ကင်မရာနဲ့လူတွေ ဒီဆိုင်မှာ မတွေ့ရတော့ပါ

ကင်မရာနဲ့လူတွေ ဒီဆိုင်မှာ မတွေ့ရတော့ပါ

ရန်ကုန်တိုင်း

စာရေးသူသည် ရန်ကုန်တိုင်း မှ သတင်းထောက်တစ်ဦးဖြစ်ပြီး ဤဒိုင်ယာရီရေးရန် လေတန်ခွန်ပုံပြင်များ မှ ပံ့ပိုးကူညီမှုပါသည်။

အဆိုတော်ထူးအိမ်သင်ရဲ့သီချင်းတွေ ဖွင့်ထားလေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်လေးတစ်ခုမှာ ကျွန်မထိုင်နေ ခဲ့တာ တစ်နာရီနီးပါးတောင်ရှိပါတော့မယ်။ ရိုက်ကူးရေးအတွက်လိုအပ်တဲ့ပစ္စည်းတချို့ကို ရန်ကုန်မြို့လယ်မှာ သွားဝယ်ခဲ့ပြီးအပြန် ဒီဆိုင်ထဲကျွန်မထိုင်နေခဲ့တာပါ။ အရင်ကလည်း ဒီဆိုင်လေးကို ကျွန်မအမြဲရောက်နေကြပါပဲ။ ပြီးခဲ့တဲ့ ၄-၅ နှစ်လောက်အတွင်း ဒီဆိုင်အပါအဝင် ရန်ကုန်မြို့ထဲက လက်ဖက်ရည်ဆိုင်တချို့မှာ ရိုက်ကူးရေးကအပြန် တစ်ခုခုဝင်စားတာပဲဖြစ်ဖြစ်၊ သတင်းထောက် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ဖြစ်ဖြစ် အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ ကျွန်မရှိနေခဲ့ပါတယ်။

အခုတော့ ဒီဆိုင်ထဲမှာ ကျွန်မတစ်ယောက်တည်းရှိနေပါတယ်။ အရင်က ဆူညံပွက်လောရိုက်နေခဲ့တဲ့ ဒီဆိုင်ဟာ အခုတော့ အရင်ကနဲ့ ဘာမှမဆိုင်တော့လောက်အောင် တိတ်ဆိတ်နေပါတယ်။ အတွေးတွေက ဟိုတစ်စ ဒီတစ်စနဲ့ ဆိုင်ကဖွင့်ထားတဲ့ သီချင်းစာသားတွေလိုက်ညီးရင်းနဲ့ လွတ်နေတဲ့စားပွဲဝိုင်းတွေကို ကျွန်မငေးကြည့်နေမိပါတယ်။ အရင်ဒီဆိုင်ထဲမှာ ရှိနေကြ ကျွန်မရဲ့သူငယ်ချင်းတွေကိုလည်း သတိရနေမိပါတယ်။ သူတို့နဲ့ဘယ်တော့များမှ ပြန်တွေ့ရမလဲ ဆိုပြီးတော့ပေါ့။

ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားနဲ့နီးတဲ့ ဒီဆိုင်ကို သတင်းထောက် အတော်များများ လာလေ့ရှိပါတယ်။ ဒီဆိုင်ကို ဝင်လိုက်တာနဲ့ နှုတ်ဆက်စရာတစ်ဝိုင်းမဟုတ် တစ်ဝိုင်း အမြဲရှိနေကြပဲ။ မြို့တော်ခန်းမရှေ့မှာက ဆန္ဒပြပွဲတွေ မကြာခဏရှိတော့ သတင်းလာယူတဲ့သတင်းထောက်တွေက သတင်းယူပြီးရင် ဒီဆိုင်ကိုလာကြတယ်။ ပြီးရင် ကင်မရာထဲက ကဒ်တွေထုတ်၊ လပ်ပ်တော့တွေဖွင့်ပြီး ရုံးအသီးသီးကို သတင်းဓါတ်ပုံပို့တက်ကြတယ်။ ဒီဆိုင်က စားစရာတွေလည်းဈေးသင့်တော့ ဘာမှမစားရသေးတဲ့သတင်းထောက်တွေကလည်း  တစ်ခုခုမှာ စားကြတယ်ပေါ့လေ။ ကင်မရာတွေ၊ လပ်တော့တွေ စားစရာတွေနဲ့ အမြဲရှုပ်ပွနေတက်တဲ့ ဒီဆိုင်ထဲက စားပွဲဝိုင်းတွေကို ကျွန်မအခုထိ မျက်စိထဲက မထွက်သေးဘူး။

ပြောရရင် ဒီဆိုင်ကို သတင်းထောက် စလုပ်ခါစ ၂၀၁၇ လောက်က စထိုင်ရင်းကနေ သူငယ်ချင်းအသစ်တွေလည်း ဒီကနေပဲ ရလာတာပဲ။ ဒီအလုပ်လုပ်ရင်း သိခဲ့ကျွမ်းခဲ့သူတွေအကြောင်း စဉ်းစားရင် ဒီဆိုင်ကတော့ ပါနေမယ်ထင်တယ်။

ပြီးခဲ့တဲ့ ၄-၅ နှစ်လုံးလုံး ဒီဆိုင်ထဲကို ဝင်လိုက်တာနဲ့ အကြောင်းအရာတစ်ခုခုငြင်းခုံနေကြတာ၊ ပြောမနာဆိုမနာ သူငယ်ချင်းတွေချင်း စကားနာထိုး စနောက်နေတာ၊ အလုပ်လုပ်နေကြတာတွေကို မြင်တွေ့နေကြပဲ။ ဒီအထဲမှာ ကျွန်မလည်းအပါအဝင်ပဲ။ နောက် ရန်ကုန်မြို့ တစ်နေရာရာမှာ သတင်းယူစရာကိစ္စတစ်ခုခုရှိနေရင်လည်း ဒီဆိုင်ကို ချိန်းပြီး ဆုံမှတ်လုပ်တက်ကြတယ်။ ဒီကနေမှ သတင်းယူရမယ့်နေရာကို ကားစုငှားသွားတာမျိုးပေါ့လေ။ ဒါပေမယ့် အခုတော့ အဲဒီအဖြစ်အပျက်တွေ မြင်ကွင်း တွေဟာ တစ်နှစ်အတွင်းမှာ မြန်ဆန်လွန်းစွာပဲ ပြောင်းလဲသွားပြီ။ အခုတော့ ဒီဆိုင် ထဲမှာ သတင်းထောက်တွေကို မတွေ့ရတော့ဘူး။

ရှေ့လာမယ့်နှစ်အနည်းငယ်အတွင်းမှာလဲ သူတို့ကို အရင်လို ပြန် မြင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လည်း ကျွန်မသိနေပါတယ်။ ဒါတွေဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စ အကြောင်းဖန်ခဲ့တာပါပဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ တစ်နိုင်ငံလုံးအနှံ့က အုံကြွလာတဲ့ လူထုဆန္ဒပြပွဲကြီးတွေရှေ့မှာ သတင်းထောက်တွေဟာ အရင်လိုပဲ သတင်းတွေယူခဲ့ကြပါတယ်။ အကုန်လုံးကတော့ စိတ်ထဲက ဘာတွေဆက်ဖြစ် မလဲမသိတော့ဘူးဆိုတဲ့ စိုးရိမ်စိတ်လည်း ကိုယ်စီရှိနေကြပါတယ်။ ကျွန်မကတော့ အဲဒီအချိန်က အရင်ဌာနက ထွက်ထားလို့ အလွတ်တန်းသတင်းထောက်အနေနဲ့ လုပ်နေချိန်။ တိုက်ပိုင်ရှိတဲ့ အခြားသတင်းထောက်တွေ ကင်မရာ ကိုယ်စီနဲ့ သတင်းယူနေတဲ့အခါ ကျွန်မလည်း မနေနိုင်ခဲ့ဘူး။ ဘယ်ဌာနပို့ရမှ၊ သတင်းတက်မှရယ်မဟုတ် ဘူး ဒီအဖြစ်အပျက်ကြီးကို မှတ်တမ်းယူသင့်တယ်လို့တော့ ကျွန်မတွေးမိတယ်။ ဒီလိုသတင်းယူတာတွေက သိပ်တော့ မကြာလိုက်ပါဘူး။ ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေလုပ်လာချိန်မှာ ဒါတွေကို တင်ဆက်ပေးနေတဲ့ ပြည်တွင်းထဲက သတင်းဌာနကြီးလို့ဆိုနိုင်တဲ့ ဌာနတွေကို စစ်သားတွေ ဝင်စီးတယ် ရုံးတွေကိုမွှေနှောက်ရှာပြီး စာရွက်စာတမ်းတွေသိမ်း၊ လူတွေ့ရင်လူဖမ်းတယ်။ နောက်ဆုံးဌာနတွေ ပိတ်သိမ်းခံရ တယ်။

အဲဒီအချိန်တွေက သတင်းထောက်တွေအတွက်တော့ ငရဲခန်းအစပိုင်းရက်တွေလို့ ထင်တယ်။ သတင်းထောက်မှန် ရင် ကိုယ့်အိမ်ကိုယ်မနေတော့ဘဲ ရှောင်နေကြရတယ်။ ဘယ်တော့ကိုယ်နေတဲ့နေရာကို တံခါးခေါက်လာမလဲ ဆိုပြီး ညည စိုးတထိတ်ထိတ်အိပ်ကြရတယ်။ ခွေးအူသံကြားရင်ကို လန့်လန့်နိုးတဲ့ရက်တွေပဲ။ ကျွန်မရည်းစားနဲ့ ကျွန်မ သူငယ်ချင်းတွေကိုလည်း လုံခြုံရဲ့လား၊ အဆင်ပြေရဲ့လား အမြဲမေးနေရတယ်။ ဘယ်နေရာမှာတော့ ဆန္ဒပြပွဲတွေ ဖြိုခွင်းလိုက်တယ် ၊ သတင်းထောက်ဘယ်နှစ်ယောက်အဖမ်းခံရတယ်ကြားတာနဲ့ တစ်ယောက်ကိုတစ်ယောက်ဆက် သွယ်ကြ၊ မေးကြမြန်းကြနဲ့။ တကယ်ကို ပူလောင်ရတဲ့နေ့ရက်တွေပဲ။

အခုတော့ သတင်းထောက်အတော်များများလည်း ရန်ကုန်မှာမရှိကြတော့ဘူး။တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်သွားကြတယ်။ အဲဒီကနေ သတင်း တွေဆက်လုပ်ကြတယ်။

တစ်ချို့ကျတော့လည်း ဝရမ်းထုတ်ခံရလို့ ရှောင်တိမ်းနေရ၊ ဖမ်းဆီးခံရလို့ ထောင်ကျ တန်းကျနဲ့။ အကုန်တစ်ကွဲတစ်ပြားတွေဖြစ်ကုန်တာပဲ အခုတော့။ ဒါတွေအကုန်လုံးဟာ စစ်တပ်အာဏာ သိမ်းတဲ့တစ်နှစ် အတွင်းမှာ ဖြစ်ခဲ့တာ။ အခုတော့ ကျမအပါအဝင် ပြည်တွင်းမှာကျန်ခဲ့တဲ့ သတင်းထောက်တွေ အတွက်က လူမသိ သူမသိအောင် ပုန်းရှောင်ရင်း နေနေရတယ်။ တစ်ချို့က လက်နက်ကိုင် ဆန့်ကျင်မှရမယ်ဆိုပြီး သတင်းထောက်မလုပ်တော့ဘဲ လက်နက်ကိုင်သွားကြတယ်။ ဒီနိုင်ငံမှာက သတင်းထောက်ဆိုတာနဲ့ အလိုလို အပြစ်ရှိတဲ့ သူလိုမျိုး စစ်တပ်က သဘောထားတယ်။ ကိုယ်ဘာအပြစ်မှမလုပ်ထားပါဘဲနဲ့ ကိုယ့်အလုပ်ကိုယ် တောင် ပတ်ဝန်းကျင်အသိမခံအောင်နေရတဲ့ ခံစားချက်က အဆင်မပြေဘူး။ အလုပ်ပြုတ်သွားပြီး ရရာအခြေခံအလုပ်တွေလုပ်ရင်း မိသားစုစားဝတ်နေရေး‌လေး ဖြေရှင်း နေရတဲ့ သတင်းထောက်ဟောင်းတွေကိုလည်း စစ်တပ်က အလွတ်မပေးပြန်ဘူး။ တကယ်ကို ဘာဆက်လုပ်လို့ လုပ်ရမှန်းကို မသိလောက်အောင် စိတ်ဓါတ်တွေလည်းကျရတယ်။

အရင်က သတင်းလိုက်ရင်း လုပ်ငန်းခွင်မှာ ရီမောစနောက်နေတဲ့လူတွေ၊ အလုပ်ပြီးရင် ဘီယာဆိုင်မှာ အတူသောက် ခဲ့ကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးနီးပါး အခု ရန်ကုန်မှာမရှိကြတော့ဘူး။ အရင်လိုပြန်ဆုံနိုင်ဖို့ဆိုတာ ဒီစစ်အာဏာရှင်စနစ်ပြုတ်မှပဲ ဖြစ်နိုင်တော့မယ်။

အခုနောက်ပိုင်းကာလတွေမှာ အခြေအနေပိုဆိုးလာတယ်။ သတင်းထောက်တွေကို အကြမ်းဖက် ပုဒ်မတွေနဲ့တရားစွဲတယ်။ အိမ်တွေကိုနိုင်ငံပိုင်သိမ်းပြီး ချိတ်ပိတ်တယ်။ အာဏာသိမ်းပြီးချိန်ကနေ အခုအထိ အနည်းဆုံး သတင်းသမား ၁၃၀ လောက် အဖမ်းခံရပြီး ၅ဝ ဝန်းကျင်လောက်ကအခုအထိ အကျဉ်းထောင်တွေထဲမှာ ဖမ်းခံထားရတယ်။ ဒီအလုပ်လုပ်တဲ့သူ ဒီလိုဖြစ်မယ်ဆိုတဲ့ အကြောက်တရားကို စစ်တပ်က ရိုက်သွင်းပြနေတယ်လို့ ထင်တယ်။ အာဏာရှင်စနစ်အောက်မှာတော့ သတင်းထောက်လုပ်ရတာက တရားမဝင်မှောင်ခိုအလုပ်တွေ ထက်တောင်မှ ပြစ်မှုကြီးနေသလားလို့ ခံစားရတယ်။

ပြန်ပြောရရင် တစ်နှစ်အတွင်းမှ တစ်ယောက်ပြီးတစ်ယောက် သိတဲ့သူတွေ ထွက်သွားလိုက်ကြတာ ဘယ်လောက် လူမရှိတော့ဘူးလဲဆို ဒီဆိုင်လေးက သက်သေပဲ။ ကျွန်မလည်း အခုနောက်ပိုင်းအပြင်သိပ်မထွက်ဖြစ်ပါဘူး။ ထွက်ရင် လည်း အခြားဘယ်သူနဲ့မှ မတွေ့ဖြစ်တာများတယ်။ ဒီကာလက တစ်ယောက်နေရာ တစ်ယောက်မမေးတာက ပိုပြီး ကူညီရာရောက်တယ်လေ မတွေ့ရင်တော့အရှင်းဆုံးလို့ ထင်တာပဲ။ မြို့ထဲလာဖြစ်ရင်လည်း လုပ်စရာ အလုပ်ကိစ္စ ပြီးရင် တစ်ခုခုစား၊ ခပ်သုတ်သုတ်ပြန်ပေါ့လေ။ ဒါပေမယ့် အရင်တွေ့နေမြင်နေကျ မြင်ကွင်းမျိုးမဟုတ်တော့တာ အခုထိ ကျင့်သားမရဘူးဖြစ်နေတယ်။ ဘယ်သူမှမရှိတော့ ပါလားဆိုတဲ့ခံစားချက်က တွေးမိရင် အိပ်လို့တောင်မပျော်ဘူး။

တကယ်တော့ လူတွေမှာ ဘဝဆိုတာ ကြီးပြင်းရာ၊ ကျင်လည်ရာ၊ သိကျွမ်းရာ နေရာနဲ့လူတွေပါပဲ။ ဒီမှတ်ဥာဏ်တွေသာ မရှိရင် ဘဝရှိတယ်လည်းပြောလို့မရဘူးမဟုတ်လား။ အခုကျွန်မဖြတ်သန်းနေရတဲ့ လက်ရှိနေ့တွေ ကလည်း ဘဝရှိတယ်လို့တောင် ပြောလို့ရပါ့မလားမသိပါဘူး။ ဖြစ်နိုင်သမျှ အပြင်မထွက်ဘဲနေ၊ ဘယ်သူနဲ့မှ အတက်နိုင်ဆုံးမတွေ့ဖြစ်အောင်၊ ပတ်ဝန်းကျင်က ကိုယ့်အလုပ်ကို မသိအောင်သိုဝှက်။ ပြီးတော့ကိုယ်ချစ်တဲ့ လူတွေ၊ သိတဲ့လူတွေအကုန်လုံးကလည်း ဒီနေရာမှာ မရှိကြတော့ဘူးဆိုတဲ့အခါ ပြန်တွေ့နိုင်မယ့်ရက်ကတော့ ကျွန်မအပျော်ဆုံးဖြစ်မယ်ထင်တာပဲ။

ပန်းချီလက်ရာ JC။ သရုပ်ဖော်ပုံများ ထုတ်လုပ်ရန် လေတံခွန်ပုံပြင်များမှ JC ကိုပံ့ပိုးကူညီပေးနေပါသည်။