စာရေးသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် သတင်းသမား တဦးဖြစ်ပြီး ဤ ဒိုင်ယာရီကို ရေးသားရန် လေတံခွန် ပုံပြင်များမှ ပံ့ပိုးကူညီပါသည်။
၂၀၂၁ ရဲ့ နွေရာသီ နေ့တနေ့။
ရှမ်းပြည်မြို့တစ်မြို့ရဲ့ လမ်းဆုံ တနေရာ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မြို့ခံ လူထုဟာ စုရုံး ဆန္ဒထုတ်ဖော် နေကြပါတယ်။ ကျနော် ရောက်သွားတဲ့အချိန်မှာ စနစ်တကျ လူစုလူဝေးနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ကစင့်ကလျားနဲ့ တခုခု ဖြစ်နေကြပုံပေါ်ပါတယ်။
"စစ်အာဏာရှင်စနစ် အလိုမရှိ၊ အလိုမရှိ" လို့ အော်ဟစ်နေကြတဲ့ သူတွေဟာ လမ်းဆုံ တနေရာ ဆီကို စုပုံ ဝိုင်းအုံ လာနေကြတယ်။
"ဟေ့ လူစုခွဲ၊ လူစုခွဲ။ လက်လွန်မယ်နော်။ ဘာမှ မလုပ်ကြနဲ့" ဆိုတဲ့ အော်ဟစ် သတိပေးနေသံ တွေကိုလည်း ကြားရတယ်။
မြက်ခင်းနုနဲ့ ပန်းတွေ စိုက်ထားတဲ့ လမ်းဆုံက တြိဂံပုံစံ လမ်းလည်ကျွန်း အလယ်က အလူမီနီယမ် တိုင်ထိပ်မှာ CCTV ရှိနေတာ။
တိုင်ပေါ်က CCTV Camera မြင်ကွင်းကို အုပ်သွားအောင် သူ့အပေါ်အဝတ်တစပစ်တင်လိုက်ကြတယ်။ လူငယ်တယောက်က တိုင်ပေါ်တက်သွားတာ တွေ့နေရတယ်။ တိုင်ထိပ်ကို ရောက်တော့ အောက်မှာ အသင့် ရပ်နေတဲ့ လူငယ်တယောက်ဆီက မှုတ်ဆေးဗူးကို လှမ်းယူကာ အဝတ်ကို ဖယ်လိုက်ပြီး CCTV camera ကို ဆေးတွေမှုတ်လိုက်တယ်။ ပြီးတော့ CCTV Camera ထဲက Memory ကတ် လို့ ယူဆရတဲ့ ဟာကို ဆွဲထုတ်ယူပြီး အောက်ကို ပြန်ဆင်းလာတယ်။
အဲဒီနားတဝိုက်မှာ ကျနော်တို့ သတင်းထောက်တွေ အပါအဝင် ပုံရိုက်သူ၊ ဝိုင်းအုံ ကြည့်သူ နဲ့ လူစုလူဝေးလို ဖြစ်နေတယ်။ အောက်နားက လမ်းမပေါ်မှာလည်း လူ တအုပ်။ CCTV Camera ကို ဆေးမှုတ်ပြီး Memory Card ဖြုတ်ယူလာတဲ့ လူငယ်က လမ်းမပေါ်က လူအုပ်ဘက် ဦးတည်သွားနေတော့ သူ့နောက်ကို လူတွေက လိုက်လာကြတယ်။
"လူစုခွဲ ကြမယ်။ ကိုယ့်အိမ် ကိုယ်ပြန်ကြတော့နော်။ မနက်ဖြန် ပြန်တွေ့ကြမယ်" လို့ လူအုပ်ကြားထဲ လူငယ် တယောက်က လှမ်းအော် ပြောပါတယ်။ လူတချို့ကတော့ ပြန်သွားကြတယ်။
"လာ မင်းတို့ သတင်းထောက်တွေ လိုက်ခဲ့။ မှတ်တမ်း ယူရမယ်။ ကျန်တဲ့ လူတွေ မလိုက်တာ ကောင်းမယ်" ဆိုပြီး သပိတ်မှာ ဦးဆောင်တဲ့ အပိုင်းပါဝင်သူ လို့ ယူဆရသူက ပြောတဲ့အခါ ကျနော်က အပြေး မသန်တော့ အနီးနားကို ကြည့်လိုက်တယ်။ သတင်းဌာနအကြီးတခုက ခြေထာက် သိပ်မသန်တဲ့ သတင်းထောက် အစ်ကို တစ်ယောက်ကို တွေ့တယ်။ သူပါတော့ ကျနော်လည်း လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။
ခုနက ဆန္ဒပြပွဲမှာ ဒလံလုပ်သူလို့ ယူဆရတဲ့ အသက် ၄၀ ကျော် အရွယ်အမျိုးသား တယောက်ကို မိထားတာ ဖြစ်ပြီး၊ လူငယ်တစုက လမ်းကြားတခုထဲ ခေါ်သွားကြတယ်။ သူတို့ နောက်ကို ကျနော်တို့ သတင်းထောက်တွေက ပြေးလိုက်ရင်း ပုံတွေလိုက်ရိုက်ကြတယ်။ နောက်ထပ် လမ်းကြားတခု ထဲ ဝင်သွားတဲ့အချိန်မှာ လမ်းက ဆုံးသွားတယ်။
"လမ်းဆုံးသွားပြီ။ ဒီလမ်းက အပိတ်ပဲ။ ထွက်လို့ မရဘူး။ ပြန်လှည့်မယ် မြန်မြန်။ နောက်မှာ စစ်သားနဲ့ ရဲတွေ လိုက်လာပြီ" လို့ လူစု ထဲက လူငယ် တယောက်က အော်ပြောလိုက်ချိန်မှာ ကျနော်တို့ အားလုံး နောက်ကြောင်းပြန်လှည့်ပြီး ဝင်လာတဲ့လမ်းအတိုင်း ပြန်ပြေးကြရတယ်။
ကုန်းအတက် တခုနား ရောက်တဲ့အချိန်မှာ ကျနော်တို့ ဦးတည် ပြေးလာနေတဲ့ လမ်းတည့်တည့်ကို စစ်ကား၊ ရဲကားတွေ ဝင်လာကြပြီ။
လမ်းရဲ့ တဖက်မှာရှိတဲ့ ဝိုင်ဖိုင်ရုံးထဲကို တချို့လူတွေ ဝင်သွားတယ်။ ဒလံလို့ ယူဆရသူလည်း အဲဒီဘက်ပါသွားတယ်။ တချို့ လူတွေက ဝိုင်ဖိုင်ရုံးရဲ့ တဖက် အိမ်ကို ဝင်သွားကြတယ်။ စစ်သား၊ ရဲတွေလည်း လိုက်လာ နေတော့ အိမ်အနောက်ဘက်ထဲထိ ဝင်သွားပြီး ဒလံဆိုတဲ့သူကို စစ်မေးကြတယ်။
သူက ရှမ်းလူမျိုး ရဲအရာရှိ၊ ဒီကို ပြောင်းလာတာ ၂ နှစ်လောက်ပဲ ရှိသေးတယ်။ သူ့ကို ဆန္ဒ ပြတဲ့နေရာ၊၊ လုစုကြတဲ့နေရာ၊ လူအင်အား စသည်ဖြင့် သတင်းအချက်အလက် အစုံ တစ်နာရီအတွင်း report ပို့ရတယ်လို့ ဆိုတယ်။ သူအပါအဝင် အဖွဲ့ဝင် အနည်းဆုံး ၇ ယောက်ကနေ ၁၂ ယောက်လောက်ထိ ရှိပြီး အဲလို အဖွဲ့ အများကြီးကို မြို့ထဲလွှတ်ထားတယ်လို့ သူက ပြောတယ်။
စစ်မေးနေတဲ့ အချိန်မှာပဲ ကျနော်တို့ အပေါ်တည့်တည့်ကို ဟတ်စကီး တစီး လာဝဲနေတယ်။ အဲဒီအခါကျမှ သူ့မှာ ပါလာတဲ့ စကားပြောစက်ကို စက်ပိတ်၊ ဓာတ်ခဲ ထုတ်လိုက်ကြတယ်။
အပြင်ရောက်ရင် နောက်တခါ ဒလံ လုပ်ရင် မြင်တာနဲ့ သိသာအောင်ဆိုပြီး သူ့ကို မျက်ခုံးမွှေး ရိတ်ပေးလိုက် ကြတယ်။
"ပြီးရင် သူ့ကို သူ့နေရာမှာ ကားနဲ့ ပြန် သွားပို့ လိုက်မယ်။ ဖမ်းထားရင် အလုပ်ရှုပ်တယ်" ဆိုပြီး လူငယ်တွေက စီစဉ်နေကြတယ်။
သိပ်မကြာခင်မှာပဲအဲ့ဒီသူကို ပြန်ပို့ဖို့အတွက် ကားတစီး အိမ်ရှေ့ လမ်းမပေါ်မှာ လာရပ်ထားတယ်။ ဒါပေမယ့် ကျနော်တို့အားလုံး အိမ်ရှေ့ပေါက်ကနေ ထွက်လို့ရမတော့ပါဘူး။
ပတ်ပတ်လည် လမ်းတွေမှာ စစ်ကားတွေနဲ့ ဝိုင်းထားကြပြီ။ အထဲက သူတို့ လူ ထွက်လာ ရင် စစ်သားတွေက နေရာသိပြီး လိုက်လာတော့မှာ ဆိုပြီး ခြံထဲက တခြားထွက်ပေါက် လိုက်ရှာကြရတယ်။
မြို့အခြေစိုက် သတင်းဌာန တခုက သတင်းထောက် ၂ ယောက်နဲ့ ကျနော်က ထွက်လို့ ရမလား ဆိုတာကို အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တဲ့အချိန်မျာ အပြင်မှာ စစ်သားတွေ ရဲတွေ ဝိုင်းနေပြီ။ ကျနော်တို့ ထွက်လိုက်ရင် ဆန္ဒပြ လူငယ်တွေ ဒီထဲ ရှိတာ သိသွား ပြီး ဝင်ပြီး အကြမ်းဖက် ဖမ်းစီးနိုင်တာကြောင့် မထွက်တော့ဘဲဆန္ဒပြလူငယ်တွေရဲ့ ဦးဆောင်ရာနောက်ကိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ကျနော်တို့ ရှိနေတဲ့ အိမ်ရဲ့ ခြံနဲ့ ကပ်လျက်က ဘုရားကျောင်းဝင်း။ ကြားထဲမှာ မြောင်းလေးပဲ ခြားတယ်။ အဲဒီ မြောင်းလေးကို ကျော်ပြီး ဘုရား ကျောင်းဘက် ကူးသွားလိုက်ကြတယ်။ ဘုရားကျောင်းခြံဝန်းထဲ ရောက်သွားတော့ မူကြိုကျောင်းဆောင်လေး တွေ့တယ်။ အခန်း သုံး၊လေးခန်း ရှိတယ်။ ကျနော်တို့နဲ့ လူငယ် ဆယ်ယောက်လောက်က ထွက်လို့ရမယ့် ထွက်ပေါက်ကို ရှာကြတယ်။ ဘုရားကျောင်းဝန်းထဲမှာ နေတဲ့ မိသားစုတစု ရဲ့ အိမ်ကို ဝင်သွားပြီး ဘယ်ကနေ ထွက်လို့ ရမလဲဆိုတာ သွားမေးကြတယ်။
အဲ့ဒီ အိမ်ရှင်က ခြံတံခါးတခု လိုက်ပြပြီး "ဒီတံခါးပေါက်ကနေ အေးအေးဆေးဆေး တယောက်ချင်း ထွက်သွားလို့ရတယ်။ ပြုံတော့ မထွက်ကြနဲ့ပေါ့" လို့ ပြောပြတယ်။
ကျနော်တို့ထဲက လူငယ်တယောက်ကတော့ လူစုခွဲပြီး ဘုရားကျောင်းဝင်းထဲမှာ ရှိတဲ့အိမ်တွေထဲ ခွဲနေ ကြမယ်လို့ ပြောတယ်။ ကျနော်တို့ သတင်းထောက် ၃ ယောက်အပါအဝင် လူငယ် သုံး၊ လေး၊ ယောက်လည်း အိမ်တအိမ်မှာ ဝင်နေလိုက်ကြတယ်။
အိမ်ရှင်တွေက ရေတိုက်တယ်။ TV မှာ သီချင်းဖွင့်ထားတယ်။ ချဉ်ဇော်ကားသီး ဖျော်ရည်လည်း ဖျော်တိုက်တယ်။ အေးအေးဆေးဆေး စိတ် ငြိမ်ငြိမ်လေးထားဖို့ပြောတယ်။ အခြေအနေ စောင့်ကြည့်ပြီး အဆင်ပြေမှဆိုမှ ထွက်ဖို့ ပြောတယ်။
ကျနော်ကတော့ "Press" လို့ စာသားပါတဲ့ ကျနော့်ရဲ့ ဝစ္စကုတ်ကို ချွတ်လိုက်ပြီး အိပ်ခန်းထဲက အိပ်ရာကုတင်အောက်မှာ လုံးပြီး ဝှက်ထားလိုက်တယ်။ ဆိုင်ကယ် ဦးထုပ်ကိုတော့ ကျနော် ကိုင်ထားလိုက်တယ်။ ကျနော်တို့ ထိုင်နေတုန်းမှာပဲ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်။ "ဘုရားကျောင်း အပေါ်ဘက်မှာ ဝင်ဖမ်းနေပြီ။ ပစ်နေပြီ။ အောက်ဘက် မူကြိုကျောင်း ဘက်လည်း ဆင်းလာနေကြပြီ ပြောနေတယ်" လို့ လူငယ် တယောက်က ပြောပါတယ်။
ကျနော်တို့က အိမ် အနောက်ဘက်က ခြံဝန်း တံခါးပေါက် အသေး ကနေထွက်ကြဖို့ အသင့် ပြင်ဆင်ကြတယ်။ မိနစ် အနည်းငယ် အကြာမှာတော့ ရဲတွေရော စစ်သားတွေရော ဘုရားကျောင်းထဲက မူကြို ကျောင်းနားလေးမှာ ရောက်လာ နေကြပြီ။ သေနတ်တွေလည်း ပစ်ခတ် နေကြတယ်။ လူငယ်တွေ ခေါ်လာတဲ့ သူတို့ရဲ့ ဒလံ ကိုလည်း ကယ်ထုတ်သွားသလို အဲနားက လူငယ် တချို့လည်း ဖမ်းခံရပြီလို့ လူငယ် တယောက်၊ နှစ်ယောက်က ပြောပြနေကြတယ်။
အဲဒီ ဒလံကို စောင့်ကြည့်နေတဲ့ မိန်းကလေး တယောက်က ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်လိုက်လို့ နေရာသိသွားပြီး ဒလံကို လာကယ်ထုတ်တာ။ အဲဒါကြောင့် ဆန္ဒပြ လူငယ်တွေလည်း ဖမ်းခံရတယ်လို့ ပြောနေကြတယ်။
ခဏနေတော့ စစ်သားတွေက သေနတ် အရှည်နဲ့ ကျနော်တို့ဘက် ပြောင်း လှည့်ပြီး ပစ်လာတယ်။ ကျနော်တို့ အဲဒီ အိမ်မှာ ဆက်နေလို့ မရတော့ဘူး။ တယောက်ပြီး တယောက် အနောက် တံခါး ကနေ ထွက်ကြတယ်။ ရဲနဲ့ စစ်သားတွေလည်း ထပ်ကြပ် လိုက်လာ နေတယ်။ လူအကုန် ထွက်ပြီးတော့ တံခါးကို ပြန်ပိတ်ပြီး တောင်ခြေ လမ်းအတိုင်း သွားလိုက်ကြတယ်။
နောက်ကနေ စစ်သား နဲ့ ရဲတွေက သေနတ်နဲ့ လိုက်ပစ်တယ်။ ကျနော့် ခြေဖနောင့် နား ကျည်တွေ ကျလာတယ်။ မရတော့ဘူး ဆိုပြီး ပြေးကြတယ်။ လမ်းက လူသိပ် မသွားတဲ့ လမ်းဆိုတော့ အပင်အသေးတွေ ရော ရှုပ်နေတယ်။ ခွေးတွေက လည်းဟောင်။ နောက်ကလည်း စစ်သားနဲ့ ရဲတွေ ပြေးလိုက်နေတုန်းပဲ။ သူတို့ မီ လာတော့မယ်။ အဲဒါနဲ့ အိမ်တွေကို တွေ့တော့ လူခွဲ ပြီး လမ်းအောက်က အိမ်တွေမှာ ဝင်လိုက်ကြတယ်။
ကျနော်တို့ ဝင်သွားတဲ့ အိမ်က ထမင်းစားနေကြတယ်။ ကျနော်တို့ ၄ ယောက်ပေါ့။ အိမ်ရှင်က "အပေါ် အင်္ကျီတွေ ချွတ်လိုက်။ ဆိုင်ကယ် ဦးထုပ်တွေရော အကုန် ဆာလာအိတ်ထဲမှာထည့်။ ခြေလက် မြန်မြန် ဆေးပြီး ထမင်း စားနေကြ" လို့ အိမ်ရှင် အမျိုးသား တယောက်က ပြောတယ်။
အိမ်ရှင် အမျိုးသားက အိမ်ဝင်း တံခါး သွားပိတ်လိုက်ရင်း အခြေအနေ သွားကြည့်တယ်။ ကျနော်တို့ ဝင်ထိုင်ပြီး ထမင်း ဝင်စားနေနကြတယ်။ ကျနော်တို့ ထမင်းစားနေတုန်း နောက်က လိုက်လာတဲ့ ရဲနဲ့ စစ်သားတွေ ကျနော်တို့ရှိနေတဲ့ အိမ်ကိုကျော်ပြီး ဘေးနား အိမ်တွေထဲ လိုက်စစ်နေတယ်။
ကျနော်တို့က ထမင်းစားပြီး ဧည့်ခန်းထဲ သွားထိုင်နေကြတယ်။ တနာရီလောက်ကြာ မယ်ထင်တယ်။ အိမ်ရှင်ကလည်း သပိတ်တွေကို ဦးဆောင် စီစဉ်ရကြောင်း ပြောပြတယ်။ "တော်သေးတာပေါ့။ ဒလံ အိမ်သာ ဝင်သွားမိရင် မလွယ်ဘူး" လို့ ကျနော်တို့ အချင်းချင်း တီးတိုး ပြောမိကြတယ်။
မိနစ် အတော်ကြာသွားတော့ အိမ်ရှင်က အိမ်ပြင်ထွက်ပြီး အခြေအနေ သွားကြည့်ပေးတယ်။ "ရှင်းသွားပြီ။ ထွက်လာလို့ရပြီ။ ဘယ်သူမှ မရှိတော့ဘူး" လို့ ပြန်လာ ပြောပြတာနဲ့ ကျနော်တို့ မြို့ထဲ ပြန်သွားဖို့ တိုင်ပင်ကြတယ်။
ကျနော်တို့မှာ ဆိုင်ကယ်လည်း မပါလာတော့ဘူး။ ကျနော်တို့ ထွက်လာမယ့် လမ်းထိပ်မှာလည်း စစ်သားနဲ့ ရဲတွေစောင့်နေကြတယ်။ ဖုန်းတွေ၊ ကင်မရာတွေ ထဲမှာလည်း ပုံတွေ အများကြီး ရိုက်ထားတယ်။ နောက်ဆုံးတော့ သတင်းဌာန အကြီးက အကြီးတန်း သတင်းထောက် အစ်ကို တယောက်ကို လာခေါ်ဖို့ ဖုန်းဆက်လိုက်ကြတယ်။ ဆိုင်ကယ် နှစ်စီးနဲ့ပေါ့။
ကျနော်တို့ အိမ်ခြံဝင်း အပြင်ထွက်ပြီး စောင့်နေကြတယ်။ ဆိုင်ကယ် ရောက်လာတော့ ကျနော်တို့ သတင်းထောက် ၃ ယောက်ပဲ လာခေါ်တဲ့ ဆိုင်ကယ်နဲ့ လိုက်ဖို့ လုပ်ကြတယ်။ အဲမှာ ခုဏ ဒလံ ကို စစ်ဆေးခဲ့တဲ့ လူငယ် သုံးယောက်လောက်ကလည်း ပုန်းနေရာကနေ မြို့ထဲ သွားဖို့ ဖြတ်လာတော့ ကျနော်တို့ကို မြင်တော့ ဆိုင်ကယ် ရပ်ပြီး "ဒီ ဒလံ ဆီက သိမ်းထားတဲ့ စကားပြောစက် အစ်ကိုတို့ ယူသွားမလား။ ကျနော်တို့ ယူသွားရင် မဖြစ်ဘူး။" လို့ ပြောတယ်။
ကျနော်တို့ကလည်း ယူသွားဖို့ အဆင်မပြေဘူးလေ။ အဲဒီတော့ အဲဒီ စကားပြောစက်ကို ဖြုတ်ပြီး ပစ်ခဲ့လိုက်လို့ ပြောပြီး ကျနော်တို့က ဆိုင်ကယ်နဲ့ မြို့ထဲ ထွက်လာကြတယ်။ ကိုယ့်ဆိုင်ကယ် တွေတော့ ပြန်ယူ လို့ မရသေး။ အဲဒါနဲ့ ပန်းခြံက လဖက်ရည်ဆိုင်မှာ သွားထိုင်လိုက်ကြတယ်။
တအောင့်နေတော့ ဘုရားကျောင်းထဲသွားပြီး ဆန္ဒပြ လူငယ်တွေ မဟုတ်ပဲ ရုံးဝန်ထမ်းတွေကို ပစ်ခတ် ဖမ်းဆီး သွားတဲ့ မျက်မြင်တွေကို အင်တာဗျူး သွားမေးကြဖို့ သွားလိုက်ကြတယ်။
အင်တာဗျူးတွေမေး၊ ပုံတွေ ရိုက်ယူပြီး ဆိုင်ကယ် ယူ၊ အိမ်ပြန်ကြတယ်။ ကျောင်းဝန်းက အိမ်မှာ ကျနော့် သတင်းထောက် ဝတ်စကုတ် မေ့ကျန်ခဲ့တယ်။ သွားမယူရဲပါ။ အိမ် ရှင်တွေကို ကျနော့် သတင်းထောက် ဝတ်စကုတ်ကြောင့် စစ်ဆေးနေမှာလည်း စိတ်ပူမိတယ်။ ဒါပေမယ့် ကိုယ့် အိမ် ကိုယ် ပြန်သွားကြပြီး အင်တာဗျူ မေးလာတဲ့ သတင်းတွေတင်ကြတယ်။ ကျနော့် သတင်းထောက် ဝတ်စကုတ်ကိုတော့ နောက် သုံး၊ လေးရက် ကြာမှ သွားယူဖြစ်ပါတယ်။ အိမ်ရှင်က ဘာမှာ လာရောက် မေးမြန်း စစ်ဆေးတာ မရှိခဲ့ဘူး လို့ ပြောပြပါတယ်။ အဲလို ကြားရမှပဲ သက်ပြင်းချနိုင်တော့တယ်။ စိတ်အေးအေး နဲ့ အိမ်ပြန်နိုင်ခဲ့တာပေါ့။
သရုပ်ဖော်ပုံများထုတ်လုပ်ရန် The Kite Tales ထံမှ ပံ့ပိုးကူညီမှုရရှိနေသော Songbird ၏ အနုပညာလက်ရာဖြစ်သည်။





