စာရေးသူသည် ကယားပြည်နယ်မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
ကလေးငယ်ငယ်ရှိတာမို့လို့ ညတရေး နိုးတပ်တာက အကျင့်ဖြစ်နေပါပြီ။ နိုးတာနဲ့ ဖုန်းကောက်ကိုင်ရမှ မတွေ့ရင် ဖုန်းကိုလိုက်ရှာ တွေ့ရင် ဖေ့ဘုတ်ဖွင့်ဟိုကြည့်ဒီကြည့်ရမှ ကျေနပ်ရတဲ့ခောတ်မှာ မနက်၄း၀၀ နာရီကျော် မနက်ခင်းတစ်ရက်မှာ အပ်ယာကနိုးပြီး ခေါင်းရင်းခုံပေါ်က ဖုန်းကိုကောက်ကိုင်လိုက်တယ်။
သတင်းကြည့်ဖို့ ဖတ်ဖို့ မျှဝေဖို့ စတင်လိုက်ချိန်မှာပဲ ဖုန်းလိုင်မရှိ အင်တာနက်လိုင်းလဲ မရဖြစ်နေခဲ့တယ်။ မျက်လုံးတွေကျယ်လာပြီး ကိုယ့်ဖုန်းက ပျက်သွားသလား ဆင်းကတ်များပျက်သွားလားဆိုပြီး ဖုန်းကို ပိတ်လိုက်ဖွင့်လိုက် ဆင်းကဒ်တွေ တစ်ခုပြီး တစ်ခု ပြောင်းထည့်ကြည့်ခဲ့မိတယ်။
တစ်မျိုးပြီးတစ်မျိုးထည့်လိုက်နှင့်အလုပ်ရှုပ်သွားချိန် အံ့သြမင်သက်မိသွားလို့ မိသားစုဝင်တို့ကို လိုက်လံနိုးပြီး ဖုန်းတွေ ယူကြည့်ခဲ့ရာ ကိုယ်နဲ့ တူနေခဲ့တာ သတိထားမိလိုက်တယ်။ အဲဒီနေ့က ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ ခုနှစ် စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့ မနက်ခင်းပေါ့။
ဪအရင်လက ကောလဟာလ ဟာ အခုတော့ အတည်ဖြစ်သွားပြီလားဆိုပြီး ထိပ်လန့်သွားမိတယ်။ အိမ်ကသူတွေကို အခြေအနေတွေ လိုက်ပြောပြခဲ့တယ်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ထကြတော့ ထကြတော့ သတိနဲ့သွားလာကြ အခု လိုင်းတွေ အကုန်ပြတ်ကုန်ပြီဆိုပြီး အိမ်မှာရှိတဲ့ မိသားစုဝင်တွေ သတိပေးပြီး လိုက်အော်မိခဲ့တယ်။
အဲဒီနောက် ဝေလီဝေလင်းချိန်ခါ ကျွန်မတို့မြို့ရဲ့အစည်ကားဆုံး ဒီးမော့ဆိုဈေး တနင်္လာဈေးကို ဝယ်စရာရှိတာကိုဝယ်ဖို့ ကားနဲ့အပြေးသွားချိန်မှာ ဈေးဘက်သွားတဲ့ လမ်းမထိပ်မှာ စစ်တပ်တွေက အပြည့်နေရာယူထားကြပြီးတော့ ကားကိုတားဆီးပိတ်ပင်ထားပြီး နောက်ပြန်လှည့်ခိုင်းတယ်။
အဲဒီကနေပေးမဖြတ်ပဲ တခြားလမ်းကိုသွားဖို့ ပြန်လှည့်ခိုင်းတော့ ကျွန်မ အရမ်းရင်တွေတုန်လှုပ်ခဲ့ရတယ်။ ဘာတွေများ စစ်ဆေးမလဲပေါ့။ ဘယ်မှာ ဘာတွေရှိအုံးမလဲ ဆိုပြီး စတဲ့အတွေးတွေနဲ့ ပြန်လှည့်ခဲ့ရပြီး တခြားလမ်းကနေ ဈေးကိုပြန်သွားခဲ့ရတယ်။
ဈေးရောက်တော့ အံ့ဩ စွာနှင့်ငေးကြည့်မိတော့တယ်။ ဈေးဝယ်သူရောင်းသူမရှိ ရပ်ကွက် ထဲကဈေးသည်အချို့သာရှိပြီးတော့ မေးခွန်းပေါင်းသောင်းခြောက်ထောင်နဲ့ အချင်းချင်း ကြိုဆိုမေးမြန်းမှုတွေသာရှိခဲ့ကြတယ်။ ဖုန်းလိုင်းမရှိတဲ့ကျွန်မတို့က လူအချင်းချင်းသာ သတင်းပေးကြပါတော့တယ်။ အရင် ၂၀၁၀ မတိုင်ခင်က အတိုင်းပဲ ဘာဖုန်းမှ မကိုင်ဖူးသေးတဲ့ခေတ်ပြန်ရောက်သွားသလိုပါပဲ။
ဟိုဘက်မှာစစ်သားတွေလမ်းပိတ်ဒီဘက်မှာ စစ်သားတွေတွေ့ရ လွိုင်ကော်ဘက်ကနေ လာတဲ့ဈေးသည်ကားတွေကို စစ်သားတွေက ပိတ်ခံရဆိုပြီး ဈေးသည်အချင်းချင်း သတင်းတွေ ဖလှယ်နေခဲ့ကြတယ်။ စစ်သားတွေကို တွေ့ခဲ့ကြတဲ့ ဈေးသူဈေးသားတွေအားလုံးက ကြောက်လန့်နေခဲ့ကြတဲ့ မျက်နှာနဲ့ တွေ့ခဲ့ရတယ်။
အဲဒီမနက်လမ်းလျှောက်ထွက်နေကျ ဦးလေးတစ်ဦးရဲ့ ရေဒီယိုကထွက်လာတဲ့ မဲမသာမာမှုကြောင့် စစ်ကောင်စီက အာဏာ သိမ်းယူထားကြောင်းကြေညာနေတာကို ဝိုင်းပြီး နားထောင်နေခဲ့ကြတယ်။ ဒီစနစ်ဆိုးက ဓာတ်ပြားဟောင်းပဲ အဲဒီအရသာ ကို မည်သူမျှမခံစားနိုင်ဘူးဆိုတာ သိလိုက်ရတယ်။
အဲဒီနောက် လွိုင်ကော် ၊ ဒီးမော့ဆို မြို့သွားလာတဲ့ ကားလမ်းမတစ်လျှောက်မှာလည်း စစ်တပ်ကနေပြီး ကားပေါ်မှာ စစ်သားတွေအပြည့်သေနတ်တွေ အဆင်သင့်ကိုင်ထားတဲ့စစ်ကားတွေနဲ့ တင့်ကားတွေက လှည့်လှည်။ အင်အားပြတာလား။ ဘာလားတော့ မသိပါဘူး။ အိမ်ရှေ့ကို ဖြတ်သွားလိုက် ၊ ဖြတ်လာလိုက်နဲ့ တွေ့နေရလို့ ပုံတွေဘာတွေ ရိုက်ချင်ပေမယ့်လည်း မရိုက်ရဲခဲ့ဘူး ကြောက်စိတ်တွေကဝင်လာမိတော့ အိမ်ရှေ့မှာပဲ မသိမသာလေး ရပ်ကြည့်နေခဲ့ရတယ်။
နောက်ရက်အနည်းငယ်ကြာတော့ တစ်မြို့လုံး တစ်ပြည်လုံးက စစ်အာဏာရှင်အလိုမရှိ၊ ဖမ်းစီးထားတဲ့နိုင်ငံခေါင်းဆောင်များလွှတ်ပေးရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတဲ့ ဘုံသဘောတူတောင်းဆိုချက်နှင့်အတူ လမ်းပေါ်တက် ဆန္ဒ ဖော်ထုတ်ကြတဲ့ ပြည်သူတွေရဲ့ အသံတွေ စကြားလာရပါတော့တယ်။
ကိုဗစ်ကာလ ကူးစက်ရောဂါက တစ်မျိုး အာဏာသိမ်းပြီးတော့ စစ်ကောင်စီက လိုက်လံဖမ်းဆီးတာကို ရှောင်ရှားရတာက တစ်မျိုးနဲ့ ဘဝက စိတ်ပျက်စရာတွေနဲ့ နေ့တဓူဝကြုံခဲ့ရပါတယ်။ မေလ ၂၁ ရက်နေ့ မှတ်မှတ်ရရ ဒီးမော့ဆိုမြို့ပေါ်မှာ လက်နက်ကြီးတွေရဲ့ ထုသံတွေကြောင့် လမ်းမပေါ်က ပြေးလွှားနေကြတဲ့ ပြည်သူတွေ အခုချိန်ထိ မြင်ယောင်နေမိတယ်။
အာဏာသိမ်းပြီး ၃ လအကျော်မှာပဲ စစ်ကောင်စီက အိမ်ကိုဝင်စီးတဲ့နေ့မျိုးကိုတော့ ဘယ်မေ့လို့ရမလဲ။ ညနေခင်းတခုမှာ ဖုန်းဝင်လာခဲ့တာလေး။ "နင်တို့အိမ်ကို စစ်သားနဲ့ရဲတွေနင်တို့ ခြံနဲ့ပတ်ပတ်လည်လည်အပြည့်ပဲ လာဝိုင်းပြီး နင့်ကိုလာရှာသွားပြီ နင်တို့အိမ်က ပစ္စည်းလည်း အကုန်သယ်ထုတ်သွားတယ်" ဆိုတဲ့ အသိမိတ်ဆွေ အိမ်နီးချင်းတယောက် ဖုန်းဆက်ပြောလာခဲ့တယ်။
အဲဒီညတွင်းချင်းပဲ ရောက်တဲ့နေရာကနေ လူမသိသူမသိ တောတခုထဲကို ကလေးငယ်တွေနဲ့ မိသားစုလိုက် သွားအိပ်ခဲ့ရတာ ။ အဲဒီနေ့ ကံကောင်းချင်လို့ အချိန်မှီလေး မိသားစုနဲ့ တခြားနေရာလေးမှာ ရွှေ့နေထားလို့ ကံကောင်းခဲ့ ရတဲ့နေ့ပေါ့။
အရင်ကိုဗစ်ကပ်ရောဂါလည်းမရှိ စစ်ကောင်စီက အာဏာလည်းမသိမ်းခင်အထိတော့ မိသားစုနဲ့ ကလေးတွေနဲ့ အလုပ်နဲ့ ရုံးနဲ့ ပုံမှန်လည်ပတ်နေခဲ့တဲ့ဘဝက လုံးဝကို ပျက်သုန်းခဲ့ရပါတယ်။ အမျိုးသားက ဈေးဆိုင်ဖွဲ့ ကလေးနှစ်ယောက်ကို မိဘတွေက ပြုစုစောင့်ရှောက် ကာ အားလက်ရက်တွေမှာ မိသားစုလိုက် အထင်ကရ နေရာတွေလည်ပတ် ခဲ့ကြတယ်။
ခုတော့ဖြင့်နေထိုင်ရခြင်းက လုံခြုံမှု လုံးဝမရှိတော့တဲ့ ဘဝအဖြစ် ခံစားရပါတော့တယ်။ စစ်ကောင်စီက အာဏာသိမ်းပြီး နှစ်ပတ်လည်မှာတော့ အိုးအိမ်စွန့်ခွာပြီး အနာဂတ်မဲ့သွားတဲ့ကလေးတွေနဲ့ ရောက်တဲ့နေရာမှာ ဖြစ်သလိုဘဝကို အကောင်းမှတ်ယူနေထိုင်နေရပါတော့တယ်။
ရောက်တဲ့ နေရာမှာ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ဘေးရှောင်တွေနဲ့ဘဝအတူတူဖြတ်သန်းခဲ့ရပါတယ်။ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲတွေ ကို ကိုယ်တွေ့ကြုံတွေ့ရတာတွေနဲ့အတူ လက်ထဲမှာကျန်နေသေးတဲ့ ဖုန်းတလုံးနဲ့ သတင်းတွေ ဆက်လက် ရိုက်ကူးရင်း ကမ္ဘာက သိအောင် ပေးပို့လျက်ပါ။ ဒါ့အပြင် လက်လမ်းမှီတဲ့ တော်လှန်ရေးထဲရောက်လာတဲ့ လူငယ်တွေ အကြောင်းအရာတွေကို ၊ ရဲဘော် မိသားစုဝင်တွေအကြောင်းတွေရဲ့ ဘဝတွေကို ဆက်လက်ရေးသားဖော်ထုတ်ခဲ့တယ်။
အခုတော့ အလုပ်အကိုင်မဲ့ရုံမက တချို့ ပြန်စရာအိမ်မရှိ၊ တချို့မိသားစုမစုံ၊ တချို့အိမ်ကိုမပြန်နိုင် ၊ တချို့ကထောင်ထဲ၊ တစ်ချို့တောထဲ၊ အနာဂတ် ဝေဝါး ၊ မျက်ရည်တွေ ခမ်းခြောက်ခဲ့ရပါတော့တယ်။ ဘဝမှာ ဒီအာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်မည့်တနေ့ မိသားစုတွေ တစုတစည်း အိမ်ပြန်နေနိုင်မည့် တနေ့ကိုပဲ မျှော်လင့်မိပါတယ်။
အပေါ်ဆုံးပန်းချီကားဆွဲသူမှာ JC ဖြစ်ပြီး စာပိုဒ်ပန်းချီကားမှာ Art for Freedom (Myanmar) ကဖြစ်သည်။