ့ ကျွန်မကို နှိုးစေခဲ့တယ်။ မျက်လုံးများကတော့ ပိတ်လျက်ပေမယ့် “လော့မချထားဘူး ဝင်ခဲ့လို့ရတယ် ..ဘာဖြစ်လို့လဲ” ဆိုပြီး ပြောလိုက်တဲ့ကျွန်မ အသံ မဆုံးခင်မှာပဲ တုန်ရီ ပြီး မောနေတဲ့ အသံ နဲ့ အသက် ၆၀ ကျော် ကျမ အဒေါ်ဖြစ်သူ။
သူ့ ရဲ့ အသံကြောင့် အိပ်ယာပေါ် ငေါက်ကနဲ့ ထထိုင်မိလျက်သား “ဘာလိုလဲ ဟင်”အမေးကို.. “သမီး သူတို့ အာဏာသိမ်းလိုက်ကြပြီ..” သူမ လေသံ က အက်ကွဲပြီး တိုးလွန်းတယ်။
“ဘာလို ..ပေါက်က ရ တွေ အန်တီကလဲ ..ဒီ လောက်အစောကြီး ဘယ် ကသတင်းတွေ လျှောက်ဖတ်ပြီး ပြောတာလဲ.”ကျွန်မ က ပြန် အပြော သူ က “ငါ ပြောတာမယုံရင် ဖုန်းလေးဘာလေး ဖွင့်ကြည့်” ဆိုပြီး ထငေါက် ပါလေရော။
သေချာအောင် ခေါင်းအုံးဘေး အသင့်ရှိတဲ့ စမတ်ဖုန်း ကို ကောက်ကိုင် လိုက်တဲ့ အချိန်မှာ ဝင်လာတဲ့ အရင်သတင်းဋ္ဌာနကလုပ်ဖော်ကိုင်ဘက်က မက်ဆေ့ပို့ထားတာတွေ ကျွန်မ တစ်ကိုယ် လုံး အေးဆက်သွား ခဲ့ပါတယ်။
ကျွန်မ မယုံပါဘူး ယုံလို့မရပါဘူး .. ယုံကြည်ရတဲ့ မိတ်ဆွေတွေ ဆီ ထပ်ပြီးမက်ဆေ့ ပို့ပါတယ် .. အခု သတင်း ကို အတည်ပြုပေးနိုင်သလားပေါ့.. ကိုယ် တိုင်က သတင်းသမား ဟောင်း တစ်ယောက်ဆိုတော့ သတင်းတစ်ခုကို ရရ ချင်း ဘယ်လိုတုန့်ပြန်ရလဲ ဘယ် လိုအတည်ပြုရလဲဆိုတာ သွေးသားထဲက ကျွမ်းကျင်မှုဖြစ်တဲ့အတွက် ယုံကြည်ရတဲ့ အသိုင်းအဝိုင်းကို ဆက်သွယ်ခဲ့ပါတယ်။
ဆက်သွယ် သမျှသူတွေ အကုန် တစ်ပြိုင်တည်း လိုင်း ပေါ်မှာ Active ဖြစ်နေပြီး ချက်ချင်း ဖုန်းကိုင်ဖြေပေးကြတော့ ဒါ သေချာသွားခဲ့ ပြီဆိုတာ လက်ခံလိုက်ရတယ်။
ကျွန်မ ပြန်မအိပ်နိုင်တော့ပါ... ဘယ်နှစ်ခေါက် လမ်းလျောက်နေမိလဲလည်း မမှတ်တော့ပါ။
မှတ်မိနေတာတွေက…
ကော်ဖီတွေထဖျော်ပါတယ်။
ပါးစပ် က သူတို့ တိုင်းပြည်ကို လုပ်ကြံပီ ဆိုတာ အခါ ခါ ပြောနေတယ်။.
မျက်ရည်တွေဝဲနေတယ်။
ရင်ထဲ မှာ ဘာမှန်း မသိ တအားစို့နင့်နေတယ်။
အိပ်မော ကျ နေတဲ့ ကလေး တွေကို ဘယ်နှစ်ကြိမ်မှန်း မသိ သွားကြည့်ဖြစ်တယ်။
အဒေါ်ဖြစ်သူရဲ့ မေးခွန်းတွေ ကို ဘာတစ်ခု မှ ပြန် မဖြေပဲ ပြောချင်ရာတွေ ပြောနေမိတာ ကျွန်မ မှတ်မိတယ်။
မနေ့က ညက ပြောမိသလို့ သူတို့ ရူးသွားကြပြီ လို့ ပါးစပ်က ရေရွတ်နေမိတယ်။
တကယ်ကို ရူးသွပ်စေတဲ့ မနက်တစ်ခင်းပါ။
အဲဒီနေ့ကရုံးသွားရာလမ်းတစ်လျောက် အသက်ငင်နေတဲ့ လူမမာ ဘေးမှာ မိသားစုက အသံတစ်စက်ကလေးမှ မထွက်ပဲ ကြိတ်ပြီးစိတ်ထဲအော်ငိုနေသလို ခံစားမှုမျိုး ရခဲ့တယ်။ ရုံးမှာလဲ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာက ကျွန်မလိုပဲ စိုးရိမ်မှုတွေ။ တချို့ ဆီမှာ ဒေါသတွေကိုပါ တွေ့တယ်။
ဖေဖော်ဝါရီ ၂ ရက်
တိုင်းပြည်အာဏာကို ပြည်သူမလိုလားပဲ သိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက် ဝေလီ ဝေလင်းကတည်း က လူမှုကွန်ယက် စာမျက်နှာ မှာ အမဲရောင် ပရိုဖိုင်းတွေ ကိုအဆက်မပြတ် တွေ့လာရတယ်...ကိုယ်တိုင်လဲ ဒီစာမျက်နှာနဲ့ သတင်းတွေကို ပဲ အဆက်မပြတ်စောင့်ကြည့်နေမိတယ်။
မနေ့က အသက်ငင် ခဲ့ရတဲ့ ရန်ကုန်က က ဒီနေမှာတော့ နတ်ဆေးသောက်ပီး ရှင်သန် နိုးထလာသလို ခံစားချက်ကို ကျမ ခံစားလိုက်ရတယ်။
ဆရာဝန်တွေ ကျောင်းသားတွေက စပြီး CDM ကို စပြီး အသက်သွင်းလိုက်ကြတယ်...ကျွန်မ တို့တွေ ကားတွေ ပေါ်ကနေ အချင်းချင်း ဟွန်းတွေတီး ပီး အချက်ပြ ပါဝင်ခဲ့ကြတယ်။
ရန်ကုန်မြို့ က ပြည်သူတွေက ထွက်လို့ ရတဲ့၊ အသံကျယ်မယ်ထင်တာ တွေ အကုန်လုံး ကို ကိုယ် နည်း ကိုယ့်ဟန်နဲ့ တီး ကြ အော်ကြရင်း အာဏာရှင် အလိုမရှိဘူးဆိုတာ ကို ထုတ်ဖော်ပြလာတာ ဟာတဦး နဲ့ တစ်ဦး ညှိုနှိုင်း ပြင် ဆင် မထားပါပဲ သူ့အလိုလို တစ်ထပ်တည်းကြခဲ့ ကြတာကို အခုထိ မှတ်မိနေသေးတယ်။
ဖေဖော်ဝါရီ ၆ ရက်
ကျွန်မ အသက်၃၅ နှစ်သက်တမ်းမှာ ပထမဦးဆုံးအနေနဲ့ မတရားမှုကို မကျေနပ်ကြောင်းထုတ်ဖော်ဖို့ လမ်းပေါ်ကိုထွက်ခဲ့တယ်။ လူမှုကွန်ယက်ကို သုံးပြီး ကိုယ်တိုင်သဘောထားကို ထုတ်ဖော်နေကြတာ သတင်းအချက်အလက်တွေ ဖြန့်ဝေနေကြတာကို ပိတ်ပင်ဖို့ ရည်ရွယ် ချက်နဲ့ အင်တာနက်ဆက်သွယ်မှုတွေကို ဖြတ်တောက်လိုက်ပေမယ့် ပြည်သူတွေ၊ အထူးသဖြင့်လူငယ်တွေလမ်းပေါ်စရောက်ခဲ့ကြပါတယ်။
မနက်မိုးလင်းတာနဲ့ အင်တာနက်ကြည့်ပြီးကော်ဖီသောက်ကြတဲ့ မျိုးဆက်သစ်တွေရှိနေပြီဖြစ်တဲ့ မြန်မာပြည်ကို သတင်းအချက်အလက်နည်းပညာ အမှောင်ချဖို့ ကြိုးပမ်းမှုကို ဒေါသတကြီးတုန့်ပြန်ခဲ့ကြပါတယ်။
သီတင်းတစ်ပတ်နောက်ပိုင်းကာလတွေမှာ စစ်တပ်ရဲ့ အာဏာသိမ်းဖြစ်စဉ် ကို ဆန့်ကျင်တော်လှန်တဲ့ လှုပ်ရှားမှုတွေနဲ့ဆက်တိုက် လုပ်ဆောင်လာတဲ့ လှုပ်ရှားမှုတွေထဲ ကိုယ်တိုင် ပါ လို့ပါမှန်းမသိပါခဲ့ပြီး ပိုပြီး သေချာသွားတာက ဖေဖော်ဝါရီ ၁၉ ရက် နေပြည်တော် မှာ ကျည်အစစ် နဲ့ ပစ်ခဲ့ လို့မြမသွဲ့သွဲ့ ခိုင် သေဆုံးမှု ကြောင့် ဝမ်းနည်းနာကျည်းမှုတွေပိုပြီး ပြည့်နှက်လာကြတာ။
ကျွန်မ ကိုယ်တိုင်ရဲ့ အဲဒီနေ့ခံစားချက်မှာ အမှန်တရားကို ပြန်ရမယ်ဆိုရင် ကျွန်မမ တို့ တစ်ဦးချင်းကို သေနတ်နဲ့ ပစ်ခံရမယ်ဆို ကျွန်မလဲ အဆင်သင့်ပဲ လို့ ပါးစပ်က ထုတ်ပြောမိတဲ့အထိဖြစ်ခဲ့တယ်။ တကယ့်ကို အရွယ်မရောက်သေးတဲ့ သားလေး နဲ့ သမီးလေး ကို ထားခဲ့ပြီး ဒီ အတွေး တွေး လိမ့်မယ်လို့ကိုယ် တိုင်တောင် မယုံနိုင်ဖြစ်သွားခဲ့တယ်...
ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၂
အာဏာသိမ်းမှု တစ်နှစ်ပတ်လည်တဲ့ နေ့မှာ ကျွန်မ မိသားစုရဲ့ဝေးရာမှာ ရောက်နေပါပြီ။ ကျွန်မရဲ့ရင်နှစ်သည်းချာ နှစ်ယောက်ကိုထားခဲ့ရတယ်။ ကိုဗစ် တတိယလှိုင်းဝင်တော့ အိမ်ကလူတွေအကုန် positive ဆိုတဲ့သတင်းရတဲ့နေ့မှာ ဘာဖြစ်ဖြစ်အိမ်ပြန်မယ်လို့ တွေးမိတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ပြန်သွားရင်လဲ ကိုယ်တိုင်လဲ ကိုဗစ်ဖြစ်ရင်ဖြစ် မဟုတ်ရင် အဖမ်းခံရင်ခံရမယ်..ဘာမှ ကောင်းတာရှိမှာ မဟုတ်ကြောင်း ဖြောင်းဖျပါတယ်။
ဒါပေမယ့် ကျွန်မ ဘယ်လိုမှ မငြိမ်းအေးနေနိုင်ပါဘူး... အစားအသောက်ပျက်ပြီး အောက်ဆီဂျင်ကျ တဲ့နေ့တွေဆိုကျမ သူတို့နဲ့အတူရှိမနေနိုင်တာကို ကိုယ်ကိုကိုယ်အပြစ်တင်လို့မဆုံးပါဘူး။ ညသန်းခေါင်တိုင်း ဖုန်းသံ ကြားရပီထင်ပြီးလန့်နိုးခဲ့ရတဲ့ရက်တွေပါ။
ဆရာဝန်မရှိ၊ ဆေးကုသမှုမရှိ ကြားထဲက ကံကောင်းစွာနဲ့ သူတို့ အသက်ဆက်ရှင်နိုင်ခဲ့ ကြတယ်။
ကျွန်မလည်း အနည်းဆုံးတော့ အသက်ရှင်သန်ကျန်နေသေးပါတယ်။ မိသားစုအနာဂတ်နဲ့ အနာဂတ်နိုင်ငံတော်အတွက် လုပ်နိုင်တာထက်ပိုပြီး ပေးနိုင်ဖို့ ကျွန်မ စိတ်ကို အခုထက်သန်မာအောင် လေ့ကျင့်ယူနေ ပါတယ်။
ကျွန်မရဲ့ ၂၀၂၂ နှစ်သစ် ဒိုင်ယာရီကတော့ အဖွင့်ကအကျည်းတန်လွန်းပါတယ်... အာဏာသိမ်းမှု နှစ်ပတ်လည်ဆိုတာကို ကျွန်မ တကယ်တော့ မှတ်တမ်းမတင်လိုပါဘူး။
ဒါကြောင့် အနာဂတ်ကိုဘယ်လိုပုံမြင်ချင် ဘာလိုဖြစ်ချင်လဲဆိုတဲ့ မေးခွန်းများ မေးလာခဲ့ရင် လာမယ့် နှစ်ပတ်လည်မှာ အာဏာသိမ်းမှု နှစ်ပတ်လည်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဒိုင်ယာရီ ကျွန်မ ထပ်မရေးလိုတော့ပါလို့ ဖြေချင်ပါတယ်။
အာဏာရှင်စနစ် မုချ သေဆုံးပါစေ။
ပန်းချီမှာ Art for Freedom (Myanmar) မှဖြစ်ပါသည်။