စာရေးသူသည် မြန်မာနိုင်ငံအလယ်ပိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။
မတ်လ ၂၀၂၂
ဗုံးသံစစ်ပွဲတွေက ကျွန်မတို့ရှိရာဆီ မြို့ထဲအထိ ရောက်ရှိလာခြင်းမရှိသေးပေမယ့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ ကို ဗစ်ကပ်ရောဂါကတော့ အနီးကပ် ရောက်ရှိလာခဲ့ပါပြီ။
စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ စီးပွားရေးကျဆင်းနေတဲ့ မြန်မာနိုင်ငံဟာ လေလှိုင်းကတစ်ဆင့် ကူးစက် မှုမြန်တဲ့ ကိုဗစ်ကပ်ရောဂါ စတုတ္တအကြိမ်ရောက်ရှိလာခဲ့ပေမယ့် ကြိုတင်ကာကွယ်မှု အားနည်းတဲ့ စစ်ကောင်စီအစိုးရ ကြောင့် ပြည်သူတွေက ကပ်ရောဂါနဲ့ ဝမ်းရေးအကြား နေ့စဉ်ရုန်းကန်နေကြရတာပါ။
ကိုဗစ်စတုတ္တလှိုင်းက ကျွန်မတို့မြန်မာပြည်က ပြည်သူတွေဆီကို ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး အနီးကပ်ရောက်ရှိ လာပါတယ်။
“ဒါမှမရောင်းရင်လည်း ငတ်ရုံပဲ ရှိမှာ။ ကိုယ်တစ်ယောက်ထဲက ပြသနာမရှိပေမယ့် မိသားစုနဲ့ဆိုတော့ ကူးလည်းမတတ်နိုင် တော့ဘူးလေ” ဒီလိုပြောလိုက်တဲ့သူကတော့ ကျွန်မနေတဲ့ ရပ်ကွက်ထဲကိုနေ့စဉ် ပြောင်းဖူးပြုတ်၊ကန်စွန်းဥပြုတ်၊ ငုံးဥပြုတ် တို့ လာရောင်း နေတဲ့ ဈေးသည် အမျိုးသမီးက ပြောလိုက်တာပါ။
ဒီအမျိုးသမီးဟာ သူ့အသက်ကိုရင်းပြီး ဝမ်းရေးကိုဖြေရှင်းနေရသလို သူ့လိုပဲ မဖြစ်မနေ အပြင်ထွက်အလုပ်လုပ်ရတဲ့ သူတွေ ဒုနဲ့ဒေးပါ။
ဒီအထဲမှာ ကျွန်မ အမျိုးသားကိုယ်တိုင်လည်းပါဝင်ပါတယ်။ နေ့စဉ် ကူးစက်မှုနှုန်းတွေ မြင့်တက်လာတဲ့ လူဦးရေ စာရင်း တွေက ပိုပြီးဆင်ခြင်စွာ နေထိုင်ရမယ်ဆိုတာကို သတိပေးနေသလိုလည်း ဖြစ်ပါတယ်။
ကိုယ်တစ်ယောက်ထဲအတွက်ဆို ဒီလောက်ထိ စိတ်သောက ရောက်မှာမဟုတ်တာ သေချာပေမယ့် အိမ်မှာ တတိယလှိုင်း တုန်းက ကိုဗစ်ပိုးကူးစက်ခံထားရတဲ့ ကျန်းမာရေးမကောင်းတဲ့ အသက် ၈၀ အရွယ် အမေနဲ့ တစ်နှစ်မပြည့်သေးတဲ့ ကလေး ငယ် တစ်ဦးရှိတဲ့အတွက်ပိုပြီး ပူပန်နေရတာပါ။
စတုတ္တလှိုင်း ကိုဗစ်ကပ်ရောဂါဟာ အရင်ထိုးခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကလည်း ခုခံနိုင်မှုမရှိတဲ့အတွက် ကာကွယ် ဆေးထိုးပြီးသား လူတွေလည်း ပြန်ဖျားနေကျတဲ့အထဲမှာ ကျမကိုယ်တိုင်လည်း အပါအဝင်ပါပဲ။
စတုတ္တလှိုင်း ကိုဗစ်ကပ် ရောဂါကို ခုခံနိုင်တဲ့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပေမယ့်လည်း အာဏာသိမ်းစစ် ကောင်စီလက် အောက်ခံဖြစ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူအားလုံး လွှမ်းခြုံမှုရှိအောင် ဆောင်ရွက်ပေးတာတော့ မရှိသေးပါဘူး။
ငွေကြေးတတ်နိုင်သူအချို့ကတော့ ကိုဗစ်ကာကွယ်ဆေးကို ဝယ်ယူထိုးနှံကြတယ်။ မတတ်နိုင်တဲ့ ပြည်သူတွေ အတွက်ကတော့ ကပ်ရောဂါဒဏ်ကို ခါးသီးစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်နေရတာပါ။
ကူးစက်မြန်တဲ့ အိုမီခရွှင်ပိုး မကူးစက်အောင် အိမ်အပြင်ထွက်တဲ့အခါ နှာခေါင်းစည်း မဖြစ်မနေတပ်တာ၊ လက်ဆေး ရည်ဆောင်တာတို့ လုပ်ပြီး အိမ်ပြန်ရောက်တာနဲ့ အပြင်က ပြန်လာတဲ့ အဝတ်အစားတွေ ရေတစ်ခါထဲစိမ်တာမျိုး၊ လက်ပုံ မှန်ဆေးတာမျိုးတွေ လုပ်ပြီး မကူးစက်အောင် တတ်နိုင်သလောက်တော့ကာကွယ်ပါတယ်။
ဒါပေမယ့်လည်း ဖေဖော်ဝါရီ လလယ်ပိုင်းလောက်မှာတော့ ကျွန်မနေထိုင်တဲ့ ရပ်ကွက် တစ်ခုလုံး အိမ်ပေါက်စေ့နီးပါး ဖျား နာကြပါတယ်။ ကိုဗစ်တတိယလှိုင်းတုန်းကလိုမျိုး အသေအပျောက်တော့ အလွန်နည်းလှပါတယ်။
ကလေးငယ်နဲ့ အသက်ကြီးတဲ့မိခင်ရှိနေတဲ့ သူတို့တွေကို ကူးစက်မှုမရှိအောင် ကာကွယ်နေထိုင်ရတဲ့ နေ့စဉ်ဖြတ်သန်း နေရတဲ့ ဘဝတွေဟာ ကျွန်မအတွက်တော့ “လွှတ်လပ်မှုမရှိတဲ့ ငရဲခန်း”တစ်ခုကိုရောက်နေသလိုပါပဲ။
ကိုဗစ်ကူးစက်ခံရရင်လည်း စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ဆေးရုံတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ အားနည်းတဲ့ အတွက် ကုသဖို့ ခက်ခဲသလို သူတို့ကို(စစ်ကောင်စီ) ဆန့်ကျင်နေသူတွေဖြစ်ပါက လုံခြုံစွာနဲ့ ဆေးကုသမှုခံယူနိုင်မှာလည်း မဟုတ်ပါဘူး။
နေရာအနှံ့က ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တာတွေ ပြုလုပ်နေတဲ့အတွက် စစ်ပွဲတွေကိုသာ အာရုံစိုက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ကိုဗစ်ကပ်ရောဂါကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းတာကို မတွေ့ရပါဘူး။
ကိုဗစ်တတိယလှိုင်းတုန်းက ကူးစက်ခံရတဲ့ ပြည်သူအများစုဟာ ကိုယ့်အိမ်မှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကုသမှုပြု လုပ်ကြပြီး အသက်ကြီးတဲ့သူ ရောဂါအခံရှိတဲ့သူ အများစု ကူးစက်ခံရရင်တော့ အသက်ဆုံးရှုံးတာတွေ အများကြီးဖြစ်တာလည်း တွေ့ရပါတယ်။
သူငယ်ချင်းရဲ့ အမေဆိုရင် အသက် ၅၀ ကျော်သာ ရှိသေးပေမယ့်လည်း ပိုးကူးစက်ခံရတော့ ဆေးရုံဆေးခန်းလည်း သွားလို့ အဆင်မပြေတဲ့ အခြေအနေဆိုတော့ အိမ်မှာပဲ အွန်လိုင်းပေါ်က နည်းမျိုးစုံနဲ့ ကုသနေပေမယ့် တကယ်တမ်း အောက်ဆီဂျင်ထိုးကျတော့ အမောဖောက်ပြီး အသက်ဆုံးရှုံးလိုက်ရပါတယ်။
အဲ့ဒီအချိန်မှာ အောက်ဆီဂျင်အိုးတွေ ငှားမရလို့ အမောဖောက်နေတဲ့ လူနာတွေကို ထိုင်ကြည့်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘဲ အသက်ထွက်တဲ့အထိ ထိုင်ကြည့်နေရတဲ့ မိသားစုတွေလည်း မနည်းလှပါဘူး။
မြို့ပေါ်မှာနေထိုင်တဲ့ ပြည်သူတွေကလည်း စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်သားနဲ့ ရဲ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ရှောင်တခင်စစ်ဆေးမှုဒဏ်ကို လည်း ခံကြရပါတယ်။
အဲ့ဒီလို စစ်ဆေးခံရင်း အင်တာနက်သုံးဖို့ VPN ဆော့ဝဲလ်ကို အသုံးပြုတာတို့၊ လက်ကိုင်ဖုန်းတွေမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ စာသားတွေတို့ တွေ့ရင် ဖမ်းဆီးခံရနိုင်တဲ့ အခြေနေနဲ့လည်း ရင်ဆိုင်ရနိုင်ပါသေးတယ်။
အိမ်ပြင်ထွက်ရင်လည်း ကိုဗစ်ကူးစက်ခံရမှုနဲ့ စစ်ကောင်စီအဖွဲ့ရဲ့ လူအခွင့်အရေးချိုးဖောက်တဲ့ စစ်ဆေးမှုကို ကြောက် ရွှံ့ရသလို အပြင်မထွက်ရင်လည်း အသက်တောင် ဝဝလင်လင် မရှုရတော့ဘဲ မွမ်းကျပ်မှုတွေကိုသာ ရှုရှိုက်နေရတာတော့ လက်တွေ့ပါပဲ။
စစ်ပွဲတွေနဲ့ ကိုဗစ်ဒဏ် မွမ်းကျပ်မှုဒဏ်တွေကို နှစ်နဲ့ချီ ခံစားနေရတဲ့ ကျွန်မအတွက်တော့ “အရာအားလုံးကို သည်းခံ ရတာများလာတော့ ပြိုလဲချင်သလိုဖြစ်လာပြီ” လို့သာ ရေရွတ်နေမိပါတယ်။
ပန်းချီလက်ရာ Songbird။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ Songbird ကိုပံ့ပိုးကူညီပေးနေပါသည်။