ငါတို့မှာ ငါတို့ပဲရှိတယ်။

ငါတို့မှာ ငါတို့ပဲရှိတယ်။

Yangon

JC သည် The Kite Tales ပံ့ပိုးပေးနေသော လူငယ်အနုပညာရှင်နှင့် သရုပ်ဖော်သူတစ်ဦးဖြစ်သည်။

အခုလို အိမ်ကနေဝေးနေတဲ့အချိန်မှာ မြန်မာပြည်ကထွက်လာတဲ့ သတင်းတွေကို ဖတ်တိုင်း အရမ်းကိုရင်လေးမိပါတယ်။ ပြည်သူတွေက အားလုံးကို စွန့်စားပြီး ဆက်လက်ဆန္ဒပြနေတာမျိုးတွေပေါ့။ ဒီသတင်းတွေဟာ ကျွန်မအတွက်တော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး အစောပိုင်းကာလ ဆန္ဒပြပွဲတွေကို အမှတ်ရစေပါတယ်။ အားလုံးအရမ်းကို စိတ်တွေဆိုးပြီး လမ်းပေါ်ထွက်လာတဲ့ အချိန်တွေပေါ့။

အဲဒီ့တုန်းက တစ်နေ့မှာ ကျွန်မနဲ့ သူငယ်ချင်းတစ်စုဟာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လမ်းဘေးစားသောက်ဆိုင်တွေများပြားပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက အစားအသောက်ကောင်းကောင်းတွေရတယ်လို့ လူသိများတဲ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က ဆန္ဒပြပွဲတစ်ခုမှာ ပါဝင်ခဲ့ကြပါတယ်။

ကြွေးကြော်သံတွေဆိုရင်း လမ်းပေါ်တွင် ထိုင်နေကြတုန်း ချီတက်ဆန္ဒပြတာကို ဖြိုခွင်းဖို့ စစ်ကားတွေ တက်လာတာကို ကျွန်မတို့ တွေ့ခဲ့ရတယ်။ စစ်သားတွေက လက်နက်အပြည့်အစုံနဲ့ ပေ ၅၀ လောက်ပဲ ဝေးတယ်။ ကျွန်မတို့နဲ့ သူတို့ကို ခြားထားတာက ခြံစည်းရိုးလေးတစ်ခုပဲရှိတယ်။

သူတို့ရဲ့ သေနတ်တွေ အရမ်းနီးကပ်နေတာတောင်မှ ကျွန်မတို့ ငြိမ်ငြိမ်လေးနေပြီး ထိတ်လန့်မနေခဲ့ပါဘူး။

ထူးဆန်းတယ်လို့ ထင်လိမ့်မယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့လုံခြုံတယ်လို့ ခံစားရတယ်။

ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က တိုက်ခန်းအဆောက်အအုံတွေမှာ နေထိုင်တဲ့သူများအပေါ် အားကိုးနိုင်တယ်ဆိုတာကို ကျွန်မတို့သိလို့ပါ။ စစ်တပ်က စပြီးပစ်ခတ်ရင် သူတို့က ကျွန်မတို့ကို သူတို့တံခါးတွေဖွင့်ပေးမယ်ဆိုတာ ကျွန်မတို့သိနေတယ်။ အဲဒီနေ့က ကျွန်မတို့ ကံကောင်းခဲ့ပါတယ်။ စစ်ကားတွေ ဆုတ်ခွာသွားတဲ့အတွက် ကျွန်မတို့ရဲ့ ဆန္ဒပြပွဲကို ထိခိုက်မှုမရှိဘဲ ပြီးဆုံးနိုင်ခဲ့ပါတယ်။

အဲဒီနေ့ကို ပြန်ပြီးတွေးကြည့်တော့ ကျွန်မတို့အတွက် ကျွန်မတို့ပဲရှိတာကို အမှတ်တရဖြစ်စေပါတယ်။ ဒီလိုစိတ်ရှုပ်နေတဲ့အချိန်တွေမှာ ကျွန်မတို့အချင်းချင်းကူညီကြတယ်။ ကျွန်မတို့ တွေ့ကြုံခဲ့ရတာတွေ၊ ကျွန်မတို့ ဆုံးရှုံးခဲ့ရတဲ့ ဝေဒနာတွေ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနေကြရတဲ့ ဒဏ်ရာတွေအပေါ် ကျွန်မတို့အချင်းချင်းထက်ပိုပြီး ဘယ်သူကမှ နားမလည်နိုင်ပါဘူး။

ဆန္ဒပြသူတွေဟာ သူစိမ်းတွေရဲ့အိမ်တွေမှာ ခိုလှုံခဲ့ကြတယ်။ လိုအပ်သမျှ ကာလပတ်လုံး ကျွေးမွေးဧည့်ခံပြီး ခိုလှုံဖို့ နေရာပေးခဲ့ကြတယ်။ ထမင်းဗူး၊ ရေ၊ တစ်ရှူးတွေ ပေးတဲ့လူတွေကို သတိရမိတယ်။ လမ်းဘေးဈေးသည်တွေက သူတို့အစားအသောက်တွေကို မရောင်းပဲ ဆန္ဒပြသူတွေကို အခမဲ့ပေးတယ်။တက္ကစီယာဉ်မောင်းတွေက အဝေးမှာနေထိုင်တဲ့ ဆန္ဒပြသူတွေကို အခမဲ့စီးနင်းခွင့်တွေပေးတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ခဲ့ကြတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ခွဲအချိန်တွေဟာ ပြောမပြတတ်လောက်အောင် စိတ်ဆင်းရဲစရာကောင်းပါတယ်။ အချိန်က ဒီဒဏ်ရာတွေကို မကုစားပါဘူး။ ကျွန်မတို့ ဆုံးရှုံးမှုတွေများလွန်းလို့ ရှိုက်ကြီးတငင် ငိုခဲ့ကြတယ်၊ ငိုနေကြတယ်။ ဒါပေမယ့် အချင်းချင်း ဖေးမကူညီမှုတွေကြောင့် ခိုင်ခိုင်မာမာရပ်တည်နေကြဆဲပါ။ တစ်ယောက်နဲ့တစ်ယောက်ရှိနေခြင်းက ကျွန်မတို့ကို ပိုရင်းနှီးစေတယ်၊ ​​နှစ်သိမ့်ပေးတယ်၊ ခွန်အားဖြစ်စေတယ်၊ ​​အဓိကအားဖြင့် ဒီစိန်ခေါ်မှုအချိန်တွေကို ဖြတ်ကျော်ဖို့ အကူအညီပေးတယ်။

ဒီသရုပ်ဖော်ပုံတွေဟာ ကျွန်မတို့ရဲ့ တော်လှန်ရေးနဲ့ အချင်းချင်း ကူညီခြင်းရဲ့ အရေးပါမှုကို ဂုဏ်ပြုသော သင်္ကေတတွေပါ။


ပေးကမ်းခြင်း။
ကျွန််မတို့ဟာ ရပ်ရွာကိုထောက်ပံ့ဖို့ ဒါမှမဟုတ် လိုအပ်နေသူတွေအတွက် အချိန် ဒါမှမဟုတ် ပစ္စည်းတွေကို လှူဒါန်းတယ်။ နေ့စားအလုပ်သမားတွေ၊ ကျောင်းသားတွေ၊ လမ်းဘေးဈေးသည်တွေနဲ့ အလုပ်လက်မဲ့တွေတောင် ဒီတော်လှန်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ပြန်ပေးနေကြတယ်။
 


အကာအကွယ်ပေးခြင်း။
ကျွန်မတို့ဟာ အချင်းချင်း အန္တရာယ်နဲ့ ဘေးရန်မှ အကာအကွယ်ပေးတယ်။ အမိုးအကာ ပေးကမ်းတာ၊ ကူညီတာ နဲ့ မျှဝေတာတွေကတဆင့် တစ်ယောက်နဲ့တစ်ယောက် ကြည့်ရှုစောင့်ရှောက်ကာကွယ်ကြပါတယ်။
 


ဆုတောင်းခြင်း။
တော်လှန်ရေးတိုက်ခိုက်သူတွေ အောင်မြင်ဖို့နဲ့ သူတို့ အန္တရာယ်ကင်းဖို့ ကျွန်မတို့ ဆုတောင်းကြတယ်။
 


ကမ်းလှမ်းခြင်း။
ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပိုမိုပြင်းထန်တဲ့စိန်ခေါ်မှုတွေ ဖြတ်သန်းခဲ့ကြသူတွေဆီကိုရော၊ အချင်းချင်းရော ကမ်းလှမ်းဆက်သွယ်ကြတယ်။